• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Thursday, 14 February 2008

တေ့လွဲပန်းတွေ ဝေနေတယ်

တေ့လွဲပန်းတွေ ဝေနေတယ်

ကတိတွေအထပ်ထပ်ပေး
ပြီး အထပ်ထပ် ချိုးဖောက်
တောင်းပန်ပါတယ် ဆိုတဲ့
စကားတစ်လုံးနဲ့တင် အရာရာကို ခွာချ
မလိုလဲသုံး လိုအပ်လဲသုံးတတ်တဲ့စကား
အိပ်ရေးဝအောင် အိပ်
ထမင်းများများစား
သူ့ ဆေးဝါးနဲ့သူတော့
အစပ်အဟပ်တည့်ခဲ့တယ် ။

ညဆိုလဲ အိပ်မရဘူး
စိတ်မပူနဲ့ အိပ်ပျော်အောင် အိပ်
အိပ်မက်ထဲကို လာခဲ့မယ်တဲ့ ။

အခုတော့လဲ....
လမ်းထိပ်က အုတ်ခုံမှာ
အိပ်မပျော်တဲ့ည ကြေညာစာတမ်း
ဂစ်တာသံ ဒေါင်ဒေါင်ဒင်ဒင်နဲ့
သံယောဇဉ် အပိုင်းအစတောင် ယူမလာတော့နဲ့တဲ့ ။

မျက်ရည်လွယ်တဲ့ နေ့ အတွက်
အယ်လ်ကိုဟောနဲ့ အရောင်တင်ခဲ့
လမ်းထိပ်က အုတ်ခုံမှာ
တေ့လွဲပန်းတွေ ဝေနေတယ် ။ ။

၂၃ နှင့် ရာဟုမလေး၏ ကဗျာဆရာသို့

၂၃နှင့် ရာဟုမလေး၏ ကဗျာဆရာသို့


၂၃ဟာ နှင်းတမြမြ အေးတစ်ညနဲ့
မင်းကို လှုပ်နိုးလိုက်ပီ သူငယ်ချင်း
မပီဝိုးတ၀ါးနဲ့ အလင်းနှစ်တွေကို
ဆုပ်ကိုင်လို့ တောအထပ်ထပ်ကို
ဇောမကပ်ပဲ ဖြတ်သန်းလာခဲ့တယ်
ဒီလိုနဲ့ ကျန်ခဲ့တဲ့ဆောင်းညတွေကို
လှည့်ကြည့်မိတယ် ... ... ...။


တစုံတရာအတွက်နဲ့
အဘိဓမ္မာတွေကို သွန်ချ
သက္ကရာဇ်ကျင်းထဲ ခုန်ချလို့
ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရတဲ့
နေ့ရက်တိုင်းအတွက်
မိုးခေါ်တေးတွေကို သီဆိုဖူးတယ်။


တုံ့နှေးလေးလံတဲ့ ခန္ဓာတစ်ခုအတွက်
မောပန်းမှုတွေ ကြုံလာတိုင်း
ကဗျာနဲ့ အခါခါပွတ်သပ်လို့
အာသာဖြေခဲ့ရတဲ့လမ်းတိုင်းမှာ
ပန်းတိုင်းလည်း ပွင့်ခဲ့ဖူးတယ်။


နူးညံ့မှုတွေနဲ့ စီးမျောခဲ့တဲ့
မြစ်ကြောင်းတလျှောက် ချကျွေးခဲ့တဲ့
စာနာမှုတွေကတော့
ဟိုတစ်ဖက်ကမ်းထိ ကပ်ပါလာမယ်ဆိုတာ
ငါ ယုံကြည်တယ် သူငယ်ချင်း ...။


ဟောဒီ ၂၃ကစလို့ မင်းရယ်
မင်းရဲ့ ရာဟုမလေးရယ်
မင်းချစ်တဲ့ အသိုက်အမြုံလေးရယ်
အရာရာအားလုံးဟာ ခရီးအဆုံးထိ
လေဆန်တိုင်း ပျံတက်နိုင်ရတော့မယ်
…။


စွန့်စားပါ ယုံကြည်ပါ
နမ်းရှိုက်ပါ ရူးသွပ်ပါ
မင်းရဲ့ လက်သေးသေးကွေးကွေးလေးနဲ့
ရေးခဲ့တဲ့ ကဗျာတိုင်းဟာ
ကမ္ဘာမြေကြီးအတွက် အနူးညံ့ဆုံးတွေ
ဖူးပွင့်နိုင်ပါစေလို့ ငါဆုတောင်းပေးတယ်
ရာဟုမလေးရဲ့ ကဗျာဆရာရေ
…။

မျှားပြာ

Saturday, 9 February 2008

ဖေဖေါ်ဝါရီ ( ၉ ) ရက်

ဖေဖေါ်ဝါရီ (၉)ရက်

ပြက္ခဒိန်တစ်ခုရဲ့ ဖေဖေါ်ဝါရီ (၉)ရက် မှာ လူတစ်ယောက်ရဲ့အသက်နဲ့ လူတစ်ယောက်ကို လဲလှယ်ရလို အသက်ကို လောင်းကြေးထည့်ပြီး ခေါ်ခဲ့တဲ့မေမေရဲ့ ကျေးဇူးတွေကြောင့် … ဖေဖေါ်ဝါရီ (၉) ရက်တွေ (၂၃)ကြိမ်တိုင်ခဲ့ပါပြီ ..။

ဘ၀သံသရာထဲမှာ ကူးခတ်နေရသေးတဲ့ ပုတုဇဉ် လူသားတစ်ယောက် အနေနဲ့လဲ လောကဓံရဲ့ အထုအထောင်းကို လူသားပီသစွာခံယူတတ်ခဲ့ပါပြီ ….။

အမှား ပေါင်းများစွာကိုလဲ ကျေကျေနပ်နပ်နဲ့တစ်မျိုး မကျေမနပ်နဲ့တစ်မျိုး ကျူးလွန်ခဲ့ဖူးပါတယ် ၊ နောင်တ တရားပေါင်းများစွာ ကိုလဲ ကောက်သင်းကောက်ပုံ ကောက်ခဲ့ဖူးပါပြီ ရေရှည်ရည်မှန်းချက်အတွက် လတ်တလော အလိုဆန္ဒများကို လဲ ထိန်းသိမ်းတတ်ပါပြီ ။ မေတ္တာတရားရဲ့ ဘာသာဗေဒကိုလဲ သူဖုန်းစား တစ်ဦးလို လိုက်တောင်းဖူးပါပြီ ..။ ။

ဒီနေ့အတွက် မေတ္တာတရားတွေ စွန့်ကျဲခဲ့ကြတဲ့ ဘလော့ရပ်ဝန်းလေးမှ ညီအစ်ကိုမောင်နှမ သူငယ်ချင်းများရဲ့ သံယောဇဉ်တရား မေတ္တာတရားဟာဖြင့် ဘ၀ရဲ့ အမှတ်တရ များစွာထဲမှ မေ့ဖျောက်ဖို့ ခက်ခဲတဲ့ အရာများဆိုတာကို ယခုပို့စ်လေးတစ်ပုဒ် နဲ့အတူ ကျေးဇူးတင်ကြောင်း ပြောပါရစေ …။ ။

တကူးတကပဲဖြစ်ဖြစ် ၊ ကြုံကြိုက်လို့ပဲဖြစ်ဖြစ် ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲဖြစ်ဖြစ် လာရောက်လည်ပါတ် မွေးနေ့ဆုတောင်း ပေးခဲ့ကြသူများ အားလုံး အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ၊ မွေးနေ့အတွက် ကဗျာလေးတစ်ပုဒ်နဲ့ မကြိုက်မခြင်း သူကိုယ်တိုင် လက်စွမ်းပြပေးတဲ့ ညိမ်းညို ကြီး ၊ သူဘလော့မှာလဲ ကဗျာတစ်ပုဒ်နဲ့ ဆုတောင်းပေးတဲ့ ကျွန်တော်ကအမြဲနိုင်တဲ့ ဖြိုးငယ် ၊ မွေးနေ့ပွဲ အတွက် ၀ါးတီးစီစဉ်ပေးတဲ့ ညီမလေး ရတနာ တို့ကိုလဲ ကျေးဇူးတင်ပါတယ် ။ ။

မွေးနေ့အတွက် ၀ါးတီးကိုတော့ သူငယ်ချင်း ညီမလေး မရတနာစိုး ဆီမှာ ကြိုက်သလောက် အမုန်းစွဲလို့ရပါပြီ ၊ ကျွန်တော်ကတော့ မွေးနေ့လာလည်တဲ့ သူငယ်ချင်းများကို ဟောဒီ လက်ဆောင်လေးနဲ့ပဲ ဧည့်ခံလိုက်ချင်ပါတယ် ။ ။

သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ ..

သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ.. ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ခေတ်ရဲ့ဟန်ပန်ကို
တကိုယ်တော် ထုဆစ်ပုံဖော်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နှစ်ကာလရဲ့ ယိမ်းယိုင်ယိုယွင်းမှုကို
တကိုယ်တော် တည့်မတ်ထိန်းသိမ်းခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ပေါ်ပင်လိုက်မှုရဲ့ ငြင်းခုန်သံတွေကို
တကိုယ်တော် ကင်းလွတ်ရိုးရှင်းစွာနေထိုင်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အလံထောင်ဆရာတစ်ချို့ရဲ့ ပိုင်စိုးပိုင်နင်းကြုံးသွင်းမှုတွေကို
တကိုယ်တော် လှလှပပကြီးရုန်းထွက်ခဲ့
၂၃ ရာသီ ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အမဲလိုက်သမားတို့ရဲ့ အနုပညာယုန်ဖြူလေးကို
တကိုယ်တော် သန်သန်စွမ်းစွမ်းမွေးမြူခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ငွေစကြေးစတို့ရဲ့ ချစ်ခြင်းမေတ္တာတစ်ပတ်နွမ်းလေးကို
တကိုယ်တော် ပိုက်ထွေးယုယဖြူစင်စေခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နာမည်အတုအစစ်တို့ရဲ့ သရဲလက်တံအရှည်ကြီးတွေကို
တကိုယ်တော် ရိုက်ချိုးဖြတ်တောက်ပစ်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
သံယောဇဉ်ရွှေသားတို့ရဲ့ နူးညံ့ကျယ်ပြန့်မှုကို
တကိုယ်တော် ကဗျာဒြပ်စင်ကသိုဏ်းရှုခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နယ်နိမိတ်ကင်းမဲ့ခြင်းရဲ့ စာနာနားလည်မှုကို
တကိုယ်တော် မားမားမတ်မတ်ရပ်တည်ကျင့်သုံးခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ဟန်နေဟန်ထားအသီးသီးတို့ရဲ့ မာယာသုတ်လိမ်းညွှတ်ကွင်းထောင်ချောက်တွေကို
တကိုယ်တော် လှီးဖြတ်သတ်ပုတ်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အပေါစားတံဆိပ်ကပ်မှုတို့ရဲ့ ပူးတုံခွာတုံရှိဟန်ကို
တကိုယ်တော် ပေါ့ပါးကြည်သာစွာတုန့်ပြန်နိုင်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ရိုးဂုဏ်ရိုးဒြပ်တို့ရဲ့ သိပ်သည်းဆအနက်အဓိပ္ပါယ်ကို
တကိုယ်တော် ပွားများဆည်းပူးခဲ့
၂၃ ရာသီ... ...

ဒီလိုနဲ့..
သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့
၂၃ ရာသီ.. ...။

ညိမ်းညို

Friday, 8 February 2008

ပင်လယ်မှာ လှိုင်းမူးခဲ့သူ


ပင်လယ်မှာ လှိုင်းမူးခဲ့သူ

ရေစီးကြောင်းအတိုင်း
ပင်လယ်မှာ လှိုင်းမူးခဲ့သူပါ
တကူးတက
ပန်းတွေခူးခူးပြီး
ဘယ်သူမှမသိအောင်
စာအုပ်ကြားထဲ ညှပ်သိမ်းထားတယ်
သူ့အတွက် ။

အမြဲဆိုနေကျ ဒီသီချင်းတစ်ပုဒ်ဟာ
ကျွန်တော်ကိုယ်တိုင် ချက်ပြုတ်ထားတဲ့
ဟင်းတစ်ခွက်
ဂီတအကြောင်း ကောင်းကောင်း မသိတဲ့ကျွန်တော်
သူ့ပုံရိပ်တွေ က တေးရေးဆရာ တဖြစ်လဲ
အသက်သွင်းလား သွင်းရဲ့ ။

သူဘာပဲပြောလိုက်ပြောလိုက်
နောက်တစ်နေ့ကဗျာထဲ
သူ့အသံတွေ ပါလာတော့တာပဲ
ကျွန်တော်ကလဲ ကျွန်တော်
သူ့ကိုယ်ပေါ် မျှော့တစ်ကောင်တွယ်ရင်တောင်
အညှိုးတစ်ကြီးနဲ့ ရက်စက်လိုက်ရမှ
ကျေနပ်တတ်တဲ့ကောင် ။

ကံကြမ္မာကိုသာ လဘ်သိပ်ထိုးလို့ရခဲ့ရင်
မျက်နှာသာပေး ဆုံနိုင်ရေးအတွက်
အကြိမ်ကြိမ် လဘ်သိပ်ထိုးမယ်ဆိုတဲ့
ကျွန်တော်ဟာ
ရေစီးကြောင်းအတိုင်း
ပင်လယ်မှာ လှိုင်းမူးခဲ့သူပေါ့ ။ ။



Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe