• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Showing posts with label အမှတ်တရ ကဗျာများ. Show all posts
Showing posts with label အမှတ်တရ ကဗျာများ. Show all posts

Saturday, 28 January 2012

တရိပ်ရိပ်နဲ့ ဖြတ်ပြေးသွားသော ရှုခင်းများ

ဇန်နဝါရီ (၂၅)မှ ၂၆ ကြိမ်မြောက်
အတိတ်၊ အနာဂါတ်၊ ပစ္စုပန်များနှင့်
ကိုယ်ထူကိုယ်ထ မှတ်တိုင်များမှ တဆင့်
မိသားစုများအကြား စီးဆင်းခဲ့သော
မေတ္တာတရား မြစ်ကျဉ်း
ပိန်လိုက်ဖောင်းလိုက် အိပ်ကပ်တွင်းမှ စက္ကူရွက်များ
အလိုအလျှောက် လျှောကျခြင်း
ဖျက်ရာခြစ်ရာ ဗရပွနဲ့ တစ်သီးစား ဘဝထဲ
အရေးအသား တစ်ချို့ကို စွဲစွဲငင်ငင် ခေါ်ဆောင်
ရိုးသားခြင်းကို လည်ပင်းဖက် ပေါင်းသင်း
သတ္တိအရှိဆုံး ခွင့်လွှတ်ခြင်းနဲ့ ဟန်မပျက် ပြုံး
ရေကြည်ရာ မြက်နုရာဆီ ရေတတန် ကုန်းတတန် ခရီးနှင်ခဲ့
ကိုယ်ချင်းစာခြင်းကို အစိတ်စိတ်အမွှာမွာခွဲပြီး
တစ်ယောက်တစ်ဖဲ့စီ ည၊ မနက်စာအဖြစ် စားသုံးရင်း
တစ်နေ့နေ့ဆီ သို့
အဲ့ဒီ တစ်နေ့နေ့ဆီသို့ ကို ရောက်အောင်သွားမည် ။ ။


P.S >> ညီလေးမောင်မျိုး မွေးနေ့ အမှတ်တရ ။

Tuesday, 17 January 2012

ဇန်(၉)ရက်နေ့ တစ်နေ့အကြောင်း

ထိတွေ့မိသမျှ စမ်းသပ်ပစ်ဖို့
ပေါ့ပါးတဲ့ လက်အစုံနဲ့ 
ချစ်ခြင်းမေတ္တာကို ရင်ထဲ အခွေခွေရစ်ဖွဲ့ထား 
အသော့နှင် မြင်းတစ်ကောင်ရဲ့ အပြေးနှုန်း
ကြိမ်ထိုးသလို၊ ကွန်ယက်သလို 
ဘဝကို ထွန်ယက်ခဲ့သော နှစ်များ 
ငြိမိသမျှ ခွာချတယ် 
လက်တံအတိုအရှည်တွေကြား 
လက်လှမ်းမီသလောက် ဘွာမခတ်စတမ်း 
ယုံကြည်ရာကို ဆန်တက်ရင်း 
အရွေ့ အရွေ့များနဲ့ 
ပွင့်၊ ပေါက်၊ ဖောက်၊ ထုတ် လိုက်ရတဲ့ ဒီကနေ့ အကြောင်း ။ 

၀၀း၄၆ 
၉၊၀၁၊၂၀၁၂ ။

PS >> အစ်ကိုကြီး မှော်ဆရာ မွေးနေ့အတွက် အမှတ်တရ ။

Tuesday, 29 March 2011

လူတိုင်းကတော့ ကိုယ့်ဘ၀မှာ ဇတ်လိုက်ကြီးပဲ

ဇတ်လမ်းအရ ဒီဇတ်လမ်းမှာ မင်းက ဇတ်လိုက်
ငိုခန်း၊ ရယ်ခန်း နဲ့တစ်နေ့တာ အလွဲများပါတယ်
ပျော်ရွှင်စရာ ကမ္ဘာကြီးနဲ့ မိတ်ဆက်
မိနစ်(၉၀)စာမဟုတ်တဲ့ ဘ၀ ဇတ်လိုက်ကျော်
မိခင်ဝမ်းအတွင်းက စ မလား စာသင်ခန်းထဲက စမလား
အစ မှာ သင်၊အံ့၊ကျက်၊မှတ်ခဲ့တဲ့ သင်ခန်းစာတွေ
ဇတ်လမ်းအရ မင်းက ကျောင်းသင်ခန်းစာမှာ အာရုံမလာဘူး
ဇတ်လမ်းအရ မင်းဟာ ဘ၀သင်ခန်းစာ အခန်းကျဉ်းလေးထဲမှာ လေ၀င်လေထွက် ငတ်နေသူ
မင်းမှာ ရယ်ရယ်မောမော ပျက်လုံးတွေနဲ့ တစ်ဘ၀စာ ဇတ်လိုက်ကျော်
ဇတ်လမ်းအရ မင်းက ကျောင်းသား ကျောင်းသွားနေသည်
ကျောင်းသားကြီး ကျောင်းသွားနေသည် ဘ၀ စာသင်ခန်းတွေဆီ
သင်ယူပါ ကျောင်းတော်ကြီးမှာ သင်ယူပါ
ဇတ်လမ်းအရ မင်းမှာ ကျောက်ထောက်နောက်ခံ မိသားစုကာရံ ဝေေ၀ဆာဆာ
အလင်းအမှောင် ကာလာပေါင်းစုံ ရောယောင် ဖျားနာနေတဲ့ ရောဂါ
ဇတ်လမ်းအရ မင်းဟာ မင်းသမီးလေး တစ်လက်ကို ဦးဦးဖျားဖျား ရင်ထဲက
ရဲဆေးတွေ ဘာတွေတင်ပြီး မင်းသမီးလေး ထံပါး ရှက်ကိုးရှက်ကန်း
မင်းဟာ နှလုံးသွေးတွေနဲ့ တရှိုက်မတ်မတ်
ဇတ်လမ်းအရ မင်းဟာ အာရုဏ်အလာမှာ ပြိုကွဲသွားတဲ့ ကြယ်တွေနဲ့ ဒိုးတူပေါင်ဖက်
ဇတ်လမ်းအရပဲ ဇတ်လမ်းထဲမှာ မင်းက ဈေးသည်ကြီး
ဈေးသည်ကြီးမှ တကယ့်ဈေးသည်ကြီး မလှူတတ်ရင် ဈေးရောင်းဆိုတဲ့ ဈေးသည်ကြီး
ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ် စားသုံးသူ ခံတွင်းလိုက်စေမယ့် အသုပ်စုံရောင်းတဲ့ ဈေးသည်ကြီး
အနားသတ် ဖွာလန်ကျဲ အရင်းအနှီးများများ မှ အမြတ်နဲနဲ ဆီ
ဇတ်လမ်းအရ မင်းဟာ ကြီးကောင်ဝင်စ အရေးအသားနဲ့ ဘ၀ကို တွယ်ကပ်
စုတ်ချက်ရာ ပေါင်းစုံနဲ့ ပန်းချီကားထဲက တစ္ဆေတစ်ကောင်
ကြောက်ခမန်းလိလိ အရိပ်တွေနဲ့ ခြောက်လှန့်ခံနေရတဲ့ တွင်းနက်ထဲက ကျောက်တုံး
ဇတ်လမ်းအရ မင်းဟာ ငွေရတုမှာ ပွင့်တဲ့ ငွေမှင်ရောင် တိမ်တိုက်
ဘယ်ဆီကို လွင့်လို့ ဘယ်ဆီမှာနေ ၂၅ နှစ်စာ ကာရံအလွဲတွေ
ဇတ်လမ်းအရ ဇတ်ဝင်ခန်းတွေကို တစ်ခန်းချင်းစီ တစ်ခန်းချင်းစီ ဆက်လိုက်
ဇတ်လမ်းတွေ အသက်ဝင်လာတဲ့အခါ မှော်ရုံတောထဲ တိုးဝင်ပျောက်ကွယ်သွား ။

ဇန်နဝါရီ ၂၅၊ ၂၀၁၁။



PS >> ညီလေး မောင်မျိုး မွေးနေ့ အမှတ်တရ ။ 

Monday, 12 January 2009

ကမ္ဘာအတုထဲမှာ

ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ နေထိုင်တယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
အတွေးအခေါ်တွေ ကျမ်းမာသန်စွမ်းတယ်
အရေးအသားတွေ အချိုးအစားပြေပြစ်တယ် ။

ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ ကောင်းကင်ကြီးကို ၀ှက်ထားတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ဗိသုကာအနံ့အသက်တွေနဲ့ ထုံမွမ်းနေတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ခင်မင်ဖော်ရွေတဲ့ ချစ်ခြင်းမေတ္တာ စစ်စစ်တွေကို
တစ်စက်ခြင်းစီ ယိုစိမ့်စေတယ် ။

ကမ္ဘာအတုထဲမှာ
ပုံတို ပတ်စ သမိုင်းကြောင်းတွေ အစီအရီ ရှိတယ်
နှလုံးသားနဲ့ သီဆိုရတဲ့ သီချင်းတွေ ရှိတယ် ။
ကမ္ဘာအတုထဲမှာ
သနပ်ခါးပန်းတွေ ပွင့်တယ်
လူသားစက်ရုပ်ကလေးတွေ လမ်းလျှောက်သင်တယ်
ကြွက်ကလေးတွေ တွင်းပိတ်ခံရတယ် ။

ကမ္ဘာအတုထဲမှာ
အပြာရောင် ကျောပိုးအိပ်တစ်လုံး ရှိတယ်
ဘာဘီနာရီ (၁) လုံးရှိတယ်
ပြတင်းပေါက်နဲ့ ပန်းချီကားတွေ ရှိတယ်
အိပ်မက် ၊ လူသားဘ၀နဲ့ အရောင်တွေ ရှိတယ်
ကမ္ဘာအတုထဲမှာ
ကျောက်ဆောင် ပင်လယ်နဲ့ မိန်းကလေး တစ်ယောက်လဲ ရှိသေးတယ် ။

ကမ္ဘာအတုဟာ
ခင်မင်ရင်းနှီးမှုတွေ
ကုန်တင်ကုန်ချ များတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တယ် ။ ။

ဘလော့ဂ်ရပ်ဝန်းလေးထဲမှ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အစ်မကြီးလေးမ ကြွက်ဂိုဏ်ချုပ်အတွက် မွေးနေ့လက်ဆောင်ကဗျာလေးပါ၊ အစ်မရင်းတစ်ယောက်လို လေးစားခင်မင်ဖို့ကောင်းပြီး ပျော်ပျော်နေတက်တဲ့ သူမအတွက် ကျနော်တို့ ညီကိုမောင်နှမတွေက ထူးထူးခြားခြားလေးဖြစ်အောင် စုပေါင်းရေးသားခဲ့ပါတယ် ။
ပျော်ရွှင်ကြည်နူးစရာ မွေးနေ့မင်္ဂလာလေး ဖြစ်ပါစေလို့ ကျွန်တော်တို့အားလုံးဆုတောင်းပေးပါတယ် :)
မောင်မျိုး ၊ ညိမ်းညို ၊ တင်ထူးရွှေ ၊ မွန် ၊ ရွှန်းမီ ။

Thursday, 14 February 2008

၂၃ နှင့် ရာဟုမလေး၏ ကဗျာဆရာသို့

၂၃နှင့် ရာဟုမလေး၏ ကဗျာဆရာသို့


၂၃ဟာ နှင်းတမြမြ အေးတစ်ညနဲ့
မင်းကို လှုပ်နိုးလိုက်ပီ သူငယ်ချင်း
မပီဝိုးတ၀ါးနဲ့ အလင်းနှစ်တွေကို
ဆုပ်ကိုင်လို့ တောအထပ်ထပ်ကို
ဇောမကပ်ပဲ ဖြတ်သန်းလာခဲ့တယ်
ဒီလိုနဲ့ ကျန်ခဲ့တဲ့ဆောင်းညတွေကို
လှည့်ကြည့်မိတယ် ... ... ...။


တစုံတရာအတွက်နဲ့
အဘိဓမ္မာတွေကို သွန်ချ
သက္ကရာဇ်ကျင်းထဲ ခုန်ချလို့
ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရတဲ့
နေ့ရက်တိုင်းအတွက်
မိုးခေါ်တေးတွေကို သီဆိုဖူးတယ်။


တုံ့နှေးလေးလံတဲ့ ခန္ဓာတစ်ခုအတွက်
မောပန်းမှုတွေ ကြုံလာတိုင်း
ကဗျာနဲ့ အခါခါပွတ်သပ်လို့
အာသာဖြေခဲ့ရတဲ့လမ်းတိုင်းမှာ
ပန်းတိုင်းလည်း ပွင့်ခဲ့ဖူးတယ်။


နူးညံ့မှုတွေနဲ့ စီးမျောခဲ့တဲ့
မြစ်ကြောင်းတလျှောက် ချကျွေးခဲ့တဲ့
စာနာမှုတွေကတော့
ဟိုတစ်ဖက်ကမ်းထိ ကပ်ပါလာမယ်ဆိုတာ
ငါ ယုံကြည်တယ် သူငယ်ချင်း ...။


ဟောဒီ ၂၃ကစလို့ မင်းရယ်
မင်းရဲ့ ရာဟုမလေးရယ်
မင်းချစ်တဲ့ အသိုက်အမြုံလေးရယ်
အရာရာအားလုံးဟာ ခရီးအဆုံးထိ
လေဆန်တိုင်း ပျံတက်နိုင်ရတော့မယ်


စွန့်စားပါ ယုံကြည်ပါ
နမ်းရှိုက်ပါ ရူးသွပ်ပါ
မင်းရဲ့ လက်သေးသေးကွေးကွေးလေးနဲ့
ရေးခဲ့တဲ့ ကဗျာတိုင်းဟာ
ကမ္ဘာမြေကြီးအတွက် အနူးညံ့ဆုံးတွေ
ဖူးပွင့်နိုင်ပါစေလို့ ငါဆုတောင်းပေးတယ်
ရာဟုမလေးရဲ့ ကဗျာဆရာရေ

မျှားပြာ

Saturday, 9 February 2008

သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ ..

သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ.. ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ခေတ်ရဲ့ဟန်ပန်ကို
တကိုယ်တော် ထုဆစ်ပုံဖော်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နှစ်ကာလရဲ့ ယိမ်းယိုင်ယိုယွင်းမှုကို
တကိုယ်တော် တည့်မတ်ထိန်းသိမ်းခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ပေါ်ပင်လိုက်မှုရဲ့ ငြင်းခုန်သံတွေကို
တကိုယ်တော် ကင်းလွတ်ရိုးရှင်းစွာနေထိုင်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အလံထောင်ဆရာတစ်ချို့ရဲ့ ပိုင်စိုးပိုင်နင်းကြုံးသွင်းမှုတွေကို
တကိုယ်တော် လှလှပပကြီးရုန်းထွက်ခဲ့
၂၃ ရာသီ ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အမဲလိုက်သမားတို့ရဲ့ အနုပညာယုန်ဖြူလေးကို
တကိုယ်တော် သန်သန်စွမ်းစွမ်းမွေးမြူခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ငွေစကြေးစတို့ရဲ့ ချစ်ခြင်းမေတ္တာတစ်ပတ်နွမ်းလေးကို
တကိုယ်တော် ပိုက်ထွေးယုယဖြူစင်စေခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နာမည်အတုအစစ်တို့ရဲ့ သရဲလက်တံအရှည်ကြီးတွေကို
တကိုယ်တော် ရိုက်ချိုးဖြတ်တောက်ပစ်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
သံယောဇဉ်ရွှေသားတို့ရဲ့ နူးညံ့ကျယ်ပြန့်မှုကို
တကိုယ်တော် ကဗျာဒြပ်စင်ကသိုဏ်းရှုခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နယ်နိမိတ်ကင်းမဲ့ခြင်းရဲ့ စာနာနားလည်မှုကို
တကိုယ်တော် မားမားမတ်မတ်ရပ်တည်ကျင့်သုံးခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ဟန်နေဟန်ထားအသီးသီးတို့ရဲ့ မာယာသုတ်လိမ်းညွှတ်ကွင်းထောင်ချောက်တွေကို
တကိုယ်တော် လှီးဖြတ်သတ်ပုတ်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အပေါစားတံဆိပ်ကပ်မှုတို့ရဲ့ ပူးတုံခွာတုံရှိဟန်ကို
တကိုယ်တော် ပေါ့ပါးကြည်သာစွာတုန့်ပြန်နိုင်ခဲ့
၂၃ ရာသီ... ...

ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ရိုးဂုဏ်ရိုးဒြပ်တို့ရဲ့ သိပ်သည်းဆအနက်အဓိပ္ပါယ်ကို
တကိုယ်တော် ပွားများဆည်းပူးခဲ့
၂၃ ရာသီ... ...

ဒီလိုနဲ့..
သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့
၂၃ ရာသီ.. ...။

ညိမ်းညို

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe