• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Sunday 24 February 2008

ကြယ်တွေမြူးတဲ့ ကမ္ဘာ




ကြယ်တွေမြူးတဲ့ ကမ္ဘာ

အတ္တတွေ ဖျားတဲ့ည က
ကြယ်တွေ များ လျှောခနဲ လျှောခနဲ

လမ်းမကြီးပေါ် တိုးယိုပေါက်
ပြို ပြို ကျတယ်
ဝင်္ကပါ လမ်းတွေထဲ
လိုအပ်ရင် ဘရိတ်သုံးပါ
အန္တရာယ် ဆိုတာ အချိန်မရွေး လာနိုင်တယ်လေ
တစ်စ တစ်နဲ့ အရည်ပျော်လာလိုက်ပုံများ
သံဟာ သံပါလို့ မထင်ရက်စရာ
ရေခဲက အရည်ပျော်ရင် ရေရသလို
ဒီ နှလုံးသားက ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ
အလင်းရောင် တစ်စက် ရုတ်တရက်
ထိုးဖောက်လာသလို စူးကနဲ
အပေါင်ကုတ် ယောင်ဆုတ် ပေမယ့်
အဲဒီ စွဲလမ်းမှု့က
အအိပ် အစား ပျက်တယ် ။

လျှောက်လာလိုက်တာ ရောက်မှန်းမသိ ရောက်



လျှောက်လာလိုက်တာ ရောက်မှန်းမသိ ရောက်

နှစ်ကာလ ဆိုတဲ့ အချိန်ရဲ့ ယိုယွင်းခြင်းမှာ
ကြီးရင့်မှု့တွေ အထပ်ထပ် နဲ့ ကျင်လည်ခဲ့ရ
ခြေတစ်လှမ်းကစပြီး အကွာအဝေး များစွာကို
ဇွတ်တရွှတ် လွင့်ထွက် မိတယ် ဆိုရင်ပဲ
ဘ၀ မှာ ထစ်ချုန်းသံတွေ ခဏ ခဏ ကြားရတယ်
အန္တရာယ်တွေ တစ်ပွေ့တစ်ပိုက်နဲ့
ဝင်္ကပါ တွေ ပတ်မိတယ်
ခပ်မျှင်းမျှင်း အသက်ရှူ သံကလွဲလို့
ညက တိတ်ဆိတ်နေ တုံးပဲ ။

မရခဲ့ဖူးတာတွေကို ရှာဖွေကြည့်လို့
ရခဲ့ဖူးတာတွေ လက်မတင်လေး
ကျပျောက် သွား တတ်တယ်
လက်စုပ်ပြည့်လို့ လက်ကြားယိုတယ်ဆိုပေမယ့်
အခုထိတော့ အဲဒီဆေးက
ပျောက်ကင်းတဲ့အထိ အာမ မခံနိုင်သေးဘူး ။

မုဆိုးက မုဆိုး
သားကောင်က သားကောင်
တောကလဲ တောဥပဒေသ
အရာရာ အတွက် အားလုံး မတူညီနိုင်တဲ့
အမှန်တရား တစ်ခုစီတော့ ရှိနေကြစမြဲ
အမြဲတမ်းကြီးတော့လဲ ဘယ်ဟုတ်မလဲ
ရောင်နီရဲ့ အသက်သွင်းမှု့တွေနဲ့
မလှမပ နေ့ရက်တွေ ရှေ့ဆက်နေကြရင်း
မကွေးမဆန့် မီ ကျွန်တော့်ကိုလာလာတိုးတယ်
ကိုယ်တိုင်ကလဲ မီးစိမ်းကို မျှော်မိပြန်တယ် ။

သံယောဇဉ် ဆိုတာကလည်း
အဆုံးရောက်ရင် အစကို ပြန်ကောက်တတ်သလား
လိုလိုလားလားကို ခါးသီးသွားပြီ
ရောင်စုံ ပန်းတွေပန်လို့
အလှသွေးကြွ နေတဲ့ လောကထဲမှာပဲ
တမေ့တမော
ရီးလေးခို ကစား နေချင်တော့တယ် ။

နာမည်ရှေ့မှာ တစ်စုံတစ်ခု ပြောင်းလဲလာတိုင်း
(မောင် ၊ ကို ၊ ဦး)
လေးလေး လာတတ်တဲ့ အသိဟာ
ကျင့်သားရလာပြီလားလို့ ကိုယ့်အထင်
ပြန်ပြန်မေးမိတယ်
ကိုယ့်တန်ဖိုး ကိုယ်စီကိုတော့ အလွယ်တကူ ချမပြစ်ကြေးပေါ့ ။ ။

Thursday 14 February 2008

အပိုင်းအစ(၂)


နောက်ဆုံးညှစ်ချလိုက်တဲ့ သွားတိုက်ဆေးလို
နှလုံးသွေးတွေ ညှစ်ထုတ်ခံရ
ဘဝဟာ
အချိုကုန်ပြီးသားကြံဖတ်နဲ့
သွေးသားတော်စပ်တယ် ။


အစကတည်းက တိုတောင်းလှပါရဲ့
သံယောဇဉ်တွေ တစ်စတစ်စ ဆက်
အထုံးအဆစ်တွေနဲ့ ရှည်ထွက်လို့
ဘဝဟာ
အတေ့အဆက် တစ်ချက်လွဲရုံနဲ့
တစ်စစီ ပြုတ်ထွက်သွားနိုင်တယ် ။


ရင်ခုန်သံကို စည်းချက်လိုက်
တေးသွားအကျနဲ့ ကခုန်
စိတ်ကူးယဉ် ပုံပြင်နဲ့
ဒဏ်ရာတွေ အစိမ်းလိုက် ကုသခဲ့
ဘဝဟာ
မနက်ဖြန်ရဲ့ မီးပြတိုက်လဲဖြစ်တယ် ။


အခါခါပဲ လောင်ကျွမ်း
အခါခါပဲ ငြှိမ်းသတ်
အခါခါပဲ သက်ပြင်းချ
ဇော ဆိုတာက
မမောနိုင် မပန်းနိုင်
ပူးလိုက်ခွာလိုက်
မက်လက်စ အိပ်မက်
မနက်ဖြန် ထပ်မက်မယ်
သေသူမဟုတ်တဲ့အတွက် အသက်နဲ့ပဲ ။ ။

တေ့လွဲပန်းတွေ ဝေနေတယ်

တေ့လွဲပန်းတွေ ဝေနေတယ်

ကတိတွေအထပ်ထပ်ပေး
ပြီး အထပ်ထပ် ချိုးဖောက်
တောင်းပန်ပါတယ် ဆိုတဲ့
စကားတစ်လုံးနဲ့တင် အရာရာကို ခွာချ
မလိုလဲသုံး လိုအပ်လဲသုံးတတ်တဲ့စကား
အိပ်ရေးဝအောင် အိပ်
ထမင်းများများစား
သူ့ ဆေးဝါးနဲ့သူတော့
အစပ်အဟပ်တည့်ခဲ့တယ် ။

ညဆိုလဲ အိပ်မရဘူး
စိတ်မပူနဲ့ အိပ်ပျော်အောင် အိပ်
အိပ်မက်ထဲကို လာခဲ့မယ်တဲ့ ။

အခုတော့လဲ....
လမ်းထိပ်က အုတ်ခုံမှာ
အိပ်မပျော်တဲ့ည ကြေညာစာတမ်း
ဂစ်တာသံ ဒေါင်ဒေါင်ဒင်ဒင်နဲ့
သံယောဇဉ် အပိုင်းအစတောင် ယူမလာတော့နဲ့တဲ့ ။

မျက်ရည်လွယ်တဲ့ နေ့ အတွက်
အယ်လ်ကိုဟောနဲ့ အရောင်တင်ခဲ့
လမ်းထိပ်က အုတ်ခုံမှာ
တေ့လွဲပန်းတွေ ဝေနေတယ် ။ ။

၂၃ နှင့် ရာဟုမလေး၏ ကဗျာဆရာသို့

၂၃နှင့် ရာဟုမလေး၏ ကဗျာဆရာသို့


၂၃ဟာ နှင်းတမြမြ အေးတစ်ညနဲ့
မင်းကို လှုပ်နိုးလိုက်ပီ သူငယ်ချင်း
မပီဝိုးတ၀ါးနဲ့ အလင်းနှစ်တွေကို
ဆုပ်ကိုင်လို့ တောအထပ်ထပ်ကို
ဇောမကပ်ပဲ ဖြတ်သန်းလာခဲ့တယ်
ဒီလိုနဲ့ ကျန်ခဲ့တဲ့ဆောင်းညတွေကို
လှည့်ကြည့်မိတယ် ... ... ...။


တစုံတရာအတွက်နဲ့
အဘိဓမ္မာတွေကို သွန်ချ
သက္ကရာဇ်ကျင်းထဲ ခုန်ချလို့
ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရတဲ့
နေ့ရက်တိုင်းအတွက်
မိုးခေါ်တေးတွေကို သီဆိုဖူးတယ်။


တုံ့နှေးလေးလံတဲ့ ခန္ဓာတစ်ခုအတွက်
မောပန်းမှုတွေ ကြုံလာတိုင်း
ကဗျာနဲ့ အခါခါပွတ်သပ်လို့
အာသာဖြေခဲ့ရတဲ့လမ်းတိုင်းမှာ
ပန်းတိုင်းလည်း ပွင့်ခဲ့ဖူးတယ်။


နူးညံ့မှုတွေနဲ့ စီးမျောခဲ့တဲ့
မြစ်ကြောင်းတလျှောက် ချကျွေးခဲ့တဲ့
စာနာမှုတွေကတော့
ဟိုတစ်ဖက်ကမ်းထိ ကပ်ပါလာမယ်ဆိုတာ
ငါ ယုံကြည်တယ် သူငယ်ချင်း ...။


ဟောဒီ ၂၃ကစလို့ မင်းရယ်
မင်းရဲ့ ရာဟုမလေးရယ်
မင်းချစ်တဲ့ အသိုက်အမြုံလေးရယ်
အရာရာအားလုံးဟာ ခရီးအဆုံးထိ
လေဆန်တိုင်း ပျံတက်နိုင်ရတော့မယ်


စွန့်စားပါ ယုံကြည်ပါ
နမ်းရှိုက်ပါ ရူးသွပ်ပါ
မင်းရဲ့ လက်သေးသေးကွေးကွေးလေးနဲ့
ရေးခဲ့တဲ့ ကဗျာတိုင်းဟာ
ကမ္ဘာမြေကြီးအတွက် အနူးညံ့ဆုံးတွေ
ဖူးပွင့်နိုင်ပါစေလို့ ငါဆုတောင်းပေးတယ်
ရာဟုမလေးရဲ့ ကဗျာဆရာရေ

မျှားပြာ

Saturday 9 February 2008

ဖေဖေါ်ဝါရီ ( ၉ ) ရက်

ဖေဖေါ်ဝါရီ (၉)ရက်

ပြက္ခဒိန်တစ်ခုရဲ့ ဖေဖေါ်ဝါရီ (၉)ရက် မှာ လူတစ်ယောက်ရဲ့အသက်နဲ့ လူတစ်ယောက်ကို လဲလှယ်ရလို အသက်ကို လောင်းကြေးထည့်ပြီး ခေါ်ခဲ့တဲ့မေမေရဲ့ ကျေးဇူးတွေကြောင့် ဖေဖေါ်ဝါရီ (၉) ရက်တွေ (၂၃)ကြိမ်တိုင်ခဲ့ပါပြီ ..။

ဘ၀သံသရာထဲမှာ ကူးခတ်နေရသေးတဲ့ ပုတုဇဉ် လူသားတစ်ယောက် အနေနဲ့လဲ လောကဓံရဲ့ အထုအထောင်းကို လူသားပီသစွာခံယူတတ်ခဲ့ပါပြီ .။

အမှား ပေါင်းများစွာကိုလဲ ကျေကျေနပ်နပ်နဲ့တစ်မျိုး မကျေမနပ်နဲ့တစ်မျိုး ကျူးလွန်ခဲ့ဖူးပါတယ် ၊ နောင်တ တရားပေါင်းများစွာ ကိုလဲ ကောက်သင်းကောက်ပုံ ကောက်ခဲ့ဖူးပါပြီ ရေရှည်ရည်မှန်းချက်အတွက် လတ်တလော အလိုဆန္ဒများကို လဲ ထိန်းသိမ်းတတ်ပါပြီ မေတ္တာတရားရဲ့ ဘာသာဗေဒကိုလဲ သူဖုန်းစား တစ်ဦးလို လိုက်တောင်းဖူးပါပြီ ..။ ။

ဒီနေ့အတွက် မေတ္တာတရားတွေ စွန့်ကျဲခဲ့ကြတဲ့ ဘလော့ရပ်ဝန်းလေးမှ ညီအစ်ကိုမောင်နှမ သူငယ်ချင်းများရဲ့ သံယောဇဉ်တရား မေတ္တာတရားဟာဖြင့် ဘ၀ရဲ့ အမှတ်တရ များစွာထဲမှ မေ့ဖျောက်ဖို့ ခက်ခဲတဲ့ အရာများဆိုတာကို ယခုပို့စ်လေးတစ်ပုဒ် နဲ့အတူ ကျေးဇူးတင်ကြောင်း ပြောပါရစေ ။ ။

တကူးတကပဲဖြစ်ဖြစ် ၊ ကြုံကြိုက်လို့ပဲဖြစ်ဖြစ် ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲဖြစ်ဖြစ် လာရောက်လည်ပါတ် မွေးနေ့ဆုတောင်း ပေးခဲ့ကြသူများ အားလုံး အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ၊ မွေးနေ့အတွက် ကဗျာလေးတစ်ပုဒ်နဲ့ မကြိုက်မခြင်း သူကိုယ်တိုင် လက်စွမ်းပြပေးတဲ့ ညိမ်းညို ကြီး ၊ သူဘလော့မှာလဲ ကဗျာတစ်ပုဒ်နဲ့ ဆုတောင်းပေးတဲ့ ကျွန်တော်ကအမြဲနိုင်တဲ့ ဖြိုးငယ် ၊ မွေးနေ့ပွဲ အတွက် ၀ါးတီးစီစဉ်ပေးတဲ့ ညီမလေး ရတနာ တို့ကိုလဲ ကျေးဇူးတင်ပါတယ် ။ ။

မွေးနေ့အတွက် ၀ါးတီးကိုတော့ သူငယ်ချင်း ညီမလေး မရတနာစိုး ဆီမှာ ကြိုက်သလောက် အမုန်းစွဲလို့ရပါပြီ ၊ ကျွန်တော်ကတော့ မွေးနေ့လာလည်တဲ့ သူငယ်ချင်းများကို ဟောဒီ လက်ဆောင်လေးနဲ့ပဲ ဧည့်ခံလိုက်ချင်ပါတယ် ။ ။

သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ ..

သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ.. ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ခေတ်ရဲ့ဟန်ပန်ကို
တကိုယ်တော် ထုဆစ်ပုံဖော်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နှစ်ကာလရဲ့ ယိမ်းယိုင်ယိုယွင်းမှုကို
တကိုယ်တော် တည့်မတ်ထိန်းသိမ်းခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ပေါ်ပင်လိုက်မှုရဲ့ ငြင်းခုန်သံတွေကို
တကိုယ်တော် ကင်းလွတ်ရိုးရှင်းစွာနေထိုင်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အလံထောင်ဆရာတစ်ချို့ရဲ့ ပိုင်စိုးပိုင်နင်းကြုံးသွင်းမှုတွေကို
တကိုယ်တော် လှလှပပကြီးရုန်းထွက်ခဲ့
၂၃ ရာသီ ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အမဲလိုက်သမားတို့ရဲ့ အနုပညာယုန်ဖြူလေးကို
တကိုယ်တော် သန်သန်စွမ်းစွမ်းမွေးမြူခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ငွေစကြေးစတို့ရဲ့ ချစ်ခြင်းမေတ္တာတစ်ပတ်နွမ်းလေးကို
တကိုယ်တော် ပိုက်ထွေးယုယဖြူစင်စေခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နာမည်အတုအစစ်တို့ရဲ့ သရဲလက်တံအရှည်ကြီးတွေကို
တကိုယ်တော် ရိုက်ချိုးဖြတ်တောက်ပစ်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
သံယောဇဉ်ရွှေသားတို့ရဲ့ နူးညံ့ကျယ်ပြန့်မှုကို
တကိုယ်တော် ကဗျာဒြပ်စင်ကသိုဏ်းရှုခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နယ်နိမိတ်ကင်းမဲ့ခြင်းရဲ့ စာနာနားလည်မှုကို
တကိုယ်တော် မားမားမတ်မတ်ရပ်တည်ကျင့်သုံးခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ဟန်နေဟန်ထားအသီးသီးတို့ရဲ့ မာယာသုတ်လိမ်းညွှတ်ကွင်းထောင်ချောက်တွေကို
တကိုယ်တော် လှီးဖြတ်သတ်ပုတ်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အပေါစားတံဆိပ်ကပ်မှုတို့ရဲ့ ပူးတုံခွာတုံရှိဟန်ကို
တကိုယ်တော် ပေါ့ပါးကြည်သာစွာတုန့်ပြန်နိုင်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ရိုးဂုဏ်ရိုးဒြပ်တို့ရဲ့ သိပ်သည်းဆအနက်အဓိပ္ပါယ်ကို
တကိုယ်တော် ပွားများဆည်းပူးခဲ့
၂၃ ရာသီ... ...

ဒီလိုနဲ့..
သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့
၂၃ ရာသီ.. ...။

ညိမ်းညို

Friday 8 February 2008

ပင်လယ်မှာ လှိုင်းမူးခဲ့သူ


ပင်လယ်မှာ လှိုင်းမူးခဲ့သူ

ရေစီးကြောင်းအတိုင်း
ပင်လယ်မှာ လှိုင်းမူးခဲ့သူပါ
တကူးတက
ပန်းတွေခူးခူးပြီး
ဘယ်သူမှမသိအောင်
စာအုပ်ကြားထဲ ညှပ်သိမ်းထားတယ်
သူ့အတွက် ။

အမြဲဆိုနေကျ ဒီသီချင်းတစ်ပုဒ်ဟာ
ကျွန်တော်ကိုယ်တိုင် ချက်ပြုတ်ထားတဲ့
ဟင်းတစ်ခွက်
ဂီတအကြောင်း ကောင်းကောင်း မသိတဲ့ကျွန်တော်
သူ့ပုံရိပ်တွေ က တေးရေးဆရာ တဖြစ်လဲ
အသက်သွင်းလား သွင်းရဲ့ ။

သူဘာပဲပြောလိုက်ပြောလိုက်
နောက်တစ်နေ့ကဗျာထဲ
သူ့အသံတွေ ပါလာတော့တာပဲ
ကျွန်တော်ကလဲ ကျွန်တော်
သူ့ကိုယ်ပေါ် မျှော့တစ်ကောင်တွယ်ရင်တောင်
အညှိုးတစ်ကြီးနဲ့ ရက်စက်လိုက်ရမှ
ကျေနပ်တတ်တဲ့ကောင် ။

ကံကြမ္မာကိုသာ လဘ်သိပ်ထိုးလို့ရခဲ့ရင်
မျက်နှာသာပေး ဆုံနိုင်ရေးအတွက်
အကြိမ်ကြိမ် လဘ်သိပ်ထိုးမယ်ဆိုတဲ့
ကျွန်တော်ဟာ
ရေစီးကြောင်းအတိုင်း
ပင်လယ်မှာ လှိုင်းမူးခဲ့သူပေါ့ ။ ။



Thursday 7 February 2008

နေ့ထဲ သော့တစ်ချောင်းနဲ့ဖွင့်လိုက်တယ်


နေ့ထဲ သော့တစ်ချောင်းနဲ့ဖွင့်လိုက်တယ်


တစ်နေ့တစ်နေ့
ရှင်သန်မှု့ဆိုတာကြီးကိုက
ပေါင်းအိုးထဲ ထည့်ပေါင်းခံထားရသလို ။

ဘယ်ကပဲစလိုက် စလိုက်
လောကကြီးကကွာဆိုတာနဲ့ပဲ
သံတွေလို အရည်ကျို ပုံသွင်းတော့တာပဲ ။

အမြတ်မလိုချင်ပါဘူးဆိုရင်တော့
ဈေးစကားမပြောပါနဲ့
ညနေခင်းလောင်းကစားဝိုင်းထဲမှာ
လောဘ တွေပုံပုံပြီး လှော်ခတ်နေကြပုံများ
ဒီတစ်ခါနောက်ဆုံးပါပဲဆိုတဲ့ကြုံးဝါးသံတွေနဲ့ပဲ ။

ဇန်န၀ါရီမှ ဒီဇင်ဘာအတိုင်း
နွေ ၊ မိုး ၊ ဆောင်း
ရာသီဥတု
အချိန်နဲ့ နေရာ
အရွယ်သုံးပါး
ငိုသံနဲ့စ ၊ ငိုသံနဲ့ဆုံး
လောကမှာ အမြဲဆုံးအရာဟာ
မတည်မြဲခြင်းဆိုတာကို
အဲဒီအထဲကပဲ ရှာတွေ့ခဲ့ကြတယ် ။ ။

ကျွန်တော်နဲ့သူမ(၃)

ကျွန်တော်နဲ့သူမ(၃)


သူမရဲ့ ဖြစ်တည်မူက
သမရိုးကျ ရှင်သန်မှု့
ကျွန်တော့်ဖြစ်တည်မှု့ ကို
တစ်ဝက်တိတိ ၀င်လုတယ်။


နှလုံးသားခြင်းထိခတ်လိုက်မိတဲ့အခါ
အချစ်ဆိုတဲ့ပန်းတစ်ပွင့် ပွင့်အာတယ်
ပုံသဏ္ဍာန်အမျိုးမျိုးကွဲပြားနေခြင်းအပေါ်
သူမနဲ့ကျွန်တော်ရဲ့ အချစ်က ထပ်တူနီးပါး တူညီတယ် ။


ကျွန်တော် သတိထားမိလိုက်တဲ့အချိန်
ကျွန်တော့်မှာ အသက်ကယ်ဆေးမရှိတော့ဘူး
ဖုတ်ပူမီးတိုက်
ချဉ်ခြင်းတတ်အလွမ်းနဲ့
အစောဆုံးမနက်မှာ နောက်အကျဆုံး အိပ်ရာဝင်ဖြစ်တယ်။


ကျွန်တော်ရဲ့ အိပ်ရာဝင်နောက်ကျခြင်းဟာ
ဆက်သွယ်မှု့ဧရိယာအတွင်းမှာ
သံယောဇဉ်ကြိုးတွေ
ဖုန်းလိုင်းပူးနေခြင်းဖြစ်တယ် ။ ။

ဘယ်သူပြောလဲ ...ကဗျာဆိုတာ မိုးကျရွှေကိုယ်

ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်

အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …

အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …

ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …

ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ ရင်ခတ်သံဟာ ခံစားချက်ရဲ့ မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …

အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …

အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …

ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …

မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ဓါတ်ပြုလိုက်ကြတယ် … …

မတွေ့ ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …

( တည်ညိမ်းကို + ChIroN + တင့်ထူးရွှေ + ဖြိုးငယ် + မျှားပြာ + ညိမ်းညို )

Tuesday 5 February 2008

သုံးချောင်းထောက်ကဗျာ

သုံးချောင်းထောက်ကဗျာ

သူငယ်ချင်းသုံးယောက်ရှိတယ်
လေကြီးမိုးကြီးရယ်
လျှာပေါ်မြက်ပေါက်ရယ်
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ရယ်..
လေကြီးမိုးကြီးက
ဒီနေ့ ဒိုင်ယာလော့တွေ လွှတ်ကောင်းနေတယ်
ဘီယာကိုရေခဲသေတ္တာထဲတည့်တယ်
ပြီးတော့ heater ပေါ်တင်တယ်
ပူတစ်ဝက်အေးတစ်ဝက်ဘီယာကို
ချစ်သူတစ်ယောက်လိုယုယနေပုံ
သူ့မျက်လုံးတွေကရီဝေ
သူ့နှုတ်ခမ်းတွေကတုန်ယင်
အိပ်ရေးမ၀လို့ထင်ပ
ဟေ့.. နှင်းဆီခိုင်ကြီးရေ
လာဟေ့ မင်းအလှည့်
တို့မှာလည်း
ရင်ငွေ့လှုံစရာဆိုလို့ဒါလေးပဲရှိတယ်ကွာ
ဟုတ်တယ်ဟုတ်..။

မဟုတ်ဘူးကွတဲ့
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က
ဝမ်းခေါင်းသံကြီးနဲ့ ထအော်တယ်
မင်းချက်တဲ့ကဗျာက မနူးဘူး
ဆရာ့ဆရာကြီးတွေ ၀မ်းပျက်နေဦးမယ်ဆိုပဲ
ကြိုက်သပ
လာစမ်းကွာ..
မင်းဘာကောင်လဲ ငါဘာကောင်လဲ
အသည်းကွဲတဲ့အကြောင်းတော့ လာမပြောနဲ့
မင်းလှိမ့်တာတွေရိုးနေပီလေ
ဟေး..ဟေး မျက်နှာကြီးရှုံ့မဲ့သွားပုံက
လေလျော့နေတဲ့ ပူစီပေါင်းလို
အတွင်းသားမှာ ဗလာကျင်းနေသယောင်
ဟာ..ဟ မင်းကိုငါမယုံတော့ဘူး နှင်းဆီခိုင်
လာလာ မင်းထိုင်လှည့် ငါညောင်းနေပြီ။

ကဲ ... လေကြီးမိုးကြီးရေ
မင်းမခေါ်ခင်တည်းက ငါတက်ချင်နေတာဟ
နေဦး ဒါလေးတော့ ကုန်အောင်မော့မယ်ကွာ
အဆင်ပြေတယ် မဟုတ်လား
ဟ .. ခုံပေါ်မှ မရောက်သေးဘူး
ဟိုဘက်မှာငါသောက်ညင်ကတ်တဲ့
ရမ်ဘိုကားက ဖွင့်ထားပြန်ပီ
ထားတော့ ဘလော့ဂါတစ်ယောက်ကပြောတယ်
နှာစေးနေတာ ကောင်းတယ်တဲ့
မနေ့က မန်ယူရှုံးသွားတယ်
ဒီနေ့တော့ မင်းဆီရောက်လာတယ်
မင်းကို ကြိုသတိပေးမယ် ..
ငါ ခေါက်ဆွဲခြောက်နဲ့ ရန်ဖြစ်ထားတယ်
ဟေ့ကောင် လျှာပေါ်မြက်ပေါက်
ဟိုလူကောင်းတယ် ဒီလူကောင်းတယ်မလုပ်နဲ့
အရက်မရှိတဲ့ ပုလင်း ဂျိုကာမပါတဲ့ ဖဲထုပ်
အင်တာနက်မချိတ်ထားတဲ့ ကွန်ပျူတာ
ကပ်ကပ်လန်အောင်ရန်မတွေ့ တတ်တဲ့ ကောင်မလေး
ယောင်လို့တောင် ရန်မခုန်တတ်ဘူး
အဲဒီစကားလုံးတွေက ကြားရတာများလို့ နားခါးနေပြီ
ပြောရဖန်များလို့ ရွှေချရမယ်ဆိုရင်လည်း
ရွှေတောင်ကြီး ဟည်းထနေပေါ့
လျှာဖျားမှာ အသားမာတွေက သက်သေ။

ငါဖြတ်ပြောဦးမယ် လေကြီးမိုးကြီးရေ
မင်းကို ခုန..ကဗျာရေးပါဆို
ကွန်ပြူတာရှေ့ထိုင်ပြီး
ဘီယာလေးစုပ်လိုက် ကဗျာလေးရေးလိုက်
ဘူဇွာတပတ်ရစ်ကြီးနဲ့တူနေသလေး ဘာလေး
လက်ဝဲယိမ်းသလေး လက်ယာယိမ်းသလေးနဲ့
မင်းကိုယ်မင်းနိုင်အောင် အရင်ထိန်းပါဦး
ဘာလဲ ပေတီးပေစုတ်နေမှ
မင်းက ကဗျာဆရာလို့ထင်တာလား
အငဲရဲ့သီချင်းတစ်ပုဒ် ငါဆိုပြမယ်
"မင်းတို့အကြိုက် တံဆိပ်မကပ်နဲ့" တဲ့
ဘာလဲ မင်းသိပ်တုန်လှုပ်သွားသလား
မလန့်ပါနဲ့ကွာ
မင်းရင်ထဲရှိတာ ရေးချလိုက်စမ်းပါ ...
ဘယ်သူမှ ဦးမညွှတ်ရင်နေ ငါဦးညွှတ်မယ်။

မင်းရယ်နေမလား လျှာပေါ်မြက်ပေါက်
ဒါမှမဟုတ် ခပ်တည်တည်နဲ့ မင်းစတိုင်လ်အတိုင်းလုပ်နေမလား
သေချာတာတော့ သိပ်ချစ်တတ်တဲ့ယောင်္ကျားတိုင်းဟာ
နည်းနည်းလေးဝင်လာရင် ချစ်သူကိုတမ်းတတတ်တယ်ဆိုတာပဲ
ငါမြင်နေရတယ်လေ
ငါ့ရင်ဘတ်ထဲရှိတဲ့သူတိုင်းကို ငါမြင်နေရတယ်
ဖြစ်နိုင်ရင်တော့ မင်းရဲ့သိပ်ချစ်တတ်တဲ့နှလုံးသားကို
တစ်ရာသီတော့ အငှားချကွာ
ငါလည်း လူငယ်ခြေတက်တစ်ယောက်ပါ
နေဦး "တူတူတူ တူတူတူ" တဲ့
ဖုန်းလာနေပြီ
ကဲ လျှာပေါ်မြက်ပေါက်ရေ
မင်း စင်ပေါ်ကို တက်လိုက်ဦး ...။

ငါ့အလှည့်များရောက်ပါ့မလားလို့ ကွာ
မင်းတို့တွေလဲ ဂေါ်ဖီစားပြီး တော်ကီ ပွားလွန်းအားကြီးတယ်
ဖြေးဖြေးလဲ ဖေါက်ပါ ဆြာတို့ရယ်
အဖျားအနားလေးပဲဖြစ်ဖြစ် ငါလဲလန်းပါရစေကွာ
မင်းလက်ထဲကစီးကရက် ငါ့ကိုပေးဟေ့..
ကဗျာရေးရင် အတွေးတွေက အခိုးအငွေ့လို
လည်မျိုထိတွယ်တွယ်တက်လာရဲ့
အချစ်အကြောင်းကို ကဗျာဖွဲ့မယ်ဆိုပဲ
မလုပ်နဲ့..မလုပ်နဲ့
ဒီကိစ္စတအားနူးညံ့တယ်ဟ။

ငါ့မှာလဲ ငိုခြင်းတစ်ပုဒ်ရဲ့ညွှတ်ကွင်းထဲ
အမုန်းတွေပဲ ခွဲတမ်းကျကျလာတယ်
ကံကြမ္မာကလဲ ငါ့ကျမှ မျက်နှာဖျက်ရိုက်
စားစရာမရှိ လျှော်စရာရှိပေါ့ကွာ
လျှာပေါ်မြက်ပေါက်တောင် ငါဆိုတဲ့ကောင်က ခပ်ပြုံးပြုံးပဲ
မရယ်နဲ့ ငါ့ကောင်တွေရေ..
ကင်မရာ မီးတွေဖျတ်ဖျတ် ဘယ်သူများ အကယ်ဒမီရမလဲ
အားလုံးရင်တလှပ်လှပ်
ငါ့အနားဘယ်သူမှ လာမကပ်နဲ့ လာမကပ်နဲ့
တစ်ကောင်ထဲပဲ
ဒါပေမယ့်ကြွက်စုတ်
ငါ့လက်ကို ၀ိုင်းဆွဲကြပါဦး
ငါ့လက်တွေ ဗဟိုချက်မဲ့နေလို့ကွာ
ခေါင်းထဲက မိုက်ကနဲ ဆို လက်က ရိုက်ပြီးသားပဲ
ဘေးက ဘီယာပုလင်းကလဲ ဖင်ကပ်နေပြီ
အိမ်ရှင်ဘယ်သူလဲဟေ့... ဘယ်ကောင်လဲ
လက်ညှိုးလေးကွေးရုံနဲ့ လူမိုက်ဆိုကွ
ဒီအချိန်မှာ ငါလက်တက်နေတယ်
ငိုင်မနေနဲ့ ငူမနေနဲ့
နိုင်သောသူတစ်ဝိုင်းလုံးသိမ်းတယ်ဆိုတာ
ကြားဖူးရဲ့မဟုတ်လား ။

ဟောဒီမှာ
ငါတို့ကဗျာကို သုံးချောင်းထောက်ထားတယ်
ညာရမှာပျင်းတဲ့ လူသုံးယောက်
ကိုယ့်အရိုးနဲ့ကိုယ်ထောက်ကူ
ဘ၀ကိုကဗျာနဲ့ ဆ,တူရောစပ်ထားခြင်း ဖြစ်တယ်
ကဗျာစီးဝင်လာရာလမ်းကြောင်းအတိုင်း
သံဂဟေ ကြေးဂဟေ အထပ်ထပ်နဲ့
ကိုယ့်ရင်ဘတ်ကိုယ် ပလပ်ခေါင်းထိုးလိုက်ကြတာလည်း ဖြစ်တယ်
မိတ်ဆွေ အလိုက်အထိုက်တော့ မလုပ်ပါနဲ့
ကြိုက်ရင်လဲကြိုက်သလို မကြိုက်ရင်လည်းမကြိုက်သလို
ဆဲပါ.. ဆိုပါ.. ယဉ်ကျေးသိမ်မွေ့ပါ
ဟောဒီကဗျာကပေးလာမဲ့အမွေ ရွှေဖြစ်ပါစေတော့..။ ။

အရူးသုံးကောင်

Saturday 2 February 2008

ညွှတ်ကွင်းအပြင်ဘက်

ညွှတ်ကွင်းအပြင်ဘက်


အလေ့ကျပေါက်တတ်တဲ့
ပျင်းရိမှု့တွေ ရိတ်သိမ်းပြီးတဲ့အခါ
ဘ၀ဟာ ပေါ့ပါးလို့
တိမ်ဖြူတွေ လွင့်တတ်တဲ့ ကောင်းကင်မှာ
သတိရခြင်းက နေသားတကျ
မတွေ့မထိပါဘဲ နဲ့သိနေတယ်
အလိုလိုရှိနေကြတယ်။
အချစ်တို့မှော်အောင်တဲ့တောအုပ်မှာ
ရွှေသမင် ဖမ်းချင်ခဲ့တဲ့ မုဆိုး
အတွေးတို့ထမ်းပိုးလို့
ပိန်လိုက်ဖောင်းလိုက် အသက်ရှူခြင်းအပေါ်
တစ်နေ့တစ်နေ့ အတ္တတွေ အစာချက်နေရတာ
ငြီးငွေ့လို့
ခြေခင်းလက်ခင်းသာတဲ့တစ်နေ့
အလွမ်းတွေ ဖျော်ရောင်းတဲ့ ကော်ဖီဆိုင်မှာ
ကော်ဖီဝင်သောက်မယ်
မေတ္တာဘွဲ့ တွေပြတဲ့ ရုံ မှာ
ရုပ်ရှင်ဝင်ကြည့်မယ်
ရယ်စရာအကောင်းဆုံး ပျက်လုံးတစ်ခု နားထောင်မယ်
နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့
စကားစမြည်ပြောမယ်
နောက်ဆုံးပေါ်တွေ ရောင်းတဲ့ ကုန်တိုက်မှာ
အသစ်အဆန်းတွေ ၀င်ငေးမယ်
ကလေးကစားကွင်းရဲ့အပြင်ကနေ
ကလေးတွေ ပျော်နေပုံကို ခဏလောက် ရပ်ကြည့်မယ်
ညွှတ်ကွင်းတွေရဲ့ အပြင်ဘက်မှာ
ခဏလောက်ဖြစ်ဖြစ် ဘ၀ကို ရပ်ထားပေးစေချင်ပါတယ် ။ ။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe