• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Wednesday 23 April 2008

မပြောဖြစ်တဲ့ စကားတစ်ချို့


ကျွန်တော့်စိတ်ထဲ ဖြစ်နေတာတွေကို
သူမမျက်စိနဲ့ကြည့်လို့မရတော့တဲ့အခါ
ကျွန်တော် တိတ်တိတ်လေး နေပေးလိုက်ပါတယ်

ဟိုးမိုင်ပေါင်းများစွာက ကျွန်တော် မရောက်ဘူးတဲ့ တောတန်းတွေထဲ
ကျွန်တော့်အရိပ်တွေ ထွက်ပြေးသွားကြပြီ
ကျွန်တော့် အသက်ရှူသံတွေကို သူတို့မကြားနိုင်ခဲ့တာပါ

ကျွန်တော်ထူထောင်ထားတဲ့ လူနေမှု့က
ကျွန်တော့် အနာဂတ်နဲ့သဟဇာတ မဖြစ်နိုင်တော့
ခန္စာကိုယ် တစ်ခုလုံး အထီးကျန်ဆန်ခဲ့တယ်

စိတ်ကူးတွေတောင် ထိုးထိုးထောင်ထောင် ရှင်သန်ခွင့်မရတဲ့အခါ
ကျွန်တော် စိတ်တွေ ဒလိမ့်ခေါက်ကွေး ဖြစ်ကုန်တော့တာပဲ
သိုသိုသိပ်သိပ် ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော့် သံယောဇဉ်ဟာ
ပူလောင်မှု့ တစ်ခုအဖြစ် အလွဲသုံးစား အမည်တစ်ခု ရတယ်

ရက်စွဲတွေ တစ်ထပ်လောက် ကျွန်တော်တို့ အတူတူလျှောက်ခဲ့တဲ့လမ်းဟာ
ဒီတစ်ရက်တော့ မုန်တိုင်းတစ်ခုနဲ့ အချင်းများရာကာစလို့
ကျွန်တော့် အိမ်ရာလေး နောက်ဆုံး မီးညွန့်တွေ ကူးစက်ကုန်တော့တာပဲ

တစ်ကြိမ်တစ်ခါသာ သေခွင့်ရတဲ့ အဖြစ်မျိုးမှာ
သူမရဲ့ သတ်ဖြတ်မှု့က ယဉ်ပါးတယ်
တစ်ချက်လောက်သာ ပွတ်သပ်လိုက်ရုံနဲ့
တစ်ခါတည်း သေဆုံးခွင့်ရတယ်

ကျွန်တော်ကိုယ်တိုင် နောက်ဆုံးစည်းတားခံရတဲ့အချိန်
သူမရဲ့ ၀ိညာဉ် အစစ်ကိုပဲ အလိုရှိကြောင်း
နတ်ဆိုးများထံ တိုင်တည် အသိပေးအပ်ပါသည်။ ။

မှတ်တမ်းမရှိသော အရေးအကြောင်းများ


စာအုပ်တစ်အုပ် ကောက်ရတာက စလို့
ဘ၀ဆိုတာ ကိုယ့်အမြင်နဲ့ကိုယ်
ကိုယ့်အထင်နဲ့ကိုယ် ရူးနှမ်းလိုက်ရာက စတယ် ။

ကံကြမ္မာက မိုးတွေစွေနေတုံးပဲ
မျက်နှာမမော့ရဲအောင်ကို သဲသဲမဲမဲ ရွာချတယ်
ပြည့်ကြပ်နေတဲ့ အချိန်ဇယားထဲမှာ
သင်ရိုးညွန်းတမ်းက အစီအစဉ် ကျတစ်ချက်မကျ တစ်ချက်
တစ်ခါတစ်လေ အချိန်ဆိုတာကို
ပိုက်ဆံပေးပြီး ဖြုန်းတီးမိရာကစလို့
ပြတ်ရွှေ့ကြောင်းတွေနဲ့ လက်ပွန်းတတီး နေမိတယ်
မြေစမ်းတဲ့ ခရမ်းက အပင်ပေါက်အသီးသီးတော့
အိမ်ဆိုတာကို ခင်တွယ်ရကောင်းမှန်းမသိခဲ့ဘူး ။

လေလွင့်ခြင်းလမ်းမတွေများခဲ့လေတော့
လက်နှစ်ဖက်ဝှေ့ယမ်းနှုတ်ဆက်ရုံကလွဲလို့
ဘာများတတ်နိုင်ဦးမှာလဲ

နေ့ချင်းညချင်းဆိုတာကို တကယ်သိလိုက်တော့
ကိုယ့်ဆံပင်တောင် ကိုယ်မပိုင်တော့ဘူး
ဘယ်လို ရည်ရွှယ်ချက်မျိုးပဲရှိရှိ
လက်ရှိအချိန်က စလိုက်တာဟာ တစ်ဝက်ပြီးမြောက်တာပဲပေါ့
ဒီလိုနဲ့ပဲ လယ်ယာအသစ်မှာ ပျိုးကြဲလိုက်တယ် ။

တာဝေးပြေးသမားတစ်ယောက်လို
မှန်မှန်နဲ့ မြန်မြန်ပြေးနေဖို့ပဲတဲ့
မေတ္တာတရားသံယောဇဉ် ချည်ကြိုးဟာ
မတန်တဆ ဈေးဆစ်ခံရတဲ့ ရောင်းကုန်လို
လိုလိုလားလား ကို အိတ်သွန်ဖာမှောက်
အမေ့ချွေးခံအိတ်ထဲက ထွက်ကျလာတယ်ဆိုတာ
သားအသိနောက်ကျခဲ့မိတယ်အမေ
ခေတ်ဟောင်းတေးတွေလဲ ကျွန်တော်ပြန်မဆိုဖြစ်တော့ပါဘူး
ဖက်တွယ်စရာ မြက်တစ်ပင်တောင် ဆုပ်ကိုင်မရတဲ့အချိန်
ပစ်ပေါက်ကျဲလိုက်တဲ့ မေမေ့စကားက အနာကျက်ဆေး
ဒီလိုနဲ့ပဲ
ဘယ်နှစ်ကြိမ်မှန်းမသိတော့တဲ့ အိပ်မက်ထဲကနေ
ကျွန်တော်ကို လှုပ်နှိုးလိုက်ကြတယ် ။ ။



Sunday 13 April 2008

ပေးချင်တဲ့နာမည်ပေး ငါခွေးမဖြစ်ရင်ပြီးရော

ပေးချင်တဲ့နာမည်ပေး ငါခွေးမဖြစ်ရင်ပြီးရော

အစလေးလုံး
အလယ်သုံး
အဆုံးငါးခုနစ်
ဘယ်သူချစ်ချစ် မချစ်ချစ်
အားလုံးကို ငါချစ်တယ်
လေးသုံးနှစ်တစ်
လေးနှစ်လေးနှစ်
ဘယ်လိုဖြစ်ဖြစ် ငါချစ်တယ်
မကျည်းရွက်စိပ်ပဲဖြစ်ဖြစ်
သပ်စေ့နှက် သုံးချက်ညီပဲဖြစ်ဖြစ်
ဘီလူးရယ်သံပဲဖြစ်ဖြစ်
ချစ်တယ်ဆို ချစ်တယ်ပဲကွာ
ငါ့ရင်ခုန်သံကိုပဲ
ချစ်ချစ်ချစ်ချစ်....
ပိုဒ်စုံရတုတစ်ပုဒ် ရေးချလိုက်တယ်
သူငယ်ချင်းတွေဆီကရတဲ့ သြဘာသံ
"တော်ပါတော့" တဲ့
ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့
ဒီအသံကို ငါစောင့်နေတာ...။

ဒီညအလွမ်းတွေကို
အကြိမ်ကြိမ်ခါချတယ်
တစ်သုံးခုနှစ်သုည
နှစ်တွေသာ အခါခါထပ်သွားတယ်
ငါတို့ မနက်ဖြန်တွေ
ဘယ်တော့တွေ့လေမလဲ
အထပ်ထပ်အကြိမ်ကြိမ်
ငါတွေးတယ်
ကြိတ်မျိုချလိုက်မိလိုက်တဲ့
`အားလုံးကိုအတည်´ ပြောကြ
ဆိုတဲ့စကားသံတွေ
နားပိတ်ထားလိုက်မိတယ်
ငါ့အတွေးတွေကိုချစ်တယ်
ငါ့အမြင်တွေယုံကြည်တယ်
တစ်နေ့ ငါတို့
အနာဂတ်တွေ နဂါးငွေ့တန်းရဲ့
တစ်ဖက်မှာ လင်းလက်ရမှာပေါ့....
ဒွိဟအတွေးတွေ
ခပ်မြင့်မြင့် အထပ်ပေါ်က ပစ်ချ
အိပ်ပျက်တဲ့ညတွေကို
စွန့်ပစ်မယ် သူငယ်ချင်း .....။

မနက်ဖြန် ဘာဖြစ်မယ်
ငါမသိ
ဒီနေ့ အကောင်းဆုံးကို
ငါထိတွေ့ပြီး ငါခံစားတယ်
ဒီနေ့ ဘာနေ့လည်း?
ငါမသိဘူး ...
ငါမခံစားတတ်ခဲ့ဘူး...
ဒါပေမဲ့
လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင်ပေါ့
ငါ.....
စိတ်တွေကို
လေပေါ်တင်လွှတ်လိုက်တယ်....။

ခွေးမဖြစ်၇င် ပြီးရောတဲ့
သိပ်အဆင်ပြေတာပေါ့
ဖြစ်ချင်လည်း ဖြစ်ပေါ့ကွယ်
မြတ်နိုးစရာဆိုလို့ ဒါလေးတွေပဲရှိတာ
ဟော .... ပါးစပ်ဖျားက ထွက်ကြလာတာ မဟုတ်ဘူး
ရင်ဘတ်ထဲက ပစ်စလက်ခတ်ကြလာတာ
သိပ်များများမကြည့်ပါနဲ့
ခြေဖျားလေးလောက်ပဲ မြင်အောင်ကြည့်ပေါ့
လက်တွေကို ဆုပ်ချည်ဖြန့်ချည်နဲ့
ဖြေချလိုက်တော့ ပါးပါးလေးတဲ့
တကယ်ကို ပါးပါးလေးပဲ
လှပ်ကြည့်လိုက်မယ်
မျက်တောင်မခတ်ကြေး
........................
ဘာတွေလဲ မမေးနဲ့
ခင်ဗျား အသည်းကွဲသွားမယ် ....။

လောကရဲ့ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရား
တွေ့ခဲ့သူအတွက်
အံ့သြမိလို့ချပြမိတယ်
ငါ့စေတနာကို ငါ့သူငယ်ချင်းတွေ
မြင်နိုင်လောက်ရဲ့။
လောကရဲ့လွတ်လပ်မှုတရား
ဒီညမှာ အားရပါးရတွေ့ခဲ့ရတယ်
ဆုံနေကျအထီးကျန်မှုတွေ
ဒီညမှာတော့ သူငယ်ချင်းတစ်စုကြောင့်
အဝေးဆုံးမှာ လွင့်ပါးလို့
စိတ်ရဲ့ အကြွင်းမဲ့ဟာ
နှစ်သစ်သင်္ကြန်မှာပဲ လွင့်မျောထားစေတယ်...။

ဒီနှစ်သစ်မှာလည်း အထီးကျန်နေဆဲပါပဲ
အရာရာဟာ အသစ်အသစ်တွေနဲ့ နေ့သစ်တွေစနေပါစေ
လွမ်းမောမှု့တွေ အထီးကျန်မှု့တွေ အားလုံးထားခဲ့မယ်
မနက်ဖြန်မှာ နှစ်သစ်ရဲ့ နေ့သစ်တွေ ရှိနေမယ်
အားလုံးဟာ သင်္က္ခရ သဘောပဲပေါ့
ခင်ဗျားဟာ မနေ့ကထက် ဒီနေ့အတွက်တော့လူသစ်ပဲလေ
ခင်ဗျားပြောလိုက်ပါ ဒါဟာ ကျွန်တော်တို့အတွက် ဖြေသိမ့်မှု့တစ်ခုမဟုတ်ခဲ့ဖူးလား ။

မနက်ဖြန်ရဲ့အတွက် ကျွန်တော် အိပ်မက် မက်ဦးမယ်
ကျွန်တော့်တို့ ကောင်းကင်မှာ ကြယ်တွေ လင်းလက်နေမယ်
ခင်ဗျာအတွက်ဆိုတာထက် ကမ္ဘာမြေအတွက် ကြယ်တွေ လင်းလက်နေတယ်
တစ်ကိုယ်ကောင်းစိတ်လေးတော့ လျှော့
မနက်ဖြန်ဟာ ၁၃၇၀ နေ့သစ်တွေပဲပေါ့
မပျော်ခဲ့ဖူးတဲ့နေ့ဟာ တစ္တေအချောက်ဆုံးနေ့ဆိုရင်
ကျွန်တော် ခင်ဗျားကို နွေလည် နေ့တွေ လက်ဆောင်ပေးမယ်
နှစ်သစ်ဟာ အသစ် အသစ်တွေနဲ့ ဖူးပွင့်လို့ကောင်းနေတုံး ။ ။

ညိမ်းညို၊ တင့်ထူးရွှေ၊ မျှားပြာ၊ မင်းကျန်စစ်၊လွမ်းလုင်၊ လွမ်းစေ

Sunday 6 April 2008

ပြတင်းတံခါးရဲ့စကား

ပြတင်းတံခါးရဲ့စကား

ကျိန်စာတွေသင့်ခဲ့ဖူးပါသလား
အမုန်းခံရတာတင်
ဒုက္ခမဟုတ်ပါဘူး
အချစ်ခံရခြင်းကလဲ
ဒုက္ခတစ်ခုပါပဲတဲ့
မျှော်လင့်ချက်နဲ့အသက်သွင်းခဲ့ရတဲ့
ဖတ်လက်စကဗျာတစ်ပုဒ်ပါ
ရိုးရှင်းတဲ့
ရှုပ်ထွေးမှု့တိတ်ဆိတ်တဲ့ ပေါက်ကွဲမှု့
စနစ်တကျရှိတဲ့
ဖရိုဖရဲနိုင်မှု့တွေ


နေ၀င်ချိန်တိုင်းကို
အားကိုးတကြီးနဲ့ စောင့်မျှော်နေရသလို
အဓိပ္မာယ်မဲ့
ရှင်သန်နေရတဲ့ နေ့ရက်တွေရှည်လွန်းပါတယ်
သံသယတွေနဲ့
ချည်နှောင်ခံထားရတာကတော့အမွန်းကျပ်ဆုံးပဲ
ပစ်ပယ်ခံထားရတဲ့ဘ၀မှာ
တစ်ရက်လောက်ပဲ ခံစားကြည့်
မင်းဘ၀ပီပြင်လာလိမ့်မယ်

ကိုယ်ချင်းစာတတ်မယ်ဆိုရင်ပေါ့

မမျှော်လင့်ပါဘူးဆိုတာကိုက မျှော်လင့်ချက်ပါ
ဘယ်ပုံသေနည်းနဲ့မှ
အဇြေထုတ်လို့မရအောင်ခက်ခဲပါတယ်
ကျွှန်တော်မှားလား

ကျွှန်တော်မှာ
အဇြေမရှိတဲ့မေးခွန်းတွေနဲ့ပဲ
သူစိတ်ဆင်းရဲနေသေးသရွေ့တော့

ကိုယ်ချင်းစာတရားတွေကို
ကျွန်တော် ပုန်းပေါလအော သုံးစွဲနေရဦးမှာပါ ။

နေမင်းကြီးလဲ ထွက်လာပါ ပြန်ဝင်သွားပါ ကျွန်တော်ကို ထားခဲ့ပါ
ငှက်ကလေးတွေလဲ
လေထဲမှာ ၀ဲပျံရင်းသီချင်းဆိုကြပါ ကျွန်တော်ကိုထားခဲ့ပါ
သဘာဝတရားနဲ့
အရာအားလုံးလဲ ပုံမှန်အတိုင်းပဲလည်ပတ်နေကြပါ ကျွန်တော်ကိုထားခဲ့ကြပါ
ကျွန်တော်မှာနေ၀င်ညမရှိသလို
နေထွက်တဲ့မနက်လည်းမရှိတော့ပါ
ကျွန်တော်ကိုထားခဲ့ပါ


Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe