စိုးရိမ်လွန်တဲ့ အပူစိတ်နဲ့
ဆိုက်ကားဂိတ်လဲရောက်ခဲ့ပြီ
ဈေးတန်းတွေလဲ သိမ်းကုန်ပြီ
တစ်ရပ်ကွက်လုံး တစ်လမ်းဝင်တစ်လမ်းထွက်
ရပ်ကွက်ရုံးလဲ ရောက်ခဲ့တယ်
မင်း ဘယ်ကိုရောက်နေသလဲဖိုးချစ်ရယ်
အမေ့ရင်မှာ မီးတောက်နေပြီကွယ်။
သတ္တ၀ါတစ်ခု ကံတစ်ခုပေမယ့်
ဖိုးချစ် မင်းကံတရားက အမေ့ဖန်တီးခဲ့တာပါသားရယ်
အမေဒီလောကထဲကို ဆွဲခေါ်ခဲ့မိတယ်
မင်းဟာ အမေ့ရဲ့ရတနာ
မင်းသာ အမေ့အသက်ပါပဲ လူလေးရယ်။
မင်းအသက် ၁၂ နှစ်မှာ
မင်းအသိဟာ ၅ နှစ်သားထက်မပိုခဲ့
ဦးနှောက်အသိဥာဏ်ချို့တဲ့နေတဲ့မင်းရဲ့ရောဂါဟာ
ဘယ်ဘ၀ကမင်းရဲ့ အကုသိုလ်လဲကွယ်
မင်းညီ အငယ်ကောင်က သူ့အရုပ်တွေယူဆော့လို့
မင်းကိုရိုက်နှက်နေလဲ မင်းအော်ငိုနေရုံကလွဲလို့
မင်းဘာများတတ်နိုင်ခဲ့သေးသလဲ
သားငယ်ဖိုးချစ် မင်းဘ၀ကို
အမေသနားတယ်
မင်းဘယ်ရောက်နေသလဲကွယ်။
ငိုကြီးချက်မနဲ့ မင်းအိပ်နေတုံး အမေနမ်းခဲ့ရတဲ့
အနမ်းတွေမှာ မင်းဘ၀အေးချမ်းလာစေရမယ်လို့
အမေ့ဘ၀တစ်ခုလုံးနဲ့ရင်းပြီး
မင်းကိုဂတိတွေ အထပ်ထပ်ပေးခဲ့ပါတယ်
သားငယ် ဖိုးချစ် မင်းဘယ်ကိုသွားနေတာလဲကွယ်။
အရင်ဆိုင်မှာဈေးဝယ်တွေ ကျနေတဲ့အချိန်လဲ
အမေဒီအတိုင်းထားခဲ့မိတာပဲ
ဈေးဘက်လျှောက်ချင်လျှောက်မယ်
ဆိုက်ကားဂိတ်ဘက်မင်း ပြေးဆော့ချင်ဆော့နေမယ်
အမေလဲ ဒီလောက်တော့ သတိလွတ်မယ် မထင်ခဲ့ဘူး
အမေအမှားတွေပါပဲကွယ်
မင်းဘယ်ရောက်နေသလဲ ဖိုးချစ်ရယ်။
ပြေးလွားဆော့ကစားနေရယုံ
အမေ မင်းကိုဘယ်မြင်ချင်ပါ့မလဲ
ငါ့သား ဆရာဝန်ကြီး ပညာတတ်ကြီးအဖြစ်
အမေ့ မြင်ချင်စမ်းပါဘိ သားငယ်ဖိုးချစ်ရယ်
မင်းဘ၀ကံကိုကဆိုးလွန်းပါတယ်ကွယ်
မင်းဘယ်ရောက်နေသလဲ ဖိုးချစ်ရယ်။
ကလေးတွေကြားထဲ ထိုးကြိတ်ခံ
မင်းရင်ဘတ်မှာ အကြိတ်ဖုလေးတွေထတဲ့အထိ
မင်းအပေါ် အနိုင်ကျင့်ခဲ့ကြတဲ့ ကလေးတွေနဲ့
ဆော့ကစားနေရရင်ပျော်နေတတ်တဲ့ဖိုးချစ်
အခုတော့ ဘယ်မှာများသွားဆော့နေသလဲ
အမေ့ရင်တွေပူလှပါပြီကွယ်
မျက်လုံးတွေလဲကျိမ်းစပ်နေပြီသားငယ်
အမြန်ရှာတွေ့ပါတော့ကွယ် ။
ဆိုးလွန်းလှတဲ့ မင်းကံတရား
အချိုအခါး အရသာမသိ
ပူတယ် အေးတယ်ပြောလို့မတတ်တဲ့ ဖိုးချစ်
မင်း တစ်နေ့တစ်နေ့
လမ်းမပေါ်မျှော်မျှော်ကြည့်နေတာ မြင်ရတာကိုက
အမေရင်မှာ မချိဘူးကွယ် ။
စက်ဘီးတွေ၊ ဆိုက်ကားတွေပေါပါဘိ
ကားတွေ များပါဘိ မင်းနှယ်
ရထားသံလမ်းဘက် ဖြတ်ကူးသွားလေမလား
အမေ့ ရင်တွေအရမ်းပူလှပါပြီကွယ်
မင်းဘယ်ကိုရောက်နေသလဲဖိုးချစ်ရယ်။
ဖိုးချစ်ကလေးကိုသာပြန်တွေ့ရမယ်ဆိုရင်
ကျွန်မစည်းစိမ်တွေ ပုံပေးပါ့မယ်
ကျွန်မတစ်ကိုယ်စာ ရင်ငွေ့နဲ့
သားငယ်လေးနွေးထွေးစေရမယ်
အမြန်ပြန်လာပါတော့ကွယ် ဖိုးချစ်ရယ်။
ဖိုးချစ်ကိုသိတဲ့လူတစ်ယောက်များ
အိမ်ကိုလိုက်ပို့လေမလား
အမေမျှော်နေမိတယ်သားငယ်
ဖိုးချစ် မင်းဘယ်ကိုရောက်နေသလဲကွယ်
အမေမင်းကိုမတွေ့တွေ့အောင်ရှာမယ်
မတွေ့မချင်းရှာမယ်
ဖိုးချစ်သားငယ်
မင်းဘယ်ကိုရောက်နေသလဲကွယ် ။ ။
( ဖိုးချစ်ကို ကျွန်တော် အထက်တန်းကျောင်းသားဘ၀က မကြာခဏ ထိန်းခဲ့ရဖူးတယ်၊ သူနဲ့အတူ လိုက်ပြေးခဲ့ဖူးတယ်၊ ဖိုးချစ်လိုလူမျိုးအကြောင်း ဇတ်လမ်းတွေကြည့်ရတော့ ဖိုးချစ်ကို သတိရမိတယ်၊ လူအမျိုးမျိုးက ဖိုးချစ်အပေါ်ထားတဲ့ စိတ်ထားတွေမတူညီတဲ့အထဲက ဖိုးချစ်အမေ အကြောင်း စာလုံးပေါင်းမိတယ်။ )
17 comments:
ဖတ်ရကတည်းကကိုကြိုက်နေတာကဗျာဆ၇ာဘိုတင့်ရေ
စာကြောင်းတိုင်းမှာကရုဏာတွေအပြည့်နဲ့ဗျာ
အမေတစ်ယောက်ရဲ့ကရုဏာ ကိုပေါ်လွင်လိုက်တာဗျာ
ကောင်းလွန်းလို့ ရင်ထဲထိတောင်ခံစားလိုက်ရတယ်
အားပေးတယ်ဘိုတင့်ရေ ဆက်ရေးဗျာ
ခင်ဗျားကဗျာတွေကိုတော့ကြိုက်ပြီးရင်းကြိုက်ပဲ
ကောင်းတယ်ကိုတင့်ရေ...ကဗျာလေးက ငြိမ့်ငြိမ့်လေးခေါ်သွားတယ်...အားပေးတယ်ဗျို့..
အဆင်ပြေပါစေ
ကိုတင့်ရေ ဖိုးချစ်လေးကိုဖတ်သွားတယ်နော သားပျောက်နေတဲ့ရင်ခွင်တစ်ခုနဲ့ ဆိုးဝါးလွန်းတဲ့ဖိုးချစ်လေး အားလုံးပဲကံကောင်းပါစေ ကဗျာလေးကောင်းတယ် ကိုတင့်ရေ :)
ခင်ဗျားတို့ကဗျာလေးတွေကို မကြိုက်ပဲနဲ့ကို မနေနိုင်ဘူးဗျာ .. ဘာရောဂါလည်း မသိဘူး
မိခင်တစ်ယောက်နေရာကနေ ၀င်စားပြီး ရေးတော့လည်း
ကောင်းတာပဲ ဂါဂါရေ။ ဖိုးချစ်တစ်ယောက် အဆင်ပြေပါစေ
လို့ ဆုတောင်းပေးပါတယ် ။
ဖိုးချစ်အကြောင်းကြားရတာစိတ်မကောင်းလိုက်တာ....
ဘိုတင့်ရေ အရင်တခါဖတ်ရကတည်းကရင်း တအားကြိုက်နေတာ :) အလိပ် ၅၀ ကွက်တိတင် ဘ်ာကပါ့မလဲ ထုပ်ပိုးစည်းနှောင်ပုံကပါ သေသပ်ခိုင်ခန့်လွန်းတယ်။ တပုဒ်လုံးကြိုက်နေတော့ အကြိုက်ဆုံးပိုဒ် ရွေးရခက်တယ်ကွာ....
ဘိုတင့်ရေ ....ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး နောက်ထပ် ...နောက်ထပ်
ကဗျာဆရာရေ----
ဖိုးချစ်အမေဘက်ကနေ ခံစားရေးဖွဲ့ထားတဲ့
ဖိုးချစ်ကဗျာလေးကို ဖတ်ရင်း---
ဖိုးချစ်အမေ ကိုသနားလိုက်တာ---
အမေ---ဆိုတာ ဘယ်လိုသားသမီးပဲဖြစ်ပါစေ---
အသဲနှလုံးက ကတော့--အမေဟာ အမေပဲနော်-
ဖိုးချစ်လေး--သူ့အမေရင်ခွင်ထဲပြန်ရောက်ရင်---
ဖိုးချစ်အမေ ပျော်မှာပဲနော်----
မိခင် တိုင်း ပျော်နိုင်ကြပါစေ----
ဘယ်သူတွေ ဘယ်လိုအမြင်တွေနဲ့ပဲ ကြည့်ကြည့်... မိခင်တစ်ယောက်ရဲ့ မေတ္တာအကြည့်နဲ့တော့ နှိုင်းယှဉ်လို့ကို မရတာပါ... ကဗျာတွေက အရမ်းကောင်းတယ်... မိခင်တစ်ယောက်ရဲ့ မေတ္တာကို ပေါ်လွင်တယ်...
ဒီကဗျာ တအားကြိုက်တယ်ဗျာ
ပိုလီယိုလား..။
ဖိုးချစ်အမေလို ခံစားရမှာ သိပ်ကြောက်တယ်...။
ကိုယ်ဖန်တီးလို့  မရတဲ့ ကံတရားကြောင့် အပြစ်ရှိသူလို ခံစားနေရတာ... အတော်ဆိုးရွားမှာ..။
ဖိုချစ်လေးသနားပါတယ်း( သူ့ အမေက ပိုခံစားရမှာ ခံစားချက်တွေပေါင်းစုံဖြစ်နေရမှာပဲ ကံကြမ္မာစေလိုရာပေါ့နော့် ပြောင်းလဲခွင့်မှမရှိတာပဲ။
အထွေအထူးမပြောတော့ဘူးဗျာ....
အဲဒါကြောင့်လည်း
ကိုတင့်ကဗျာတွေ မျှော်မျှော်နေရတာ......
ကဗျာဖတ်ပီးစိတ်မကောင်းဖြစ်မိတယ့်
တုနှိုင်းမရတဲ့ မိဘမေတ္တာကို ဖော်ကျူးတဲ့ ကဗျာလေးပါဘဲ။ အရမ်းကောင်းသလို အရမ်းခံစားရပါတယ်။ ဖိုးချစ်နဲ့ သူ့မိခင်ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
i like this poem, very nice.
မင်းပေါင်းလိုက်တဲ့ စာလုံးက ရင်ဘတ်တစ်ခြမ်း ပြိုကြစေတယ်ကွာ...။
Post a Comment