• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Friday 23 May 2008

ပွဲပြီးမီးသေ

ကျွန်တော့်အကြောင်းဆိုရင်တော့
ပြီးစလွယ်ပဲမေ့ပစ်လိုက်ပါ
ကြုံကြိုက်လို့ ကိုယ်ချင်းစာမိရာက
အမြဲသတိရနေမှာလား
သင်္ခါရ ရထားထွက်တော့မှာမို့
ကျွန်တော့်တစ်နေရာစာ ဘယ်သူလိုက်သွားမလဲ ???
ရှေ့ဘူတာမှာ သံသရာလမ်းခွဲခရီးသည်တွေ ။


ကြော်ငြာအားကောင်းတဲ့ နာရီတွေမှာ
အချိန်အပိုတွေ အခမဲ့ပေးထားတယ်တဲ့
လိပ်အခွံနဲ့လုပ်ထားတဲ့ ကျွန်တော့်ကျော
တစ်ဘ၀စာ အာမခံတယ် ဘယ်ဓါးမှ မတိုးဘူး
လိုချင်တယ်ဆိုရင်တော့ စွန့်စားရှာဖွေပါ
လိပ်စာကပ်မထားဘူး
လက်ကမ်းစာတွေ မဝေဘူး ။


အမှိုက်ပုံထဲမှာလဲ ရှိတတ်တယ်
ချောဆီသုတ်ထားတဲ့ တိုင်ထိပ်မှာလဲ ရှိတတ်တယ်
ဆိုက္ကားဆရာတစ်ယောက်ရဲ့ ခြေသလုံးဟာမိသားစုတစ်ခုလုံး
စားဝတ်နေရေးတွေ ကြွက်တက် နေတယ် ။

ထမင်းရည်ပူစီး နင်းမိလိုက်တဲ့ ထုပ်စီးတိုးသူလို
ဘ၀ကိုအစကပြန်ကစားရကြေးဆိုရင်
ရေသေမှာပဲ အစုန်မျှောလိုက်ချင်တယ်
မီးထတောက်တဲ့ ရေ ဆိုသေချာပေါက်အစစ်
ပစ်စလက်ခတ် ထားတတ်တဲ့ ကျွန်တော့်အတွေးက
ပုပ်အဲ့အဲ့ အနံ့အသက်ရပြီဆိုရင်
ကျွန်တော့်စာကြောင်းအားလုံး မှင်နီခြစ်ခဲ့လိုက်ပါ ။ ။

ဘိုးတံပျောက်နေတဲ့ ငါ့တယောလေး

လက်ဖက်ခြောက်ခပ် နှပ်ထားတဲ့
ခပ်ကျကျ လက်ဖက်ရည်တစ်ခွက်လို
ညတွေကိုမော့သောက်
အလွမ်းတွေ ပျို့အန်လာပုံများ
လူမသိ သူမသိ

ကဗျာတောင်းကြီးထဲ
တစ်စစီကောက်ထည့် …
အစိပ်စိပ်အမွာမွာကွဲ ဖရဲသီး
ရင်ကြားစေ့လိမ္မော်သီး ။
အလောင်းဖျောက်ဖျက်ခံလိုက်ရတဲ့
ဝိညာဉ်တစ်ခုရဲ့ ကွယ်ရာမဲ့တေးလို
စိတ်တစ်ခုရဲ့ ကြိမ်နှုန်းဟာ အတိတ်ကို တဖျပ်ဖျပ်ထခတ်
ဝမ်းနည်းမှုတွေနဲ့ ငါ့တစ်မြို့လုံး အလံတစ်ဝက်တင်လို့
ဘိုးတံပျောက်နေတဲ့ ငါ့တယောလေး
ကိုးကွယ်မှုမှာ ဘာသာမဲ့ခဲ့တယ် ။

တစ်လှေလုံးမှောက်

တစ်နေရာစာ ခြေချခွင့်ရတဲ့ လူ့အဖြစ်အပေါ်
ချောင်ထိုးခံထားရတဲ့ သစ္စာတရားတွေက
ဖုန်အလိမ့်လိမ့်တက်လို့
တစ်နေ့တစ်နေ့ လျှော့ချခံနေရတဲ့
လူ့သက်တမ်းတစ်လျှောက်
စိတ်ချမ်းသာမှုဘယ်လောက်များများ
အဖတ်ဆယ်မိပါသလဲ
စိတ်အူလည်တိုင်က
ထွက်လာတဲ့ ဒေါသငွေ့တွေကြောင့်
ပတ်ဝန်းကျင်အပေါ် ဘယ်လောက်များ
ဘေးထွက်ဆိုးကြိုး များခဲ့ပါသလဲ
ဘယ်လိုချိန်ချိန် အလေးပြည့်တဲ့
သမာဓိအပေါ်
ဘယ်လိုများ အလေးခိုးချိန်ခဲ့ပါသလဲ
ဖဲ့ကြွေးလိုက်ရတဲ့
ကိုယ်ချင်းစာတစ်ဖဲ့ကြောင့်
လူဘယ်နှစ်ယောက်များ ၀မ်းဝခဲ့ပါသလဲ
အမြဲတမ်း လင်းနေတတ်တဲ့
စာနာသနားမှုတွေ
ဘယ်အချိန်မှာ ကျွမ်းသွားခဲ့ပါသလဲ
ချုပ်ရိုးဖြေပြီးခါစ
ကျွန်တော့်အတွေးတွေလဲ
ဘယ်တော့များ အနာကျက်လိမ့်မလဲ
ဒီလိုထွေးထုတ်လိုက်မိတယ်ဆိုတာကလဲ
ကျွန်တော်ငုံထားမိတဲ့ ရေတစ်မှုတ်မို့ပါပဲ ။ ။

နောက်တစ်ခါဆို...

နောက်တစ်ခါ မမူးတော့ပါဘူး
သမီးလေးမျက်နှာ ပြေးမြင်တယ်
သူလဲပဲ အရွယ်ရောက်နေပြီ
ရှက်ရှာမှာပေါ့

နောက်တစ်ခါ မသောက်တော့ပါဘူး
ငါ့အတွက် အရက်တစ်လုံးဖိုးက
ညစာဟင်း တစ်ခွက်ဆိုလဲ
ငါတို့ထမင်းဝိုင်းလေး စိုပြေမှာပဲ

နောက်တစ်ခါ မရမ်းတော့ပါဘူး
မျက်နှာမထားတတ်တဲ့
အိမ်သူခမျာ ပူပန်သောက
မျက်ရည်ကျရတော့ စိတ်မကောင်းဘူး

နောက်တစ်ခါ အဖော်မရှာတော့ပါဘူး
အတင်းတိုက်တိုင်း သောက်တတ်တဲ့
အားနာမှု့က ငါ့လစ်မစ်ထက် ပိုမူးစေတယ်

နောက်တစ်ခါ မသောက်တော့ပါဘူး
မူးလာရင် သွေးဆိုးတတ်တဲ့ အကျင့်ကို
ဂုဏ်သိက္ခာတစ်ထပ်နဲ့ အလဲအလှယ် လုပ်ခဲ့ပြီးတဲ့နောက် ။ ။

အငှားလူတစ်ယောက် ခင်ဗျား ကျွန်တော်

ကျွန်တော်ခြစ်လိုက်တဲ့ မီးစက
ခင်ဗျားအတွက် မီးညှိဖို့ဖြစ်လာတယ်
ဟုတ်ကဲ့ ကူးစက်တတ်တဲ့ ရောဂါ ..
ကျွန်တော့်အတွက် မေးခွန်း ခင်ဗျားဖြေပေးနိုင်မလား
ခင်ဗျားသဘောတူမယ်ဆိုရင်
ကျွန်တော် မီးခြစ်တိုင်းခင်ဗျား မီးလာတို့နိုင်တယ်
ဟောဒီ လေထုထဲမှာ အမှိုက်သရိုက်များစွာ
လွင့်ဝဲနေတယ်ဆိုရင်
တစ်ခုသော အမှိုက်ဟာကျွန်တော်ပါ
အားလုံးသော အမှိုက်သရိုက်များဟာ
ကျွန်တော်နဲ့သက်ဆိုင်ပါသလား
သုံးမရတဲ့အမှိုက်အားလုံး
ကျွန်တော့် ဦးခေါင်းထဲ လာပုံပါ
ကျွန်တော် အမှိုက်ပုံး
အခဲဖွဲ့စည်းခြင်း အရည်ပျော်ခြင်း အငွေ့ပျံလွယ်ခြင်း
ဘာမှ ခြားထားလို့မရတဲ့ ဆက်စပ်မှု
အပူချိန်တွေနဲ့ဖိအား ...
ဘ၀ဆိုတာလဲ ရေချိုးခန်းထဲမှာပဲ
အပူအအေးမျှတအောင် စပ်ချိုးမှ ။ ။

Tuesday 13 May 2008

အဝေး စကား

စိတ်ကို ဂျက်ချထားလိုက်တယ်
ဘယ်မလဲ ထွက်ပေါက်
အရောက်နောက်ကျခြင်းဟာ
အသက်အရွယ်နဲ့မဆိုင်ဘူး
တန်ဖိုးရှိတဲ့အရာတွေက
စက္ကူရွှက်တွေ ဖြစ်ဖြစ်နေတော့

ကြာကြာခံဖို့ ထုပ်ပိုးထားရ
အသင့်စားဖို့အတွက်လဲ ထုပ်ပိုးထားရ
အလွယ်တကူ တူးဖော်ခွင့်မရတဲ့အခါ
ဘာနဲ့ပဲထုပ်ထုပ်
ဘယ်တော့မှ ပွင့်မလာသေးဘူး ။

အဲဒီသစ်ပင်ကြီး ဘယ်လောက်အိုအို
သူ့ရင်ဘတ်ပေါ်မှာ
ငါတို့ ထွင်းခဲ့ဖူးတဲ့
အသဲပုံ လေးကတော့
သူ့ဘ၀အတွက်သေရာပါပဲ ။

၂ နာရီခွဲပဲစောစော
၃ နာရီခွဲပဲ နောက်ကျကျ
နင့်နာရီနဲ့ ငါ့နာရီ
တစ်ထပ်တည်းကျတဲ့အချိန်ဟာ
ငါတို့အတွက် ဆုံမှတ်ပေါ့ ။ ။

နက္ခတ်အလွဲများအကြောင်း

အမြဲ ပစ်မှတ်လွဲချော်တတ်တဲ့ကျွန်တော်
တစ်ခါတစ်ခါ ကိုယ့်စိတ်ကို ဖမ်းဆွဲထားရတာကိုက
ကစားပွဲ တစ်ခုလို

သတိရလိုက်တယ်
ဒါဟာ သွေးလေခြောက်ခြားတာ
''ကောင်လေး ကောင်လေး''
ခဏ ခဏ မခေါ်ပါနဲ့
ကျွန်တော်သံသရာတွေကို ဆွဲဆန့်နေလို့
''အိပ်မရရင်လဲ ထထိုင်နေလိုက်''
လမ်းထိပ်ကင်းတဲက သံချောင်းခေါက်သံ
သုံးချက်လား လေးချက်လားအတိအကျမသိ
စိတ်တစ်ခုလုံးမှာလဲ အကြားအလပ်မရှိ ။


လရောင်ကို ချဉ်ခြင်းတပ်လို့မရတဲ့ဘဝမှာ
ညဟာ ညမပီသဘူး
တစ်သောင်းနဲ့ခြောက်ထောင်ပုံ တစ်ပုံ
တစ်စချင်း ရှင်းထုတ်ပစ်တာတောင်
မက်စောက်တယ်
အခုအချိန်ထိကို ဘယ်လိုအရသာနဲ့မှ
ခံတွင်းမတွေ့သေးတာ
ခံတွင်းပျက်တာကြာလှပေါ့ ။


ကြည်လင်သန့်ရှင်းတဲ့ရေအေးအေးလေးတစ်ခွက်လောက်
အဲဒီအရသာကို ကျွန်တော်တက်မက်နေလို့
လူတစ်ယောက်ကို ချည်နှောင်လိုက်ဖို့
ကြိုးမလိုဘူး
စကားလေး တစ်ခွန်း
လှုပ်လေ မြှုပ်လေ
အသက်ကယ်ဆေးဆိုလို့
ပယ်နယ်တီတောင် မကန်လိုက်ရဘူး
ဒီတစ်ခါလဲ ရှုံးတယ် ။ ။

Friday 2 May 2008

ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

(က)
ကျင်စက်နဲ့ တို့ခံလိုက်ရသလို
တစ်ခါတစ်ခါ ၀င်လာတဲ့အသိ
နာကျဉ်လွန်းလို့ပါ
စံပယ်လေးလို နင်ကြွေမှာစိုးလို့
ငါ့မှာ လေတွေကို
တိုးတိုးလေးပဲ တိုက်ခတ်စေခဲ့တာ
နှင်းငွေ့ဖြူဖြူတို့ ပန်ဆင်ထားတဲ့ဆောင်းမှာ
ရင်ငွေ့တို့နဲ့ နွေးနေခဲ့တုံးက
ပြောမ၀တဲ့ စကားတွေ ရင်ထဲမှာ ရှိတယ် ။
(ခ)
ကုန်းရုန်းထတတ်တဲ့ အလွမ်းကတော့
ကျွန်တော် သောင်ပြင်ကို အမြဲလာပုတ်ခတ်တဲ့လှိုင်း
ကျောခိုင်းသွားတော့မယ်လို့
ကြိုသိတဲ့အခါ ကျွန်တော် ဘာအတွက်
ဟော့ဒီ မျက်လုံးတွေကို ခုံမင်နေဦးမှာလဲ
အတောင်စုံပြီဆိုတော့
ဟိုးအဝေးကို ပြန်ထွက်သွားပြန်ပြီ
ကျွန်တော်မှာသာ
ဟော့ဒီ အသိုက်လေးထဲ
သစ္စာတရားတွေ အပြည့်နဲ့ နေရစ်ခဲ့ပါတယ် ။
(ဂ)
ခေါင်းလောင်းသံ တိုးတိတ်ညင်သာစွာ
တီးခတ်လိုက်တဲ့ စာသင်ခန်းမှာ
သူ့ဆည်းလည်းသံက ကျွန်တော့် စာအံသံထက်
အဆပေါင်းများစွာ ဖုံးလွမ်းတတ်တဲ့ သက်မဲ့ အသံလှိုင်း
စူပုပ်ထားတဲ့ နှုတ်ခမ်းတစ်စုံသာမက
ရှားရှားပါးပါး ပွင့်တတ်တဲ့ သူ့အပြုံးက
ဟေမာန်ညပေါင်းများစွာအတွက်
ကျွန်တော့် အိပ်မက်တွေရဲ့ တန်ဆာပလာတွေအဖြစ်လဲ
အသွင်ပြောင်းရဲ့ ။
(ဃ)
ရင်ခုန်သံကို အစပျိုးဖို့
နတ်ဆိုးတို့ စုဝေးပုံက
ကျွန်တော့် ရင်ခွင်တစ်စုံကို
ရက်ရက်စက်စက် ရွေးချယ်ရက်ကြတယ်
ညနေခင်းတစ်ရက်မှာ သူ့ဆံနွယ်တွေ လေမှာလွင့်ကြတာဟာ
ကျွန်တော့်တစ်သက်စာ ကျိန်စာတွေ ဖြစ်လိမ့်မယ်လို့
ကံကြမ္မာကိုက ဇာတာတွေ ဖွဲ့ခဲ့ပါသလား
ကျွန်တော့်နှလုံးသား တစ်ခုလုံး
အပေါက်အပြဲတွေ အရမ်းများခဲ့ပါတယ် ။
(င)
အရွက်မရှိလေတဲ့ အခိုင်းဖျား
ဘယ်လို ငှက်မှ နားမရ သလို
ရှားရှား ပါးပါး ပွင့်ခဲ့ရှာတယ်
အဲဒီ နှုတ်ခမ်းတစ်စုံ
အဲဒီ မျက်လုံးဝိုင်းဝိုင်း
မေးစေ့ အထက်က မှည့်ငယ်ကအစ
ရင်ထဲ အမှတ်ရ စရာ
အခါခါ ထုတ်ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို
အတွေး တွေ လတ်ဆတ်နေတုံးပဲ ။
(စ)
ချယ်ရီတောမှာ ထူထူထပ်ထပ် ပေါက်ခဲ့တဲ့
သတိရခြင်းတွေက
နေ့နေ့ညည ကာလ သတ်မှတ်ချက်မထားဘူး
ခေါင်းအုံးအောက် ဖိအိပ်ခဲ့ရတဲ့
ပထမဆုံး စေတမန် စာအိပ်အနွမ်းလေးက
လေးဘက်လေးတန် အခန်းထဲမှာ
အထီးကျန်ခြင်းကို ပိုးမွေးသလို
ဆူပွတ် အိုင်ထွန်းတဲ့ စိတ်
တစ်ခါးတစ်ချပ်ပါပဲ
ကျကွဲသွားတဲ့ အသံတစ်ချို့တစ်ဝက်

ကောင်စုတ်”တဲ့
ဘယ်တော့မှ ပြတ်တောက်မသွားမယ့် အသံလှိုင်း ။
(ဆ)
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့
ုမြန်မာဆန်ဆန်လှတယ်လို့
မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ်
အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့
တိတ်တခိုး နဲ့စိတ်ကူးယဉ်မှု့ခပ်ပါးပါးပါပဲ
ဒါထက်ပိုပြီး ရိုးသားမှု့ကို တန်ဖိုးထားပါတယ်
လက်နှစ်ဖက်ပြည့်ဖို့ အထိတော့
ကျွန်တော့် လောဘတွေကို အဆုံးသတ်နိုင်ပါတယ်
ဖြစ်နိုင်ရင်ရောက်ရာ အရပ်က လှည့်ပြန်ခဲ့ပါ 
ငါ့ အိပ်မက်တွေ တစ်လှေလုံး
နင့်အနမ်းတွေနဲ့ ဖူးပွင့်နေလို့ ။
(ဇ)
ဒီအချိန်ဆိုကမ်းခြေမှာ ခရုလေးတွေကောက်နေမလား
လတ်ဆတ်တဲ့ လေကိုရှူလို့
ကမ်းခြေတစ်လျှောက် ဆိုင်ကယ်စီးနေဦးမလား
နင့်အပြောကတော့ ဆိုင်ကယ်မှောက်တိုင်း
ငါ့ကို သတိရလိုက်တယ်ဆိုလားပဲ
သတိရနေပါလို့ အခါခါ ပြောနေမယ့်အစား
သတိတရ ရှိနေပေးပါလို့တော့
တစ်ခါလောက်ပြောလိုက်ချင်ပါသေးတယ်
သူ့လက်ခုံ နုနုပေါ်က သဲမှုန်လေးတွေကအစ
ကျွန်တော့်အတွက် အန္တရာယ် ဆိုးတွေ
ဖြစ်နေစေလို့ပါ ။
(စ် )
ငါ့အသံတွေ မကြားနိုင်လောက်တဲ့အထိ
ထွက်ပြေးသွားခဲ့တာလား
မကြားချင်တော့တာလား
နင်မရှိတဲ့ ငါ့အခန်း
လေ၀င်လေထွက် ခက်နေတယ်
နင်ရေလောင်းနေကျ သစ်ပင်လေးလဲ
ညှိုးနွယ်း နေရော့မယ်
အပြုံးတွေ တစ်ကိုယ်လုံး ဖုံးထားတဲ့
နင့်ဓါတ်ပုံလေးကိုတော့
ငါနေ့တိုင်း ဖုန်သုတ်ဖြစ်ပါတယ် ။
(ည)
မျိုသိပ်ထားရတဲ့စိတ်ဟာ
ပင်ပန်းကြီးပါတယ်
နင့်အစား ပင်ပန်းမှု့ အားလုံး
တစ်နင့်တစ်ပိုး ငါထမ်းပိုးထားချင်တယ်
အခါခါ ရှာဖတ်မိတဲ့ နင့်မျက်နှာပေါ်က
အရေးအကြောင်းတွေလောက်
ငါ့သဏ္ဍာန်တွေ မပီပြင် ၀ိုးတ၀ါး
ပျောက်ကွယ်မသွားခင်အချိန်ထိ
ဖြစ်နိုင်ရင်

ရောက်ရာအရပ်က လှည့်ပြန်ခဲ့ပါ ။ ။

ဝေဒနာ (၂)

ငါ့ခေါင်းထဲက အမှတ်သညာကို
နံရံနဲ့တိုက်ထုတ်တိုင်းလဲ
ထွက်ကျမလာတော့ဘူး

နှလုံးသားမှာ သွေးခဲနေတဲ့
ဒီနာမည်ကို
ဘာလို့ ခြစ်ထုတ်ပြစ်ရမှာလဲ

အဲဒီအိပ်မက်ဟာ
ညမွေးပန်းကြောင့်ဆိုရင်
အိပ်စက်ခြင်းကို အပြစ်တင်မယ်

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe