• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Tuesday 23 September 2008

ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

ပဲ့နေတဲ့နေရာလေးကိုမှ
နဲနဲချင်းစိဖဲ့လိုက်သလိုမျိုး
ဒီလိုနဲ့ တစ်ပြင်လုံး ပဲ့ထွက်သွားလိုက်တာ..

ပြန်လာမယ်ဆိုတဲ့စကားကို
အဝေးကြီးကနေပြောတယ်
ဘယ်အရာတွေထဲက ထွက်ကျလာတဲ့အသံလဲ
ဟောဒီနားနဲ့ကို ဆက်ဆက်ကြားမိပါတယ်
တစ်ဦးတစ်ယောက်ချင်းစီအတွက်
ရူးနှမ်းခွင့်နဲ့ အသားကျနေတဲ့နေရာမှာ
မင်းလဲ ပျော်သလိုသာနေပါ
ဘယ်အရာတွေမှ ရပ်နေလို့မရတဲ့ကမ္ဘာမှာ
မင်းရောကိုပါ လိုက်ပါရွေလျှားနေကြတာပဲ
တစ်နေ့နေ့ တစ်ချိန်ချိန်တော့
တိုက်မိ ဆောင့်မိကောင်းပါရဲ့ကွယ်။

တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့
ရေဆုံးရေဖျား
မေးလေးထောက်ထောက် ကြည့်ရတာ အမော
ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ်
လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့
မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ်
နှေးကွေးလေးလံလွန်းလှရဲ့ ။

အဆုံးထိရောက်မှ အစကိုပြန်ကောက်ရတဲ့
ကိုယ့်ကမ္ဘာမှာ
ဘယ်မြစ်မှ သောင်မထွန်းခဲ့ပါဘူး
အမြဲချော်ထွက်နေတဲ့လမ်းကနေ
ခပ်အေးအေးပဲ တေးဆိုနေချင်တယ် ။

မုန့်ဆီကြော် ဘယ်ဆီနေမှန်းမသိတဲ့အဖြစ်ဟာ
စိတ်မှန်းနဲ့ ရူးနှမ်းမှုတစ်ခုဆိုရင်
မုန့်ဆီကြော် မကြိုက်တဲ့ကျွန်တော့်အတွက်
စကားလုံး လှလှ နိတိကျကျ
သွေဖီခွင့်ပြုပါ ။

လမ်းပေါ်မှာတွေ့လို့
ကောက်ယူမွေးစားလိုက်ရတဲ့ အဖြစ်မျိုးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အတွက် အဓိပ္ပါယ်တစ်ခုခုရှိနေမယ်ဆိုရင်
တစ်လနဲ့ကိုးသီတင်း
ကောင်းကင်ကြီးက ၀ှက်ထားတဲ့ ကိုယ့်ကြယ်လေးနဲ့
ဒီညမှာပြည့်ပြည့်၀၀
စကားတွေတ၀ပြောချင်တယ် ။ ။

Thursday 4 September 2008

လေသလပ်ခံခဲ့တဲ့ညနေ

ဒီနေရာကိုရောက်တော့
တောနံ့ တောင်နံ့တွေ ပြန်ရတယ်။

မြို့ကြီးပြကြီးရဲ့ အဆင်းတန်ဆာတစ်ခု
ထမ်းပိုးထားရတဲ့အရာတွေခဏတာဖြေလျှော့တဲ့နေရာ
အနဲဆုံးတော့ လတ်ဆက်တဲ့လေ အလကားရတယ်။

မြစ်ကမ်းနဘေးမှာ
နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ
အတွေးဟာ တိပ်ခွေတစ်ခွေလို
ကျော်ချင်တဲ့နေရာကိုကျော်
ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ်
လေသလပ်ခံခဲ့တဲ့ညနေ။

မြစ်ရဲ့ကျောကုန်းပေါ်
မျောပါလာတဲ့ အမှိုက်များနဲ့ကျွန်တော်
ကျွန်တော့်ဘေးမှာထိုင်နေတဲ့ နောက်ထပ်အမှိုက်တစ်စ
ရစ်ခွေဆန်တက်သွားတဲ့ မြစ်ကြောင်းအတိုင်း
ချိတ်ချင်တဲ့ကိုင်းနဲ့ချိတ်
ညှိချင်တဲ့ နေရာမှာညှိလို့
ရေကြီးသုတ်ပြာနဲ့ အရုဏ်တက်ရမယ့် မနက်မှမဟုတ်ပဲ။

ပူနွေးလာတဲ့ကမ္ဘာကြီးနဲ့
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး
အိုဇုန်းလွှာ ပေါက်ခဲ့တဲ့အကြောင်း
အိမ်တစ်အိမ်မှာ အကြီးကောင်က ထင်းခုတ်လိုက်လို့
မျိုးတုံးသွားတဲ့သစ်ပင်
ညည ငါအိပ်လို့မရတာကအစ
ကြက်ခြေနီသုတ်ဘယ်လိုကောင်းကြောင်းညွန်း
နာနတ်သီးကို ငါလဲကောင်းကောင်းမသိဘူး
မင်းကလက်တန်းကောင်းတယ်ဆိုပြီး
ငါတို့ ညှိခဲ့ကြတယ်
ချိတ်ခဲ့ကြတယ်။

ကဲပြန်ကြဦးစို့ ဘိုညိမ်းရေ
ငါတို့အပြန်လိုက်ပို့မယ့်မိုးကလဲ
တာစူနေပြီ
မြေပုံတွေဘေးအုတ်ဂူတွေနား ဖြတ်လျှောက်ခဲ့ရင်း
မျက်စောင်းတွေလဲ လှမ်းထိုးခဲ့ကြဦးစို့
နောက်နှစ်နွေလဲ
ဒီပန်းသီးပင်တွေပေါတဲ့
ပန်းခြံထဲမှာ ခေါင်းလောင်းလာထိုးကြသေးတာပေါ့ကွာ ။ ။

ရေးပေးပါဆိုလို့ ...


တက်ဂိမ်းကစားတာတွေ တွေ့နေမြင်နေဖတ်နေရတာ ကြာပါပြီ၊ တစ်ခါတော့ tag ခံရဖူးတယ်၊ မွန်(နတ်သမီးလေး)က ဘ၀လက်တွဲဖော်တဲ့ အဲဒီတုံးကတော့ ဘ၀လက်တွဲဖော်နဲ့ပတ်သတ်ပြီး ကဗျာလေးတစ်ပုဒ် ရေးပြလိုက်တယ်၊ အခုတစ်ခါ မီးငယ်က Blog Day အမှတ်တရဆိုပြီး tag လာတယ်၊ ဘယ်လိုရေးရမှန်းမသိလို့ သူများရေးထားတာတွေ လိုက်ဖတ်ကြည့်တယ် အမျိုးမျိုးပေါ့၊ နောက်ဆုံး ကိုရွှေရောင်ကောင်းကင် ရေးထားတာလေး သဘောကျလို့ သူ့လိုမျိုးလေးပဲ ရေးလိုက်ပါတယ်၊ ဘလော့ဂ်ဂါညီမ မီးငယ်လဲ ကျေနပ်မယ်ထင်ပါတယ်။
ကျွန်တော့်နာမည်က ဘလော့ဂ်နာမည်ရော ကျွန်တော်စာတွေကဗျာတွေရေးတဲ့အခါ သုံးတဲ့နာမည်ပါ၊ တင့်ထူးရွှေ သူငယ်ချင်းတွေကတော့ အမျိုးမျိုးပဲခေါ်ကြတာပဲ အခုလောလောဆယ် မိခင်တိုင်းပြည်နဲ့ဝေးတဲ့တစ်နေရာမှာ နေပါတယ်၊ အရောင်တွေထဲမှာအကြိုက်ဆုံးက အစိမ်းရောင်ပါ၊ အ၀တ်အစားကတော့ ကိုယ်နဲ့လိုက်မယ်ထင်တဲ့ဟာ ၀တ်ပါတယ်၊ အစားအသောက် ချေးမများတတ်ပါဘူး မုန့်ဟင်းခါး လ္ဘက်သုပ်တော့ အရမ်းကြိုက်တယ်၊ ၀ါသနာကတော့ ကဗျာရေးတာတို့စာဖတ်တာတို့ပေါ့ ၊ကြိုက်တဲ့စာရေးဆရာတွေလဲ အများကြီးပါ၊ အကြိုက်ဆုံးစာအုပ်တွေလဲ များပါတယ်၊ သီးချင်းဆိုလဲတော်တော်များများကြိုက်ပါတယ်၊ အလိုချင်ဆုံးလက်ဆောင်တစ်ခုကတော့ အခုအချိန်မှာ တစ်စုံတစ်ယောက်ဆီက စကားတစ်ခွန်းပါ၊ လူတိုင်းကတော့မိမိကိုယ်ကို အချစ်ဆုံးလို့ထင်ပါတယ်၊ မေမေနဲဖေဖေကို အလေးစားရဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ချင်ပါတယ်၊ ရင်အခုန်ဆုံးအချိန်ကတော့ ရင်ခုန်ပြီလို့သိလိုက်ရတဲ့အချိန်ပါ၊ လိုချင်တာတစ်ခုခုကိုရလိုက်တာပဲဖြစ်ဖြစ် ဖြစ်ချင်တာတစ်ခုကိုဖြစ်ခွင့်ရပြီဆိုရင်ပဲဖြစ်ဖြစ် ပျော်ပါတယ် အမှတ်တရနေ့တွေလဲအများကြီးပဲ၊ အချစ်ကိုတော့ အချစ်လို့ပဲထင်ပါတယ်၊ အလွမ်းဆိုတာကတော့ ဆွေးဆွေးမြေ့မြေ့နဲ့သတိရလိုက်ခြင်း တစ်မျိုးလားမသိပါဘူး၊ သံယောဇဉ်ဆိုတာကတော့ မမြင်ရတဲ့ကြိုးတစ်ချောင်းလို့ ပြောကြတာပဲ၊ ဘ၀ဆိုတာကတော့ သံသရာကနေမလွတ်မြောက်မခြင်း မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားက ကာလလို့ထင်ပါတယ်၊ သူငယ်ချင်းကိုလဲ သူငယ်ချင်းလို့ပဲထင်ပါတယ်၊ သူငယ်ချင်းတွေကတော့ အများကြီးပဲ ချစ်သူကတော့တစ်ယောက်ထဲပါ၊ လက်စွဲဆောင်ပုဒ်ရာယ်လို့တော့ မရှိပါဘူး၊ လဲရင်ပြန်ထ အဲဒီစကားလေးကိုတော့ တော်တော်ကြိုက်တယ်၊ အပြောချင်ဆုံးစကားတစ်ခွန်းကတော့ ဒီစာလေးကို ဖတ်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ :)
အားလုံးအဆင်ပြေပါစေခင်ဗျာ :) :) :)

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe