• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 29 March 2008

တူတူပုန်း

တူတူပုန်း

ပွဲစပြီဆိုကတည်းက ပုန်းနေလိုက်တာ 
အခုအထိကို ရှာလို့မတွေ့ဘူး
မိုးချုပ်လို့ အိမ်ပြန်ချိန်ရောက်တော့မယ်
ထွက်လာခဲ့ပါတော့လား
ကစားဖေါ်လေးရယ် ။ ။

Saturday 22 March 2008

လမ်းခွဲမယ့်အကြောင်းမပြောပါနဲ့

လမ်းခွဲမယ့်အကြောင်းမပြောပါနဲ့


ငါ့မြစ်ရဲ့ ရင်ခွင်မှာ
မှော်ပင်တစ်သိုက်လို
ရေစီးလိုက်လာတဲ့ ကောင်မလေးရေ
အရမ်းမတိုးလိုက်ပါနဲ့
အချစ်တို့မှော်အောင်တဲ့
မေတ္တာတရား တောအုပ်မှာ
ရွှေသမင်တစ်ကောင်ဖမ်းရတာ
အတွေးတို့ထမ်းပိုးထားရတဲ့ မုဆိုးအလုပ်မို့ပါ ။

အခုအချိန်ထိလဲ အချစ်ကို
လျှော်ကြေးတစ်ခုလို လိုလိုလားလား
ပေးဆပ်နေဆဲပါပဲ
ကိုင်းဆက်ပန်းလို အချစ်တွေ ဆက်ထားတယ်
ဘ၀ဘ၀ တွေ အထိ ။

(၁၅) မိနစ်ကို တစ်ကြိမ်
ကြီးထွားတတ်တဲ့ သတိရမိခြင်းက
မတွေ့မထိပါပဲ သိနေတယ်
အလိုလိုရှိနေကြတယ်
ချရေးပြလို့ မရတဲ့ စကားလုံးတွေနဲ့တင်
ငါ့ ရင်ခွင်က အသွင်ပြောင်းနေပြီ

အိပ်တန်းပြန်လာတဲ့ ငှက်တွေအကြား
နင့်သတင်းများပါလာမလားလို့တော့ မေးမိသား
ရုတ်တရက်တိုက်ခတ်လိုက်တဲ့ လှိုင်းတံပိုးတွေကြား
နင့်အမုန်းတွေပါလာ မလားလို့
ငါရှောင်တိမ်းလိုက်ရတာလဲ အမော
ခုချိန်ထိလဲ ငြိမ်ချက်သားကောင်းဆဲ
ငါရေးချင်တဲ့ ကဗျာတွေထဲမှာ
လမ်းခွဲ ရမယ့်အကြောင်းတွေအပိုမပါခဲ့လို့ပါ ။ ။

အဖေ

အဖေ


သူများတွေခေါ်ခေါ်နေတဲ့အဖေ
ဒီဘ၀မှာတစ်ကြိမ်တစ်ခါလောက်ပြန်ထူးခဲ့မယ်ဆိုရင်
ကျွန်တော့်တစ်ဘ၀လုံး

အဖေလို့ထိုင်ခေါ်နေမိမှာပဲအဖေ ။


ကျွန်တော်ကလဲသံသရာကိုကြိုမသိခဲ့ဘူးလေ
ဘ၀ ဘ၀က ကျွန်တော်ဖြတ်ဆီးခဲ့တဲ့အသိုက်တွေ
ဘယ်လောက်တောင်များခဲ့သလဲမသိဘူးအဖေရာယ်
ကျွန်တော် လူ့လောကကိုရောက်ပြီးတစ်နှစ်မှာ
ကျွန်တော်တို့ အသိုက်လေးပျက်သွားခဲ့တယ် ။


ကျွန်တော့်ကျောင်းသားဘ၀တစ်လျှောက်
တို့ဖေဖေကဗျာ သင်ရတဲ့နေ့
ကျောင်းကထွက်ပြေးခဲ့တယ်
သူငယ်ချင်းတွေ စာရွတ်သံက သားကိုလှောင်နေသလိုပါပဲ အဖေ ။


အဖေ့ပုံရိပ်တွေ မြင်နေရက်နဲ့
တစိမ်းတွေလို ခံစားနေရတာ
ကျွန်တော်ကံဆိုးတာလားအဖေ
ကျွန်တော်တင်မဟုတ်ပါဘူး
အမေ ကိုယ်တိုင်လဲ ကံဆိုးခဲ့တာပေါ့အဖေ ။


မိသားစုစုံစုံလင်လင်နဲ့ ကစားကွင်းတွေရောက်ရင်
ကျွန်တော်အကြိုက်ဆုံးကစားနည်းက
ဘားတန်းခိုတာပဲအဖေ

သားရဲရဲခိုထား ပြုတ်မကျစေရဘူး
အောက်မှာအဖေရှိတယ်
ဆိုတဲ့
အဖေတစ်ယောက်ရဲ့ သားအပေါ် ယုံကြည်မှု့တွေကို အလိုချင်ဆုံးပါပဲ အဖေ
ဘ၀မှာ ကျွန်တော် ဘားတန်းခိုခဲ့ရပေါင်း များခဲ့ပါပြီ
ဒါပေမယ့် အမေကတော့
မိန်းမသားလေ အဖေ
ပြုတ်ကျရင် အနာတရ ဖြစ်မယ်ပေါ့
ဒါဟာအမေတစ်ယောက်ရဲ့ စိုးရိမ်လွန်မှု့နဲ့
အဖေတစ်ယောက်ရဲ့ယုံကြည်မှု့လွန်ကဲခြင်းတွေ
မဟုတ်ကြဘူးလားအဖေ ။


မှတ်မှတ်ရရ
(၁၃)နှစ်ပြည့် ဖေဖေါ်ဝါရီ (၉)ရက်ပေါ့
ဝမ်းခေါင်သံကြီးနဲ့
အဖေ သားအနား ရောက်လာသေးတယ်နော်
အိမ်မက် လား တကယ်လားဆိုတာတော့
ကျွန်တော်တကယ်မသိခဲ့တာပါ အဖေ
ဒီနေ့ထိ သိလိုက်တာကတော့
ဘယ်ဘ၀ရောက်ရောက် အဖေ
ကျွန်တော် အဖေ့ အတွက် ပြုလုပ်ခဲ့ပေးတဲ့
ကောင်းမှု့ကုသိုလ်တွေ အတွက်
ရောက်ရာအရပ်က သာဓုခေါ်စေချင်တယ် ။


အခုတော့လဲအဖေရာယ်
ဘယ်လိုအဖေမျိုး သေလို့ငိုငို
ရှိုက်သံတွေကြားရင်ကိုပဲ
အဲဒီ ဒဏ်ရာက တစစ်စစ် ကိုက်လာတယ် ။ ။

Sunday 16 March 2008

အိပ်မက် နယ်နမိတ်များနဲ့ တဖက်ကမ်း

အိပ်မက် နယ်နမိတ်များနဲ့ တဖက်ကမ်း

လေးကိုင်းသဏ္ဍာန် နှုတ်ဖျားက
ပွင့်လာတဲ့ စကားလုံးတိုင်း လှတယ်
ဒီထက်ပိုပြီး ဘာကို မျှော်လင့်မိမှာတဲ့လဲ ။

အရှိန်ပြင်းပြင်းနဲ့
နှလုံးသားကို စေခိုင်းလိုက်ပုံများ
ငြင်းဆိုပိုင်ခွင့် မရလိုက်ဘူး
(ကျွန်တော်ကိုယ်တိုင်မတားဆီးလိုက်ခြင်းပါ)
စည်းအထပ်ထပ်ခြားသွားခဲ့တယ် ။

အရာရာကို မထုံတက်တေး
ကိုယ်လေးလက်ဝင် အတွေးတွေနဲ့
ကျွန်တော့် အိပ်ပျက်ညတွေ အပေါ်
အကြင်နာ တစ်စွန်းတစ်စလောက်ဖြစ်ဖြစ်
(အမှန်က)စိတ်ကူးယဉ်ခွင့် ပေးဖို့ကောင်းပါတယ် ။

မျှော်လင့်မိလိုက်တိုင်း
မကြာခဏ ရင်ဘတ်ရှလွယ်တဲ့
မှန်ကွဲစလေးရေ
ဘယ်လိုပဲ အလွမ်းတွေကို စာဖွဲ့ပေမယ့်
ဖမ်းဆုပ်ခွင့်မရခဲ့တဲ့
အိမ်မက် အသေတွေက
(အဲဒါ) အချစ်ရဲ့ သွေးစက်လက်
ဒဏ်ရာဒဏ်ချက် တစ်ချို့ ပဲကွယ့် ။ ။

Wednesday 5 March 2008

ပြုပြင်တပ်ဆင်ပါ

ပြုပြင်တပ်ဆင်ပါ

ဖြစ်နိုင်ရင် အဲဒီတေးသွား
ဒီမှာခဏရပ်ပါ
ဘေးဘီ ၀ဲယာ ကို
အနံ့ဆိုးများ ထွက်လေ မလားလို့ ။

လိုအပ် သလို နူးညံ့ ခက်ထန်နိုင်တယ်
မလို အပ်ဘူးဆိုလဲ လမ်းခွဲ ထွက်ခွာနိုင်တယ်
ရင်ခုန်သံ အစစ်တွေ သာ အလိုရှိလို့
ရောစပ်ခံ သံသယ တွေ နဲ ရေ မလောင်းပါနဲ့
လောင်မီးကျ ခံရလဲ
ဆက်လက်ရှင်သန် သွားမယ်ဆိုတာ
ယုံကြည်နေသေးသရွှေ ပေါ့
ချစ်သူတွေ ဆိုတဲ့ အသိမှာ
နင် အရာရာ ဆုံးဖြတ်နိုင်တယ် ။

ငါ ကိုယ်တိုင် တူးဆွ မိခဲ့တဲ့
ဖုန်းဆိုးမြေလယ်ယာ ဟောင်းလေး မှာတော့
ငါ့ ညတွေ မီးသဂြိုလ်ခွင့်ပြုပါ ။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe