• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Sunday 26 October 2008

ချော်ထွက်နေတဲ့လမ်း

အဆင်ပြေရဲ့လား

နင်ငါ့ကိုမမေးဘူး

ဘန်ကီမွန်းထက် နင်ကပိုအလုပ်ရှုပ်တယ်

လာလဲသုတ်သုတ်

ပြန်လဲသုတ်သုတ်

အလုပ်ထဲမှာ အချိန်ကုန်နေရရင်

ကျန်တာတွေ အားလုံးမေ့လို့ရပါတယ်လို့ပြောတယ်

နေ့လဲမဟုတ် ညလဲမဟုတ်

လှောင်ပိတ်နေတဲ့အခန်းထဲမှာ

ငါတစ်ယောက်ထဲပါ

နင်မလာသေးဘူးလား

နင်ပြန်တော့မှာလား

ငါ့မှာ ဒါလေးတွေကလွဲပြီး

ဘာနဲ့များ ငါလမ်းကိုတည့်မတ်ပေးရမလဲ ။

Saturday 18 October 2008

ပွဲတော်



အရောင်တွေ
ပြိုးပြိုးပျက်ပျက်
အပျော်တွေ ဖိတ်လျှံကျ
ဝံပုလွေများရဲ့ တောရိုင်းထ ဂီတ ။

ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

ကြမ်းခင်းပေါ်မှာ အိပ်စက်ခဲ့ရလို့

ကျွန်တော့်အိပ်မက်တွေ ကြမ်းရှမနေခဲ့

မွေ့ယာပေါ်အိပ်စက်ခဲ့ရလဲ

ကျွန်တော့်အိပ်မက်တွေဟာ

အိစက်ညက်ညော မလာခဲ့ပြန်ဘူး ၊


အရင်ဘ၀ကလက်ကျန်

ဒီဘ၀အတွက်

ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့

သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ်

သူ့ကို ရှာတွေ့တဲ့အခါ

ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း

သူကပဲအခါခါကိုငြင်းနေတယ်

ဒါဆိုရင် တစ်နေရာရာမှာ တစ်ခုခုဟာ

အသေအချာကို လွဲချော်နေခဲ့ပြီ ၊


ငယ်ငယ်က ရခဲ့ဖူးတဲ့

အမှားခပ်များများလိုပဲ

သေတ္တာတစ်လုံးထဲ ထည့်သိမ်းမိ

သတိရလို့ ထုတ်ကြည့်တဲ့အခါ

အရောင်တွေဘာတွေလွင့်လို့၊

အဆိပ်အတောက်ဖြစ်ခဲ့တဲ့

အတိတ်ကရက်စွဲတွေကလဲ

ဒိုင်ယာရီစာအုပ်လေးထဲ

အလျှားလိုက်သေလို့၊


တစ်ပိုင်တစ်နိုင် မွေးမြုထားတဲ့

ကျွန်တော့်စိတ်ကူးတွေ ကြီးထွားလာခဲ့သော်

ကျွန်တော့်ပတ်ဝန်းကျင်သည်လဲ

ထို့အတူ လှပ လာပါလိမ့်မည် ။ ။

အချစ်အကြောင်း အပိုင်းအစ

အစ်မလေးမက အချစ်ဆိုသည်မှာ ခေါင်းစဉ်နဲ့ ရေးပေးစေလိုပါတယ်ဆိုလို့ ကျွန်တော်တစ်ယောက်ထဲရဲ့ အမြင်ကို ရေးလိုက်ပါတယ်၊ ခေါင်းစဉ်ကို ကြားမိရုံနဲ့ ထိပ်ထိပ်ပြာပြာ ဖြစ်သွားတယ် အချစ်ကို သိသလိုလိုနဲ့ မသိတာလဲ ဖြစ်နိုင်ပါတယ်၊ အချစ်ဆိုတာ ဒါပါပဲလို့ တစ်ဦးတစ်ယောက်က ပြောလာခဲ့ရင် ကျွန်တော် အလွယ်တကူပဲ လက်ခံပါတယ်၊ သူ့အတွက် အချစ်က ဒါဖြစ်နေလို့ပါပဲ၊ ဒီလိုဆို ကျွန်တော့်အတွက်က အချစ်ဆိုတာဘာလဲ….


အချစ်ကိုအဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုတဲ့အထဲက ကျွန်တော်တစ်ယောက်ထဲရဲ့ အမြင်ပါ အဓိပ္ပါယ်တစ်ခုမဟုတ်ပါ အပိုင်းအစတစ်ခုအနေဖြင့်သာ.. ၊တစ်ယောက်နဲ့တစ်ယောက်အမြင်မတူညီနိုင်သဖြင့် နားလည်ပေးစေလိုပါတယ်။
အချစ်ဆိုတဲ့အကြောင်းအရာကို ပြောမိတိုင်း တစ်ခါတစ်လေ အငြင်းပွားရတယ်၊ တစ်ခါတစ်လေတော့လဲ သူ့နဲ့ကို အဆင်ပြေသွားတဲ့အခါရှိတယ်၊ ဘယ်သူတစ်ဦးတစ်ယောက်မှ အချစ်ရဲ့အဓိပ္ပါယ်ကို တိတိကျကျ ဖွဲ့ဆိုထားခြင်း မရှိပြန်ဘူး၊ သို့သော် အချစ်ဆိုတာကလဲ ရှိနေပြန်တယ်၊ အချစ်ဆိုတဲ့စကားလုံးနဲ့ အချစ်ဆိုတာကို ကိုယ်စားပြုထားတယ်လို့ ကျွန်တော်ထင်တယ်၊ သို့သော် ချစ်တယ် ဆိုသောစကားလုံးကိုတော့ နေရာတော်တော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုထားကြတယ်၊ အချစ်ကြောင့် ပူလောင်ရတယ်၊ အချစ်ကြောင့် အေးမြတယ် အချစ်ကြောင့် စိတ်ချမ်းသာတယ် အချစ်ကြောင့် အောင်မြင်မှုတွေရတယ် အချစ်ကြောင့် ဘ၀တွေဆုံးရှုံးရတယ် အချစ်ကြောင့်……အချစ်ကြောင့်…….ဒါဆိုရင် အချစ်မှာ စွင်းအင်(သို့) အချစ်မှာ အကျိုးအပြစ်တွေရှိနေတယ်၊ ကိုယ်ချစ်မိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရချင်တယ်၊ ပိုင်ဆိုင်ခွင့်မရတဲ့အတွက် စွန့်လွတ်လိုက်ရတယ်၊(တစ်ချို့ ချစ်နေရုံသက်သက်ပဲတဲ့) ပိုင်ဆိုင်ခွင့်ရသူအတွက် အချစ်သည် ရယူခြင်း၊ ပေးဆပ်သူအတွက် အချစ်သည် စွန့်လွတ်ခြင်းဟူသော နာမ၀ိသေသနများ အချစ်မှာရှိနေတယ် စွန့်လွတ်သောအချစ်၊ ရယူပိုင်ဆိုင်သောအချစ်၊……အချစ်၊………အချစ်၊ ဥပမာ မောင်မောင်သည် ကျောင်းသားတစ်ယောက်ဖြစ်သည်၊ မောင်မောင်သည် စာတော်သော ကျောင်းသားတစ်ယောက်ဖြစ်သည်၊ မောင်မောင်တွင် စာတော်သောကျောင်းသား ဟူသည့် နာမ၀ိသေသန တစ်ခုကိုပိုင်ဆိုင်သည်၊ ထို့သို့ပင် အချစ်ကို နားလည်မိသည်။
လူတစ်ဦးတစ်ယောက်သည် တစ်သက်တွင် တစ်ကြိမ်အချစ်စိတ်ဖြစ်ပေါ်ကြလိမ့်မည်ဟု ကျွန်တော်ထင်သည် အချိန်မရွေး အသက်အရွယ်မရွေး နေရာဒေသမရွေး ဖြစ်ပေါ်လာနိုင်သည်၊ မသိစိတ်ထဲတွင် သူစိုးမိုးထားသည်၊ ထိုမသိစိတ်ကို သိစိတ်သို့ ပြောင်းလဲလိုက်လျှင် အချစ်စိတ်ဖြစ်ပေါ်လာသည်၊ လျှပ်တပြက် တခဏအတွင်းတွင်လဲ ဖြစ်ပေါ်လာနိုင်သည် အမှုမဲ့အမှတ်မဲ့ဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ်၊ အချစ်ကိုဖန်တီးယူလို့မရသလို ဖျက်ဆီး၍လဲ မရနိုင်ဟုထင်သည်၊ အချိန်လွန်မှ ဖြစ်ပေါ်လာသော အချစ်လဲရှိနိုင်သည်၊ ထိုအခါမျိုးတွင်တော့ အချစ်ကို မဖော်ထုတ်ပဲ မြေမြုပ်လိုက်လျှင် လောကကြီး သာယာလှပသွားနိုင်သည်၊ ကျွန်တစ်ယောက် သခင်အပေါ်တွင် သစ္စာစောင့်သိရမည်၊ နိုင်ငံတော်အပေါ်တွင် နိုင်ငံသားတိုင်း သစ္စာစောင့်သိကြသည်၊ အချစ်အပေါ်တွင် ကျွန်တော်တို့ သစ္စာစောင့်သိကြမည်ဟုထင်သည်၊ သစ္စာစောင့်သိခြင်းသည် အချစ်၏ ဂုဏ်သတ္တိတစ်မျိုးပင်ဖြစ်မည်ဟု ထင်မိသည်၊ အချစ်တွင် ထိုသို့သော များပြားသည့် အမည်နာမများနှင့် ဂုဏ်သတ္တိများလဲ ရှိနေသည်၊ ( အချစ်သည် သစ္စာတရားဟု ပြောလာလျှင်လဲ မငြင်းပါ :) :P )




ကျွန်တော်ထင်ထားခဲ့တာတွေဟာ ဖြစ်လျှင်လဲဖြစ်နိုင်ပါတယ်၊ ဘာမှလဲမဆိုင်ချင် မဆိုင်နိုင်ပါဘူး၊ အဲဒီအတွက် ကျွန်တော်မကန့်ကွက်လိုပါ၊ ဘာမှမဆိုင်ဟုဆိုလျှင် ကျွန်တော်ပြောခဲ့သလိုပင်အချစ်နှင့်ပါတ်သတ်လျှင် အချစ်ဆိုတာကို ကျွန်တော်မသိသေးကြောင်းပါ (အချစ်ဆိုတာ မရှိဘူးဟု ပြောလာခဲ့လျှင်လဲ မငြင်းပါ :) :) :) )

ကျွန်တော်ပြောခဲ့သော အချစ်အကြောင်း အပိုင်းအစများဟာ အစ်မလေးမပြောပြထားတဲ့ အချစ်ရဲ့ နံပါတ်(၅)အချက်မှာ အကြုံးဝင်ပါတယ် အစ်မ ။
အစ်မရေ ကျွန်တော်အမြင်ကတော့ ဒီလောက်ပါပဲ …..
ခင်မင်လေးစားလျှက် …။











Saturday 11 October 2008

ဖိုးချစ်



စိုးရိမ်လွန်တဲ့ အပူစိတ်နဲ့
ဆိုက်ကားဂိတ်လဲရောက်ခဲ့ပြီ
ဈေးတန်းတွေလဲ သိမ်းကုန်ပြီ
တစ်ရပ်ကွက်လုံး တစ်လမ်းဝင်တစ်လမ်းထွက်
ရပ်ကွက်ရုံးလဲ ရောက်ခဲ့တယ်
မင်း ဘယ်ကိုရောက်နေသလဲဖိုးချစ်ရယ်
အမေ့ရင်မှာ မီးတောက်နေပြီကွယ်။
သတ္တ၀ါတစ်ခု ကံတစ်ခုပေမယ့်
ဖိုးချစ် မင်းကံတရားက အမေ့ဖန်တီးခဲ့တာပါသားရယ်
အမေဒီလောကထဲကို ဆွဲခေါ်ခဲ့မိတယ်
မင်းဟာ အမေ့ရဲ့ရတနာ
မင်းသာ အမေ့အသက်ပါပဲ လူလေးရယ်။
မင်းအသက် ၁၂ နှစ်မှာ
မင်းအသိဟာ ၅ နှစ်သားထက်မပိုခဲ့
ဦးနှောက်အသိဥာဏ်ချို့တဲ့နေတဲ့မင်းရဲ့ရောဂါဟာ
ဘယ်ဘ၀ကမင်းရဲ့ အကုသိုလ်လဲကွယ်
မင်းညီ အငယ်ကောင်က သူ့အရုပ်တွေယူဆော့လို့
မင်းကိုရိုက်နှက်နေလဲ မင်းအော်ငိုနေရုံကလွဲလို့
မင်းဘာများတတ်နိုင်ခဲ့သေးသလဲ
သားငယ်ဖိုးချစ် မင်းဘ၀ကို
အမေသနားတယ်
မင်းဘယ်ရောက်နေသလဲကွယ်။
ငိုကြီးချက်မနဲ့ မင်းအိပ်နေတုံး အမေနမ်းခဲ့ရတဲ့
အနမ်းတွေမှာ မင်းဘ၀အေးချမ်းလာစေရမယ်လို့
အမေ့ဘ၀တစ်ခုလုံးနဲ့ရင်းပြီး
မင်းကိုဂတိတွေ အထပ်ထပ်ပေးခဲ့ပါတယ်
သားငယ် ဖိုးချစ် မင်းဘယ်ကိုသွားနေတာလဲကွယ်။
အရင်ဆိုင်မှာဈေးဝယ်တွေ ကျနေတဲ့အချိန်လဲ
အမေဒီအတိုင်းထားခဲ့မိတာပဲ
ဈေးဘက်လျှောက်ချင်လျှောက်မယ်
ဆိုက်ကားဂိတ်ဘက်မင်း ပြေးဆော့ချင်ဆော့နေမယ်
အမေလဲ ဒီလောက်တော့ သတိလွတ်မယ် မထင်ခဲ့ဘူး
အမေအမှားတွေပါပဲကွယ်
မင်းဘယ်ရောက်နေသလဲ ဖိုးချစ်ရယ်။
ပြေးလွားဆော့ကစားနေရယုံ
အမေ မင်းကိုဘယ်မြင်ချင်ပါ့မလဲ
ငါ့သား ဆရာဝန်ကြီး ပညာတတ်ကြီးအဖြစ်
အမေ့ မြင်ချင်စမ်းပါဘိ သားငယ်ဖိုးချစ်ရယ်
မင်းဘ၀ကံကိုကဆိုးလွန်းပါတယ်ကွယ်
မင်းဘယ်ရောက်နေသလဲ ဖိုးချစ်ရယ်။
ကလေးတွေကြားထဲ ထိုးကြိတ်ခံ
မင်းရင်ဘတ်မှာ အကြိတ်ဖုလေးတွေထတဲ့အထိ
မင်းအပေါ် အနိုင်ကျင့်ခဲ့ကြတဲ့ ကလေးတွေနဲ့
ဆော့ကစားနေရရင်ပျော်နေတတ်တဲ့ဖိုးချစ်
အခုတော့ ဘယ်မှာများသွားဆော့နေသလဲ
အမေ့ရင်တွေပူလှပါပြီကွယ်
မျက်လုံးတွေလဲကျိမ်းစပ်နေပြီသားငယ်
အမြန်ရှာတွေ့ပါတော့ကွယ် ။
ဆိုးလွန်းလှတဲ့ မင်းကံတရား
အချိုအခါး အရသာမသိ
ပူတယ် အေးတယ်ပြောလို့မတတ်တဲ့ ဖိုးချစ်
မင်း တစ်နေ့တစ်နေ့
လမ်းမပေါ်မျှော်မျှော်ကြည့်နေတာ မြင်ရတာကိုက
အမေရင်မှာ မချိဘူးကွယ် ။
စက်ဘီးတွေ၊ ဆိုက်ကားတွေပေါပါဘိ
ကားတွေ များပါဘိ မင်းနှယ်
ရထားသံလမ်းဘက် ဖြတ်ကူးသွားလေမလား
အမေ့ ရင်တွေအရမ်းပူလှပါပြီကွယ်
မင်းဘယ်ကိုရောက်နေသလဲဖိုးချစ်ရယ်။
ဖိုးချစ်ကလေးကိုသာပြန်တွေ့ရမယ်ဆိုရင်
ကျွန်မစည်းစိမ်တွေ ပုံပေးပါ့မယ်
ကျွန်မတစ်ကိုယ်စာ ရင်ငွေ့နဲ့
သားငယ်လေးနွေးထွေးစေရမယ်
အမြန်ပြန်လာပါတော့ကွယ် ဖိုးချစ်ရယ်။
ဖိုးချစ်ကိုသိတဲ့လူတစ်ယောက်များ
အိမ်ကိုလိုက်ပို့လေမလား
အမေမျှော်နေမိတယ်သားငယ်
ဖိုးချစ် မင်းဘယ်ကိုရောက်နေသလဲကွယ်
အမေမင်းကိုမတွေ့တွေ့အောင်ရှာမယ်
မတွေ့မချင်းရှာမယ်
ဖိုးချစ်သားငယ်
မင်းဘယ်ကိုရောက်နေသလဲကွယ် ။ ။

( ဖိုးချစ်ကို ကျွန်တော် အထက်တန်းကျောင်းသားဘ၀က မကြာခဏ ထိန်းခဲ့ရဖူးတယ်၊ သူနဲ့အတူ လိုက်ပြေးခဲ့ဖူးတယ်၊ ဖိုးချစ်လိုလူမျိုးအကြောင်း ဇတ်လမ်းတွေကြည့်ရတော့ ဖိုးချစ်ကို သတိရမိတယ်၊ လူအမျိုးမျိုးက ဖိုးချစ်အပေါ်ထားတဲ့ စိတ်ထားတွေမတူညီတဲ့အထဲက ဖိုးချစ်အမေ အကြောင်း စာလုံးပေါင်းမိတယ်။ )

Thursday 9 October 2008

မက်ဆေ့ခ်ျ

တစ်ရက်ထဲမှ ၂၄ နာရီကိုနုတ်ပါ
ဟင်းသီးဟင်းရွက် အသား၊ ငါး ရွေးသလို
ဘ၀ထဲမှ ရွေးပါ
ဒီလိုဆိုတော့လဲ
အဆမတန် မျက်လုံးတွေ ပြူးကုန်ကြမလား
ဟာ ခနဲ ဟာ ကုန်ကြမလား
ဒလဟော စီးဆင်းမှုကို ရပ်တန့်သွားနိုင်အောင်
ကြက်ခြေတွေပဲခတ်ကြမလား
လောကထဲ မှ လူတစ်ယောက်ကိုလဲ
သေခြင်းတရားကပဲ နုတ်ယူသွားဦးမှာပဲလေ။

မီးကြွင်းမီးကျန်ဆိုရင်
နောက်ဆုံး ဆေးလိပ်မီးကအစ
အလျှဉ်းသင့်သလိုညှိမ်းပါ
ပလက်စတစ်လောင်း
မှန်ဘောင်သွင်းထားရအောင်လဲ
ခမ်းခမ်းနားနား ကျွန်တော်တွင် ဘာမှမရှိပါ ။

အိုးမဲ့အိမ်မဲ့လေလွင့်နေတဲ့စိတ်ရိုင်းကို
စွန့်လွတ်မှုတွေနဲ့ အစားထိုးကြည့်
ဖြည့်စွက်စရာများ အများကြီးကျန်ရှိနေပါသဖြင့်
ကိုယ်တိုင်သာ ဖြည့်စွက်ကြပါရန်
သေချာပြီဆိုတဲ့ နေ့မှ
ကျွန်တော့်ဆီ ဖုန်းခေါ်ပါ (သို့)
မက်ဆေ့ခ်ျ ပို့ပါ
သင့်ရဲ့ လက်ဆတ်တဲ့ အပြုံးတစ်ပွင့်မှာ
တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ ပေကျံနေပါစေ ။

မျက်ရည်တွေ မရှိတော့တဲ့ နေ့အထိ
ကျွန်တော် အသက်ရှိနေချင်သည် ။ ။

Thursday 2 October 2008

မပြီးဆုံးသေးသော

တွန်းမှန်းမသိ ဆွဲမှန်းမသိ
လက်တွေက ကြမ်းရှ
စိတ်အပင်ရဲ့ ထိုးထောင်မှုကို
ခုတ်သိမ်းခံရတဲ့အခါ
ရှင်သန်ခြင်းတို့ သေတယ်။

စိတ်အစာငတ်မွတ်ခြင်းမှာ
ခန္ဓာတစ်ခုလုံး နုံးနယ်ချိနဲ့
မီးခိုးတွေပဲ အူနေအောင်ထွက်တယ်။

လမ်းတွေကလဲ တစိမ်းတရံစာလိုပဲ
အမြှီးအမောက် ပြန်တည့်နေရတာကိုက
နေ့ နဲ့ ည။

ရစ်ခြုံသိုင်းဖက်ထားတဲ့ လောကဓံအပေါ်
နည်းအမျိုးမျိုးနဲ့ခါချ ကြည့်
လုံးထွေးသတ်ပုတ်ကြည့်
လိုအပ်တဲ့ ဓါတ်စာဆိုတာလဲ
ပုံမှန်မှီဝဲနိုင်မှ ။

ဒီတစ်နွေ
ပြီး နောက်တစ်နွေ
မျှော်လင့်ချက်တန်းလန်းနဲ့
ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမယ့်ဇာတာ။ ။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe