• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, 7 November 2012

အရိပ်

မိးအိမ်လေး ဖျက်ဆို ငြိမ်းသွား
စာရွက်အလွတ် တစ်ချို့ ပြန့်ကျဲ
တံခါးရွက် အရှိန်နဲ့ပြေးဆောင့်သံ
တစ်ခန်းလုံး မှောင်အတိ
လေပြင်းတစ်ချက်ဟာ
အလင်းရောင်နဲ့ အဆက်ဖြတ်ပစ်လိုက်ပုံ ။ ။

Wednesday, 30 May 2012

အိပ်မက်တွေကို ကုတ်ခြစ်နေတဲ့ အသံဟာ ကျယ်လောင်လွန်းရဲ့

ကိုယ်ထွေးပွေ့ထားမိဆဲ
ဂစ်တာတစ်လက်ရဲ့ နှလုံးခုန်သံဟာ
 မင်းအကြောင်း သံစဉ်တွေ ပေါ့ကွယ် ..။

အချိန်ဆိုတဲ့ ရွေ့လျားစက်ထဲ
ပိုင်းထစ် ခုတ်ဖြတ်ခံ နေ့တွေမို့
သတိရစိတ်နဲ့
ဖွဖွလေး ဆုပ်ကိုင်ထားမိပါရဲ့..။

လေနှင်ရာ လွင့်နေရတဲ့ ဘဝတွေအတွက်
ဘယ်မှာ လူးသာလွန့်သာ ရှိလိမ့်မလဲ
လပြည့်ဝန်းရဲ့ စွဲငင်တဲ့ အလင်းမှုန်တွေကြား
ကိုယ့် စိတ်တွေဟာ တတိတိနဲ့ တိုက်စားလာနေခဲ့ ။ ။

၂၈၊၅၊၂၀၁၂။

Sunday, 11 March 2012

အသံမဲ့ စကား

စိတ်နဲ့မဆန့်တဲ့အခါ
စကားလုံးတွေ နံရံမှာ အရိပ်ထင်တယ်
အသံတွေဟာ တုန်ရင်အက်ကွဲလို့
ကိုယ်ဟာ လွယ်လွယ် အလျှော့ပေးတတ်သူ
မဟုတ်ပါဘူး
ကမ်းမမြင် လမ်းမမြင် ပြီးတဲ့နောက်
အသေခံဗုံးခွဲ သမားရဲ့ စိတ်မျိုးနဲ့ "ချစ်တယ်" ။

၁၄၊၂၊၂၀၁၂ ။

Saturday, 28 January 2012

အရင်ကလို မစိမ်းလန်းတော့ဘူး

ရာသီဥတု အစိုးမရဘူး 
အလိုလိုနေရင်း စိတ်အလိုမကျဘူး 
အုံ့အုံ့မှိုင်းမှိုင်းနဲ့ အခန်းထောင့်မှာ 
အထီးကျန်မှုနဲ့ ပုံလျက်သား ။ 

ပြတင်းတံခါးတွေလိုစိတ်တွေမှာ 
ဖွင့်ထားလိုက်၊ ပြန်ပိတ်သွားလိုက်
ဖြာကျလာတဲ့ အလင်းလို အလွမ်းက 
အခန်းထဲ နေရာအနှံ့က တရစပ်တိုးဝင်လာ 
တစ်ယောက်ထဲလည်း စကားတွေပြောလား ပြောရဲ့ 
အရူးလိုပဲ ။ 

အဟောင်းကြီးပါကွာလို့ ပြောရအောင်ကလဲ 
လတ်တလော ဖြစ်နေတဲ့ ကိစ္စ
လောကဓံ လို့မှတ်ယူပါ့မယ်
ဖြတ်သွားဖြတ်လာ တဝီဝီနဲ့မို့ 
အရှေ့နောက်၊ ဘေး ဘယ်ညာ သေချာကြည့်
မီးစိမ်းမှ ကူးပါ ။ 

8:10 PM 
November 29, 2011

Sunday, 22 January 2012

အလင်းရောင်ဟာ အလင်းရောင်ကို ကိုယ်စားပြုတယ်

အလင်းရောင်နဲ့ ထိတွေ့ဆက်ဆံနေရသူအဖို့ 
အလင်းရောင်ကို ကြောက်တဲ့ရောဂါ ရနေတယ် 
အလင်းရောင်က စိတ်မထင်ရင် မထင်သလို ပြဿနာ ရှာတယ် 
အလင်းရောင်ကို ဘဝထဲ ထည့်ထားရတာ ပျော်တယ် 
အလင်းရောင်က ညတွေမှ ရောက်ရောက်လာတတ်တဲ့ အကျင့်နဲ့ 
အလင်းရောင်က စိတ်ကူး ကောင်းတွေကို အမြဲမပြတ် ထုတ်လွှတ်နေတတ်တယ် 
ကဗျာတစ်ပုဒ် အမြဲဖတ်ဖို့ ဆာလောင်နေတတ်တယ် 
ညမှာ အလင်းရောင်ရောက်လာတာဟာ ကမ္ဘာမြေနဲ့ အဆက်ဖြတ်ပစ်တာ 
ဒီလောက်ထိ အလင်းရောင်ဟာ မရှိမဖြစ် ဖြစ်လာပြီဆိုကတည်းက 
အန္တရာယ်ရဲ့ အငွေ့အသက်ကို ရသင့်တယ် 
တစ်စတစ်စ အလင်းရောင်ဟာ ညတွေကို ဝါးမြိုလာတယ် 
ဘဝတွေကို ဝါးမြိုလာတယ် 
အဆက်မပြတ် အလင်းရောင်တွေ သွယ်တန်းနေသေးကြောင်း 
အလင်းရောင်ဆီမှာ သက်သံခံပေးနေရတယ် 
ဒါကြောင့်ပဲ အလင်းရောင်ဟာ အမြဲ မျက်နှာသာ ပေးတာဖြစ်ကြောင်း 
အလင်းရောင် ကိုယ်တိုင် ထုတ်ပြောတတ်သေးတယ် 
အလင်းရောင် ကြီးစိုးလာခြင်းကို အပူတပြင်း ဆွေးနွေးနေရတယ် 
အလင်းရောင်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို အမျိုးအမည် တပ်နေရတယ် 
အလင်းရောင်ပိုး ကာကွယ်ဆေးတွေထိုးနေရ ၊ အလင်းရောင်ရောဂါ မဖြစ်အောင် 
ကာကွယ် ကုသနေရ၊ အလင်းရောင်ကို ဂရုတစိုက် ဆက်ဆံနေရတယ် ။ ။ 

၀၁း၂၂ နာရီ ။
၁၆၊၁၂၊၂၀၁၁။

Wednesday, 18 January 2012

အိမ်စာပေးတဲ့ နေ့


အမှန်တရားက လက်ကျန်ခွက် အလွတ် တစ်လုံး
ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ စိုက်ထုတ်မှု
အား မပါပဲ ကျကွဲပါတယ်
သက်ရောက်မှုမှာ စိုက်ထုတ်ရတဲ့ အား များ
ရောက်လေရာ ပူပြင်းတတ်သော အရိုင်းဆန်ဆန် နွေတစ်ချို့
မြို့ပြရဲ့ယဉ်ကျေးမှု တစ်ချို့တစ်လေ
ခေါင်းပါးသောရောဂါကြောင့်
လူသေပျောက်ဆုံးမှု များကြောင်း
သတင်းများကအဆက်မပြတ် ကြေငြာလျှက်ရှိ
ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း သဘောတရားများ
တစိမ်းဆန်ဆန် စွန့်ပစ်ထားသော
အထီးကျန်ခြင်းကျင့်စဉ်
ခပ်မြန်မြန်လည်ပါတ်နေသော ဟင်းလင်းပြင် အနန္တ
ချွန်မြနေသော ဘ၀များအပေါ်နေထိုင်မှု နည်းနိဿရ
စတ္ထုထမြောက်အခြေအနေ ပလာဇမာ(plasma)
လေဆာရောင်ခြည်များ၏အံ့မခန်း စွမ်းပကား
နာနိုနည်းပညာ တိုးတက်ထွန်းကားမှု
တစ်ရံရောအခါကတွင်တွင် လေ့လာရန်
ခက်ခဲသောပုစ္ဆာများအား
နည်းအတိုင်းပင်ဖြေရှင်းသည် ။

၁၄း၃၅နာရီ
၀၉၊၀၃၊၂၀၁၁။

Tuesday, 17 January 2012

ရှည်လျားစွာ ရှင်သန်ရခြင်းကို မနှစ်မြို့တော့တဲ့ သစ်ပင်

အရေးအကြောင်း ထူထူများအကြား 
ရုန်းရင်းဆန်ခတ် အမြစ်မပြတ်သေးတဲ့ 
လူငယ်များ သန်စွမ်းခြင်းရောဂါ 
အကြောင်းအမျိုးမျိုး ကြောင့် 
အမျိုးမျိုးသော အကြောင်းအရာများအပေါ် 
အလျှင်စလို ငြီးငွေ့မိခြင်း 
ဘာမှ ဆုပ်ကိုင်မရ လိုက်
ရှပ်ပြေးသွားသည့် အရိပ်သည် 
အိပ်ပိတ်စာ တစ်စောင် အနေဖြင့် 
ကိုယ်တိုင် ကိုယ်ကျ ရောက်လာသောအခါ 
ဘယ်သူဘယ်ဝါ လိပ်စာပျောက်သူ 
စုံစမ်း ရှာဖွေ စစ်ဆေး အတည်ပြု 
မှတ်ချက်ချ တရားစီရင်ခြင်း 
တစ်ကိုယ်ရည်ဆို လွမ်းသလို 
အဖော်တွေစုံတော့လဲ လူပိုကြီးတစ်ယောက်
အပြုံးချိုချိုကလွဲလို့ ဒီငနဲက မွဲတယ် ။ 

၀၇း၄၁ နာရီ 
၁၅၊ နိုဝင်ဘာ၊ ၂၀၀၉ ။

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ကီးကို တစ်ယောက်လိုက်ညှိပေးရတဲ့
သံစုံတီးဝိုင်းတစ်ခု
အမေက အစောကြီး ထမင်းထကြော်ရင်
အစ်ကိုက  ဆိုင်ခင်းတယ်
ကျွန်တော်က စားပွဲထိုး။

ကံကြမ္မာက တီးတဲ့အတိုင်း
မိသားစုတွေအကုန်လုံးလိုက် ကကြရတယ်
ဘ၀က ဘာကိုမှအလကားမရတဲ့အတွက်
နေ့တိုးနဲ့ ပြန်ပေးရတယ်
အိမ်လခ၊ မီးဖိုး၊ရေဖိုး စသည်ဖြင့်။

တစ်ယောက်က ဆန်ဆေးရင်
တစ်ယောက်က မီးမွှေးတယ်
ထမင်းဝိုင်းမှာ လက်ဆုံကြရတာလောက် ကောင်းတဲ့ဟင်း
မိသားစု ထမင်းဝိုင်းမှာစိုစိုပြေပြေမရှိဘူး။

တက်မရှိရင် လက်ထိုးလှော်မယ်
ငါတို့အတွက် ကမ်းမမြင်လမ်းမမြင်ဆိုတာ
အကြာကြီးမဟုတ်ဘူး
နွေဘယ်နှစ်ခု မိုးဘယ်နှစ်ခု ဆောင်းဘယ်နှစ်ခု
ငါတို့ရဲ့ ရာသီဥတုဟာ မိသားစုဆိုတဲ့ မီးလင်းဖိုလေးနဲ့
အမြဲနွေးတယ် ။

၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ။

Tuesday, 10 January 2012

တိုးတိတ်ရင်

ခုတ်မပစ်လိုက်ပါနဲ့ကွယ်
ညွတ်ကိုင်းကျလာတဲ့
သံယောဇဉ် အခက်အလက်တွေကို ။

ဒီရင်ကို လှုပ်ခတ်စေတဲ့
ဆည်းလည်းသံဟာ
အချစ်ဆိုတဲ့ ငှက်ကလေး ရယ်ပါ ။

စိုးရိမ်မှုတစ်ဝက်နဲ့
မလုံတဲ့ အမိုး၊ အကာနဲ့
အမြဲပဲ ဥပေက္ခာမိုးသားတွေကို စိုးရွံ့နေခဲ့ရတယ် ။


၁၀း၅၃
၂၀၊ ၆၊ ၂၀၁၁။

အရွေ့

စိတ် တစ်ချက်
တောင်ပံအခတ်မှာ 
မိုင်ပေါင်း ထောင်သောင်းများစွာ ။

Thursday, 12 May 2011

တေးတစ်စ


ရင်ထဲ တမ်းတလိုက်ရုံနဲ့ မွှေးပျံ့နေမယ့်
ပန်းကလေးရဲ့ ရနံ့ဟာ မင်းပေါ့
ကိုယ့်အိပ်မက် တတောလုံး ပွင့်လန်းနေပုံများ
ယဉ်ယဉ်လေးနဲ့ လှတယ်
ချစ်ခြင်းရဲ့ ဦးတည်ရာလမ်းကြောင်းအတိုင်း
စိတ်ကူးတို့ အစီးသန်ခဲ့ပုံ
စိုထိုင်းဆ စိတ်အစဉ်တစ်ချို့ကို
အရုဏ်ဦးမှာ လှဲကျင်းလို့
လေဆန်ကို ထိုးခွဲပျံသန်းမယ့် ငှက်တို့အကြား
ချစ်စကားတစ်ခွန်း အမှာပါးလိုက်ပါရဲ့ ။

Thursday, 10 March 2011

ပေါင်းစည်းခြင်း


ပန်းအိုးနှစ်လုံး၊ ပန်းနှစ်ပွင့်

ပန်းတစ်အိုးထဲ ထိုးစိုက်လိုက်တယ်

ပျော်ရွှင်ခြင်းက ရာသီဥတု

နားလည်မှုက နေရောင်ခြည်

ယုံကြည်မှုဟာ မြေသြဇာ

သစ္စာတရားနဲ့ ရေစင်ဖြန်း

အချစ်ပန်းတွေ ဝေဝေဆာဆာ ။


Sunday, 26 December 2010

ဇတ်လမ်းဟာ အစကနေ အဆုံးထိ ဆွဲခေါ်သွားတယ်

ထီပေါက်ပြီး လက်မှတ်ပျောက်သူလို
တစ်နေ့ထဲ ငိုရခက်ရယ်ရခက် အဖြစ်မျိုး
သံယောဇဉ်ကြိုးနဲ့ ငါ့ဘ၀ကို ခပ်စပ်စပ်လေး ရိုက်ပါ
ဝေးသွားကြပြီ ဆိုတော့မှဖြင့်
နင် နေထိုင်ကောင်းရဲ့လား ငါတို့ဆီမှာ မိုးအရမ်းရွာတယ်
အရှိန်ရလာပြီ
ချည်ခဲ့တဲ့ ကြိုးတွေကို တစ်စချင်းစီ ဖြေဖို့
ပြောဖူးသလိုပဲ အတိတ်ဆိုတာ အမြဲတမ်းကွဲအက်နေတဲ့ နောက်ကြည့်မှန်တစ်ချပ်
ဘယ်အရာမဆို ကျော်တက်သွားဖို့ ခွင့်ပြုတယ်
ဒီအချိန်မှာ နောက်ကြောင်းပြန်ပြနေဖို့ မလိုဘူးလား
နင်က အတွေးကောင်းတော့ အတွေးတွေနဲ့ပဲ ကောင်းကောင်းနေပေါ့
နှစ်ဦးနှစ်ဖက် အဆင်ပြေသွားရင် ပိုမကောင်းဘူးလား စောဒက
ဒီ ခုတ်ရာတစ်ခြား ရှရာတစ်လွဲတွေကို နင့်အတွေးထဲ ထည့်ထည့်နေတော့
နားလည်လွယ်အောင် ထပ်ပြောရရင်
အရှိက်ကို နောက်တစ်ချက် ထပ် ထိုးပြရတော့ မလိုလို
ငုတ်တုတ် မေ့
ရက်ပေါင်း ရာကျော် ထောင်ကျော် သောင်းကျော်သွားရင်
ပန်းဆိုးတန်းကို နင်မေ့မယ်
Moon bakery ကို နင်မေ့မယ်
သက္ကရာဇ်တွေ မေ့မယ်
ပြောဖူးတဲ့ စကားတွေတောင် မေ့တေ့တေ့ ဖြစ်ကုန်မယ်
ဒီလောက် ကျဉ်းတဲ့ ဦးခေါင်းထဲ မလိုတာတွေ ဖယ်ထုတ်လိုက်ရင်
အနဲဆုံးတော့ ဘ၀ တစ်ဝက် ပြန်ရမယ်
စိမ်းလန်းခြင်းတွေ ပြန်တွေ့မယ်
ဒါ တကယ်ဖြစ်ခဲ့တာ မဟုတ်ကြောင်း
ရယ်ရယ်မောမော ပြောဖြစ်ကြလိမ့်မယ် ။
၂၄၊၁၂၊၂၀၁၀။

Wednesday, 22 December 2010

ကဗျာထဲ ထည့်ထားလိုတဲ့ ကဗျာရေးရမယ့်အကြောင်း

ကဗျာရေးရမယ်

ကဗျာရေးမှ ဖြစ်မယ်

ကဗျာရေးရမယ့် အကြောင်း

ကဗျာရေးမယ်

ဒီလိုကဗျာ ရေးတာဟာ ငါ့နှလုံးသားကို ဓါးထက်ထက်နဲ့ခွဲပစ်လိုက်တာလား

ဟင့်အင်း !

ကဗျာ ရေးကိုရေးရမယ်

ငါတို့ဟာ သွေးအေး သတ္တ၀ါ၊ ယဉ်ကျေးမှု၊ လောဘများတဲ့ အဇ္ဇတ္တသဏ္ဍာန်

တစ်ချို့တစ်ဝက် ဖိတ်စင်သွားတဲ့ အမှန်တရား

ကဗျာရေးမှ ဖြစ်မယ်

ကဗျာထဲမှာ ပါတဲ့အကြောင်းအရာ၊ ၀ါကျ၊ စကားလုံးဖောင်းပွမှု

မှင်ရာ၊ လက်ကွက်ဆန်းများ၊ သိန်းထောင်ချီ ချမ်းသာမှုနှင့် စိုးစိမျှ မသက်ဆိုင်သော

ကဗျာ တစ်ပုဒ်

ငါ ယစ်မူးခဲ့ရတဲ့ ပန်းကလေးရာယ်

ငါတို့ တသသနဲ့ သီဆိုခဲ့တဲ့ သီချင်းလေးရာယ်

မနက်ဖြန်မှာ ရုံတင်ပြသမယ့် ဇတ်လမ်းသစ်လေးရာယ်

ကဗျာရေးမယ်

ကဗျာရေးရမယ့် အကြောင်းအရာက မယ်မယ်ရရ

ကဗျာရေးရမယ့် လက်တွေက တုန်တုန်ချိချိ

လက်ရှိ ခေတ်ကြီးကိုက ကဗျာနည်းစနစ်တွေ ဘာတွေနဲ့ ကျကျနန

ဘောင်မ၀င်ဘူး၊ ဘောင်ဝင်တယ်

ကောင်းနိုးရာရာများတဲ့ အဆန်းတကြယ်

အံ့မခန်းနောက်ခံဇတ်ကြောင်းများနဲ့ စိတ်ဝင်စားဖွယ်

အားလုံးကို ကြိုက်တယ်

ကဗျာ ရေးရမယ် ။

၁၇၊၁၂၊၂၀၁၀။

Saturday, 11 December 2010

အမေဆိုတဲ့ သီချင်း

အိမ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ မမြင်ဖူးတဲ့ လူလို တအံတသြ အမေ့အကြည့်က
အရင်ကထက် ပိုပြီး ဇရာက အမေ့အပေါ် သိမ်းပိုက်ထား
ရပါတယ် သားရာယ် နောက် သုံး၊လေး နှစ်ဆို အမေ က ပင်စင်ယူပြီလေ
သား ၀အောင်စား၊ ထမင်းထပ်ယူဦးလေ
ငါ့သားလေးက အစားအသောက် ဆင်းရဲမှာ
ပိုလျှံလို့တော့ မဟုတ်ဘူးကွယ် အမေတို့မလဲ ငါ့သားနဲ့ပဲ ကျားကန်ထားရတာဆိုတော့
မနက်ဖြန် မနက် ဘုရားသွားကြမယ်
စာကလေးတွေ လွှတ်တယ်၊ ခိုကလေးတွေအစာကျွေးတယ်
ထမင်းပေါင်းစား ခဏနားရအောင်
အသက်ကြီးပြီဆိုတော့ လမ်းလျှောက်လို့သိပ်မကောင်းဘူးကွယ်
ဒီလိုပေါ့ အသက်လေးရလာတော့ သောက်ရတဲ့ ဆေးကလဲ ပေါင်းစုံပဲ
သြော် သတိရတုံး ဆေးစာအုပ်လေး လုပ်ထားပေးခဲ့နော်
အရေးရယ် အကြောင်းရယ်ဆို ဆေးခန်းပြရတာပေါ့
မင်းနှလုံးသားရေးရာ ကိစ္စမှာတော့ အမေ ၀င်မစွတ်ချင်ပါဘူး
ဒါပေမယ့် ပါတ်ဝန်းကျင်မှာတော့ မင်းကောင်မလေးအကြောင်း မကောင်းဘူးကွယ်
ငါ့သားလေးက အမေ့စကား နားထောင်မှန်းသိပါတယ်
သားအရွယ်တုံးက အမေလဲ အချစ်ကို ကိုးကွယ်ခဲ့တာပေါ့
နောက်ဆုံးမင်းဝယ်ပေးခဲ့တဲ့ တရားခွေရော အရင်တရားခွေတွေပါ ရှိပါတယ်
တတွတ်တွတ် မှာနေရအောင်
မင်းက အမေ့ကို ကလေး လို့ ထင်နေတော့တာပဲ
မင်းသာ ကျန်းမာရေးကို ဂရုစိုက် အစစအရာရာ စိတ်ချသွား
သွားလေရာ အန္တရာယ် ကင်းပါစေ
နောက်တစ်ခေါက် မှ ငါတို့ သားအမိ ဘုရားအတူတူထပ်ဖူးတာပေါ့ ။

၂၈၊၁၁၊၂၀၁၀။

Sunday, 28 November 2010

နစ်သွားတဲ့နေရာမှာ ဇတ်မြုပ်တယ်

သူပြန်လာမယ်
သူပြန်မလာဘူး
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။

ဟင်းလင်ပြင်ကြီးတစ်ခုထဲ
အရာဝထ္တုပေါင်းစုံ
တိုက်မိကြ ၊ ဆောင့်လိုက်ကြ
ဟိုး .. အမြင့်ကြီးဆီ မြင့်တက်သွားလိုက်
ဟိုး … အနိမ့်ဆုံးဆီ လိမ့်ကျသွားလိုက်
ရင်ထဲမှာ အေးခနဲ စိမ့်ကနဲ
ဘယ်တော့မှ ပြန်ကျမလာတော့ဘူး
ထင်လိုက်တာ
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။

အရမ်းပျော်နေမယ်ဆို
သီချင်းအေးအေးလေးတွေ လိုက်ညည်းမယ်
အခံရခက်နေရင်
အပြင်းစား သီချင်းတွေနဲ့အော်ဟစ်ပစ်မယ်
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။

ညဉ့်နက်သန်းခေါင်
တစ်ယောက်ထဲ လမ်းထ မလျှောက်တော့ဘူး
ယိမ်းထိုးနေတဲ့ ၀ါးခင်းပက်လက်ကုလားထိုင်လေးပေါ်
စိတ်အခွံ့ကြီးကိုပဲ ပစ်တင်ထားလိုက်တယ်
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။

ဘယ်လိုမှ ဖမ်းဆုပ်လို့မရတဲ့ အခါ
ဖြေလျှော့ ထားလိုက်တယ်
အရပ်ထက် ရှည်တဲ့ အရိပ်
အရိပ်ထက် ရှည်တဲ့ အတိတ်
ကြိုကြိုကြားကြားကတောင်
ချိုထောင်မကြည့်လေနဲ့
အဲသလို …
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။ ။


၂၉၊၁၁၊၂၀၀၉။

Monday, 19 January 2009

ဖြတ်သွားဖြတ်လာ သတိထားမိတယ်

တစ်နေ့တွေ့နိုးတွေ့နိုး
မြေပုံအတုနဲ့ ခရီးတစ်ခုသွားနေသူပါ
မြွေသေချင်သေ တုတ်ကျိုးချင်ကျိုး
ထိတွေ့မိသမျှ စမ်းသပ်ပစ်လိုက်ဖို့ ပေါ့ပါးချင်တယ် ။

ဘယ်သင်းကိုမဆို မီးစာရှိသလောက်

စိတ်လက်တစ်ဆစ်နဲ့ ခမ်းပစ်လိုက်ဖို့
ဒီလို သီချင်းတွေမှာ
အလေ့အကျင့် ရှိချင်တယ် ။

လက်အံသေသလိုတင်းထားရတဲ့
စိတ်က
အံသေနေခဲ့
ဘတ်စ်ကားဂိတ်မှာ
ဘူတာရုံထဲတွေမှာ
လူတွေ တိုးဝှေ့နေကြပုံ
စိတ်တွေ တိုးဝှေ့နေကြ ။

မည်ရွေ့မည်မျှ ရောက်ခဲ့သည်မသိ
အခုအချိန်ထိ
လွတ်လွတ်ကျွတ်ကျွတ် ကပ်ပါလာတယ်ဆိုတဲ့အသိက
နှစ်ကိုယ်ပေါင်းမှ တစ် စိတ် ထဲရယ် ။ ။

Tuesday, 13 January 2009

ဂျလုန်း

ဂျလုန်းကို ဂျလုန်းလို့ခေါ်တယ်

ဂျလုန်းဟာ ဘယ်တော့မှ အိပ်ရာမသိမ်းဘူး

မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် အိပ်မိတဲ့ နေရာဟာ အိပ်ရာပဲ

ဂျလုန်းမှာ တိုးလိုးတွဲလောင်း ဖြစ်နေတဲ့

တစ်စစီ ပြန့်ကျဲနေတဲ့ အိပ်ရာတွေရှိတယ် ။


ဂျလုန်းမှာ စားစရာမရှိဘူး

ဂျလုန်းကို ကျွေးချင်မွေးချင်တဲ့သူတွေပေါတယ်

ဂျလုန်းက ဘယ်သူလိုချင်ချင် မလိုချင်ချင်

လိုအပ်မယ် ထင်တဲ့ အကူအညီတိုင်းကို အိတ်စိုက်ပေးတတ်တယ် ။


ဂျလုန်းဟာ ထူးခြားတဲ့ လူတစ်ယောက်ဖြစ်နေတယ်

ဂျလုန်းစိတ်ဟာ သာမာန်မဟုတ်တာသေချာတယ်

ဂျလုန်း တစ်နေရာရာကို ငေးနေပြီလား

ဂျလုန်း တစ်ယောက်ထဲ စကားပြောနေလား

ဂျလုန်း စွန်လွှတ်နေပြီလား

ဂျလုန်း ဂွေလိမ့်နေပြီလား

ဂျလုန်း ရေထမ်းနေသေးလား

ဂျလုန်း အုန်းပင်တက်နေတုံးလား

ဂျလုန်း ဆိုက္ကားနင်းတုံးလား

ဂျလုန်း လ္ဘက်ရည်ဆိုင်မှာပန်ကန်ဆေးနေလား

ဂျလုန်း အရင်ကလို ကမ်းနားမှာပဲ အလုပ်ဖြစ်နေသေးလား ။


ဂျလုန်းက သံယောဇဉ်ကင်းတယ်

ဂျလုန်းမှာ အပူအပင်မရှိဘူး

ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင်တူးခဲ့ဖူးတဲ့တွင်းတူးသမား

ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့

ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ

ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ ။


ဂျလုန်း ဘယ်ကလာလဲ ဘယ်သူမှမသိဘူး

ဂျလုန်းဘယ်ကိုသွားချင်နေလဲ ဘယ်သူမှမသိဘူး

အခုအချိန်ထိ ဒီရပ်ကွက်ထဲကလူတွေ

ဂျလုန်းဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိကြပေမယ့်

ဂျလုန်းမရှိရင် မဖြစ်ဘူးဆိုတာကိုတော့ သိနေကြပုံပဲ ။ ။

Monday, 12 January 2009

မေမေ

တစ်ခြမ်းပဲ့လနဲ့ သားတို့ဘ၀တွေကို
အလင်းရောင်ပေးခဲ့
ဆည်းလည်းလိုချိုတဲ့သားတွေရဲ့အသံနဲ့
နားရည်ဝခဲ့ရတဲ့မေမေ
ပိုး ဆိုထက်သတ္တ၀ါထက်
သားတို့ရဲ့ ငယ်ဘ၀ကနုခဲ့ရပါတယ် မေမေ ။

အကာအကွယ်တွေမဲ့နေတဲ့ စစ်တလင်းထဲမှာ
မေမေဟာ အောင်နိုင်သူ စစ်သူကြီးလိုပဲ
ငါ့သားတွေ အားနဲ့ အရာရာကို နိုင်အောင်တိုက်မယ်ဟဲ့ ဆိုတဲ့စိတ်နဲ့
မေမေ ၀င်ခဲ့တဲ့ တိုက်ပွဲတိုင်းဟာအောင်နိုင်ခဲ့ပါတယ် မေမေ ။

မေမေစီးဆင်းခဲ့တဲ့ မေတ္တာစမ်းချောင်းလေးဟာ
ဘယ်လောက်တောင် ချိုမြလိုက်သလဲဆိုရင်
သားတို့ရဲ့ငယ်ဘ၀က တစ်ကယ့်ကို လိုတရလက်စွပ်ကလေးလို
အရောင်တွေတလက်လက်ထနေခဲ့ပါတယ် မေမေ ။

ဘယ်လောင်တောင် မေမေ ပေါင်းသင်ပေးလိုက်သလဲဆိုရင်
မေမေ့ရဲ့ မြေပြင်မှာ ဒဏ်ရာတွေဗရပွ ဖြစ်နေပေမယ့်
အပျံတတ်သွားတဲ့ ငှက်ကလေးတွေလိုပဲ
သားတို့ပါးကို ဖွဖွလေးပဲနမ်းရက်ခဲ့တယ်
မေမေ့မေတ္တာမှာ မြင်သာအောင် ရေးထိုးထားခဲ့ပေမယ့်
စကားလုံးတွေ မဲ့နေတယ် မေမေ
ဘယ်လိုစကားလုံး မျိုးနဲ့ မေမေ့မေတ္တာကို
ဖော်ကျူးပြရမလဲ မေမေ ။

နံရံတွေ အထပ်ထပ်ခြားလောက်အောင်
မေမေနဲ့ သားတို့ ဝေးနေပေမယ့်
နွေးထွေးတဲ့ မေမေ့လက်တစ်စုံက
သားဘေးနားမှာ အမြဲကျောသပ်ပေးနေသလို
ဖက်တွယ်စရာ မြက်တစ်ပင်တောင် ဆုပ်ကိုင်မရခဲ့တဲ့အချိန်
ပစ်ပေါက်ကြဲလိုက်တဲ့ မေမေ့ရဲ့စကားတစ်ခွန်းက
သားအတွက် အနာကျက်ဆေး
မေမေရဲ့ မေတ္တာလက်နက်က
အရာအားလုံးထက် ထက်မြပါတယ် မေမေ ။

Friday, 19 December 2008

မီးပုံးပျံ


-->

-->
-->
အချိန်ပိုင်းဝေဒနာဟာ
မီးစာ မကုန်ခန်းသရွေ့
စိတ်ရှိသလောက်
ပျံဝဲနိုင်ခဲ့တယ် ။ ။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe