• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 30 August 2008

ပျံသန်းခြင်း

ဟိုးအဝေး ဘုရားကျောင်းဆီက
ဆုတောင်းသံ သဲ့သဲ့ကြားတယ်
နှင်းတွေကျတဲ့ ရက်စွဲကစလို့
ငါ့အတွက် မိုးခိုစရာ မလိုအပ်တော့ဘူး
လျှပ်စီးတစ်ချက်
မိုးခြိမ်းသံ သက်သက်
အဲဒီတန်ဆာပလာတွေနဲ့
မုတ်သုံရဲ့ တဖက်မှာ
မျှော်လင့်ချက် ရှည်ရှည်တပ်ပြီး
အိပ်မက်ဟောင်းတွေကိုဆယ်ယူဖို့
လိုအပ်သလောက် အနွေးဓါတ် ထည့်ခဲ့ပါ
ငြိမ်းချမ်းတဲ့ ဆုတောင်းသံကြား
ရာသီစက်ဝိုင်းတစ်ပတ်
ငါ့အသက်နဲ့ ထပ်ပြီး
ကောင်းကင်၏ အစွန်အဖျားဆီ ။ ။

၁၆.၀၉.၂၀၀၇




PS >> မဖတ်ရသေးတဲ့ သူငယ်ချင်းတွေက အသစ်လိုပဲ ဘဘောထားပြီး ဖတ်ပေးပါဦး ။

Monday 25 August 2008

၁ နှစ်ပြည့်အမှတ်တရ

ကျွန်တော့ရဲ့ ကဗျာဘလော့ဂ် လေးကို လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျာ ၊ဒီနေ့ကျွန်တော် ဟောဒီဘလော့ဂ် လေးနဲ့ ကဗျာရေးခဲ့တာ ၁ နှစ်ပြည့်တဲ့နေ့ပါ၊ ဒီအတွက် အမှတ်တရ အနေနဲ့ ယခုပို့စ်လေးကို ရေးလိုက်ပါတယ်၊ ကျွန်တော် စာမရေးတတ်ပါဘူး ခင်ဗျာ၊ စာမရေးတတ်ဘူးဆိုတာထက် စာဖတ်သူကို ဆွဲဆောင်မှုရှိလောက်အောင် ရေးမပြတတ်ပါဘူး၊ ကျွန်တော်ဝါသနာပါတဲ့ ပေမမီ ဒေါက်မမီ ကဗျာလေးတွေကိုပဲ တစ်ယောက်ထဲ ရူးသွပ်စွာ ရေးဖွဲ့ရင်းနဲ့ ဟော့ဒီဘလော့ဂ်လေးကို အသက်သွင်းခဲ့ပါတယ်၊ ပထမဆုံး စီဘောက်မှာ လာနှုတ်ဆက်ခဲ့တာက ကိုကြီးစိုးထက်ပါ ၊အဦးဆုံးကွန့်မန့်ပေးခဲ့တာက ကျွန်တော့် သူငယ်ချင်း ကိုမျှားပြာ ပါ(ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကြောင့်အဲဒီကွန်မန့်လေး ပျက်သွားခဲ့ရတယ်) ၊ ဒီဘလော့ဂ်လေးရဲ့ ပထမဆုံးတန်းပလိပ်ကို ပြင်ဆင်ပေးခဲ့သူကတော့ ကျွန်တော့်နောင်တော်ကြီး ကိုဖိုးဇင်ပါ၊ မှတ်မှတ်ရရ ကျွန်တော် ပထမဆုံးဖတ်ခဲ့ဖူးတဲ့ မြန်မာဘလောဂ့် ကတော့ ကိုစိုးဇေယျ ရဲ့ဘလော့ဂ် ဖြစ်ပါတယ်၊ အင်တာနက် နည်းပညာတွေ တဟုန်တိုး တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဘလော့စာမျက်နှာတွေ တိုးပွားလာတာဟာဖြင့် ကျွန်တော်အတွက် အလွန်အင်တမန်မှ လေ့လာဆည်းပူးစရာများတဲ့ စာကြည့်တိုက်တစ်ခုအဖြစ် အလားသဏ္ဍာန်တူနေပါတယ်၊ မိမိသိလိုတဲ့ ဗဟုသုတ အကြောင်းအရာ အပြင် မိမိဝါသနာပါတဲ့ ကဗျာဖတ်ခြင်း၊ ကဗျာရေးခြင်းကိုလဲ တစ်ပြိုင်နက် လုပ်ဆောင်နိုင်တဲ့ အတွက် ကျွန်တော်ဒီပတ်ဝန်းကျင်လေးမှာ ပျော်မွေ့နေပါတယ်။


အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော့်ဘလော့လေးကို ပိတ်ထားခဲ့ဖူးပါတယ် တစ်ခါတစ်လေ ဘလော့ ဆက်မရေးချင်တော့ လောက်အောင်ကိုလဲ ခံစားဖူးပါတယ်၊ ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော်တို့ ပြောနေကြအတိုင်းပဲ ဗလာစာရွက်ပေါ်မှာ မှင်ကုန်ခံပြီး ရေးတာထက် စာရင်တော့ ကျွန်တော်တို့ကဗျာတွေ အရောင်ပိုထွက်လာတာအမှန်ပါပဲ၊ ဟောဒီဘလော့ဂ် စာမျက်နှာလေးတစ်ခုကြောင့်ပဲ မိတ်ဆွေအပေါင်းအသင်းများလဲ တိုးပွားခဲ့ပါတယ် သံယောဇဉ်ဆိုတဲ့ ဖြတ်ရခက်တဲ့ ကြိုးလေးတစ်ချောင်းအပေါ်မှာ ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံး ပုံကျခဲ့ပါတယ်၊ နောက်ဆုံးတော့ လတ်တလောဆန္ဒရဲ့ ကျေးကျွန်အဖြစ်မှ ကျွန်တော်ရုန်းထွက်နိုင်ခဲ့ပါတယ်။


ဘယ်တော့မှန်းမသိပေမယ့် တစ်နေ့နေ့တော့ ကျွန်တော်ဒီဘလော့ဂ်လေးနဲ့ သေချာပေါက်ခွဲသွားရမှာပါ ၊သူနဲ့အတူရှိနေနိုင်သေးသရွေ့တော့ ကျွန်တော်ချစ်တဲ့ ကဗျာများကို ကြိုးစားပြီးရေးဖွဲ့နေဦးမှာပါ၊ အမြဲလာအားပေးတဲ့ ကျွန်တော့်သူငယ်ချင်းများအားလုံး ကွန့်မန်တွေ အမြဲလာရေးပေးတတ်တဲ့ ကျွန်တော့်အစ်မတွေရော လာရောက်လည်ပတ်သွားကြတဲ့ ညီအစ်ကိုမောင်နှမ ဘလော့ဂါမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်၊ အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ ..။

Sunday 24 August 2008

လျှောက်ပြီးသားလမ်းတွေပဲ

မှတ်မိလွယ်ဖို့ မှင်တွေကို အရောင်ခွဲမှတ်သလို
နင့်မျက်နှာပေါ်က အရောင်တွေ အမျိုးမျိုးပြောင်းလဲ
နင့်ရဲ့ စိတ်တွေမှာ အလင်းရောင်တွေ
ပျောက်ပျောက်သွားတတ်တယ် ။

နင့်နဲ့ပါတ်သတ်လာရင် ငါကအတ္တသိပ်ကြီးတာ
“နင့်အတွက်မဟုတ်ရင် ဘယ်သူ့အတွက်မှ မဖြစ်စေရဘူး”
ဒီလို ရှိစုမဲ့စု မာနနဲ့
လက်ခမောင်းထထခတ်တယ် ။

“သ၀န်တိုတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်
ခွဲခွာရခြင်းရဲ့အစ” တဲ့
နင်ပဲ အပြောကောင်းခဲ့တာလား
အကောင်းပဲပြောခဲ့တာလား ။

စိုးရိမ်စိတ်က ရေဆူမှတ်ကျော်နေပြီ
မတော်တရော်တွေနဲ့ တွေ့မှဖြင့်
အရွယ်မရောက် သေးတဲ့ ကလေးလဲ မဟုတ်ပဲ
နားလည်ခြင်းတွေမှာ အဆိပ်ပြင်းပြင်းခပ်မိတယ် ။

အချစ်ဟာ အစိုဓါတ်ပြယ်သလို အငွေ့ပျံလွယ် ရမှာလား
မှတ်မိလွယ်တဲ့စွမ်းအားဆိုတာ
သံယောဇဉ်နဲ့ စိတ်ဝင်စားမှုအတိမ်အနက်အပေါ်လိုက်ပြီး
စွဲထင်တတ်တယ် ။

စိတ်ထဲထင်နေတဲ့အတိုင်းသာ သံသယတွေဖြစ်နေမယ်ဆိုရင်
ငါက အမြဲချောက်ကမ်းပါးထိပ်မှာ ရပ်နေရသူလိုပဲ ။ ။



PS> မှတ်မိလွယ်တဲ့စွမ်းအားဆိုတာ
သံယောဇဉ်နဲ့ စိတ်ဝင်စားမှုအတိမ်အနက်အပေါ်လိုက်ပြီး
စွဲထင်တတ်တယ်
သူငယ်ချင်းတစ်ယောက်ရဲ့custom message...မှာတင်ထားတာကိုတွေ့လို့ ဒီကဗျာလေးရေးဖြစ်သွားတယ်...


Thursday 21 August 2008

ဘယ်တော့မှ မပြောတော့ဘူး

မျှောချလိုက်ရတော့မယ့်လှေငယ်လေးထဲမှာ
စွန့်လွတ်မှုတွေ
ရရှိခဲ့တယ်
ရေထဲကအဲဒီလိုအရိပ်ထဲမှာ
ပျောက်ဆုံးသွားတော့မယ့်အတိတ်နဲ့
ရေအဆုံးကုန်းတစ်ဝက်ပဲ
မေ့လို့မရစကောင်းတဲ့အရာတွေက
မေ့ဖို့ကောင်းခဲ့တယ်
ပိုးစုန်းကြူးတစ်ကောင်လောက်
အလင်းရောင်ဖျော့ဖျော့ကို
တစ်မနက်စာထည်လဲတွဲရင်း
အဖြစ်နဲ့အပျက်ဟာ
အဖြစ်အပျက်အတိုင်း
ဖြစ်ပျက်သွားခဲ့ကြပြီ
ဘယ်တော့မှ
အဲဒီအကြောင်း မပြောတော့ဘူး ။ ။

Thursday 14 August 2008

အစီးများတဲ့ ရေ

နုတ်မရတဲ့ စကားတစ်ခွန်းနဲ့

ယာဉ်ကြောမှားခဲ့တဲ့ သံယောဇဉ်

အချစ်မှာ ပရောပရီ နေခဲ့ကြတယ် ။

ဘေးကျပ်နံကျပ်

အိုင်ထွန်းနေတဲ့ စိုးရိမ်စိတ်ကို

ခပ်ထုတ်ကြည့်

ဘယ်လောက်နဲ့ ဘယ်လောက်ကြား

အကွာအဝေးမှာ

အချစ်ဟာ လမ်းပြမပါပဲ

ရောက်အောင်လာနိုင်ခဲ့ ။

အဆင်မပြေမှုအားလုံးကို

တောင်းအလွတ်တစ်လုံးထဲစုထည့်

ခပ်ဝေးဝေးသာလွှင့်ပစ်လိုက်တော့

နွယ်ပင်လို တွယ်တက်လာတဲ့ သံယောဇဉ်မှာ

ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး

တုတ်တုတ်မှမလှုပ် ။ ။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe