• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Tuesday, 17 January 2012

ဇန်(၉)ရက်နေ့ တစ်နေ့အကြောင်း

ထိတွေ့မိသမျှ စမ်းသပ်ပစ်ဖို့
ပေါ့ပါးတဲ့ လက်အစုံနဲ့ 
ချစ်ခြင်းမေတ္တာကို ရင်ထဲ အခွေခွေရစ်ဖွဲ့ထား 
အသော့နှင် မြင်းတစ်ကောင်ရဲ့ အပြေးနှုန်း
ကြိမ်ထိုးသလို၊ ကွန်ယက်သလို 
ဘဝကို ထွန်ယက်ခဲ့သော နှစ်များ 
ငြိမိသမျှ ခွာချတယ် 
လက်တံအတိုအရှည်တွေကြား 
လက်လှမ်းမီသလောက် ဘွာမခတ်စတမ်း 
ယုံကြည်ရာကို ဆန်တက်ရင်း 
အရွေ့ အရွေ့များနဲ့ 
ပွင့်၊ ပေါက်၊ ဖောက်၊ ထုတ် လိုက်ရတဲ့ ဒီကနေ့ အကြောင်း ။ 

၀၀း၄၆ 
၉၊၀၁၊၂၀၁၂ ။

PS >> အစ်ကိုကြီး မှော်ဆရာ မွေးနေ့အတွက် အမှတ်တရ ။

ရှည်လျားစွာ ရှင်သန်ရခြင်းကို မနှစ်မြို့တော့တဲ့ သစ်ပင်

အရေးအကြောင်း ထူထူများအကြား 
ရုန်းရင်းဆန်ခတ် အမြစ်မပြတ်သေးတဲ့ 
လူငယ်များ သန်စွမ်းခြင်းရောဂါ 
အကြောင်းအမျိုးမျိုး ကြောင့် 
အမျိုးမျိုးသော အကြောင်းအရာများအပေါ် 
အလျှင်စလို ငြီးငွေ့မိခြင်း 
ဘာမှ ဆုပ်ကိုင်မရ လိုက်
ရှပ်ပြေးသွားသည့် အရိပ်သည် 
အိပ်ပိတ်စာ တစ်စောင် အနေဖြင့် 
ကိုယ်တိုင် ကိုယ်ကျ ရောက်လာသောအခါ 
ဘယ်သူဘယ်ဝါ လိပ်စာပျောက်သူ 
စုံစမ်း ရှာဖွေ စစ်ဆေး အတည်ပြု 
မှတ်ချက်ချ တရားစီရင်ခြင်း 
တစ်ကိုယ်ရည်ဆို လွမ်းသလို 
အဖော်တွေစုံတော့လဲ လူပိုကြီးတစ်ယောက်
အပြုံးချိုချိုကလွဲလို့ ဒီငနဲက မွဲတယ် ။ 

၀၇း၄၁ နာရီ 
၁၅၊ နိုဝင်ဘာ၊ ၂၀၀၉ ။

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ကီးကို တစ်ယောက်လိုက်ညှိပေးရတဲ့
သံစုံတီးဝိုင်းတစ်ခု
အမေက အစောကြီး ထမင်းထကြော်ရင်
အစ်ကိုက  ဆိုင်ခင်းတယ်
ကျွန်တော်က စားပွဲထိုး။

ကံကြမ္မာက တီးတဲ့အတိုင်း
မိသားစုတွေအကုန်လုံးလိုက် ကကြရတယ်
ဘ၀က ဘာကိုမှအလကားမရတဲ့အတွက်
နေ့တိုးနဲ့ ပြန်ပေးရတယ်
အိမ်လခ၊ မီးဖိုး၊ရေဖိုး စသည်ဖြင့်။

တစ်ယောက်က ဆန်ဆေးရင်
တစ်ယောက်က မီးမွှေးတယ်
ထမင်းဝိုင်းမှာ လက်ဆုံကြရတာလောက် ကောင်းတဲ့ဟင်း
မိသားစု ထမင်းဝိုင်းမှာစိုစိုပြေပြေမရှိဘူး။

တက်မရှိရင် လက်ထိုးလှော်မယ်
ငါတို့အတွက် ကမ်းမမြင်လမ်းမမြင်ဆိုတာ
အကြာကြီးမဟုတ်ဘူး
နွေဘယ်နှစ်ခု မိုးဘယ်နှစ်ခု ဆောင်းဘယ်နှစ်ခု
ငါတို့ရဲ့ ရာသီဥတုဟာ မိသားစုဆိုတဲ့ မီးလင်းဖိုလေးနဲ့
အမြဲနွေးတယ် ။

၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ။

Tuesday, 10 January 2012

သတိရခြင်းဟာ အပြာရောင်ပန်းလေး ဖြစ်တယ်ဆိုပါစို့

မမြင်ရတဲ့ ကြိုးစလေး
စိတ်ကူးနဲ့ အကြိမ်ကြိမ်ချည်နေမိ
ပြုတ်ကျသွားတဲ့ နေ့သစ်ထဲ
အပြာရောင်ပန်းတွေ ပွင့်နေလိုက်ပုံများ
ဖွေးဖွေးလှုပ် ။


နံနက် ၃း၄၂ နာရီ ။
၇၊ ၀၁၊ ၂၀၁၂ ။

တိုးတိတ်ရင်

ခုတ်မပစ်လိုက်ပါနဲ့ကွယ်
ညွတ်ကိုင်းကျလာတဲ့
သံယောဇဉ် အခက်အလက်တွေကို ။

ဒီရင်ကို လှုပ်ခတ်စေတဲ့
ဆည်းလည်းသံဟာ
အချစ်ဆိုတဲ့ ငှက်ကလေး ရယ်ပါ ။

စိုးရိမ်မှုတစ်ဝက်နဲ့
မလုံတဲ့ အမိုး၊ အကာနဲ့
အမြဲပဲ ဥပေက္ခာမိုးသားတွေကို စိုးရွံ့နေခဲ့ရတယ် ။


၁၀း၅၃
၂၀၊ ၆၊ ၂၀၁၁။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe