• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Monday, 30 April 2012

အရင်းအတိုင်း ပြန်လည်ကြားသိရသော ကိုယ့်ရင်ခုန်သံ

ကြီးကြီးမားမား သုံးစွဲပြစရာ
ကိုယ့်မှာ စကားလုံးတွေ
လုံလုံလောက်လောက် ရှိမနေပြန်ဘူး ။

လူလူချင်း တွေ့ထိဖို့
စိတ် စိတ်ချင်း ဆက်စပ်ထားရှိမှု
အတွေးတို့နဲ့ ငွေ့ရည်ဖွဲ့မိတဲ့အခါ
သတိရခြင်းအဖြစ်နဲ့ ရွာချပေါ့
ကိုယ့်အပေါ်
တစ်ကိုယ်ရည်စာ အလွမ်းက ရွှဲရွှဲစို  ။

တွန့်ကြေ ကောက်ကွေ့ လမ်းမတွေထဲ
သတိရခြင်းကို မှတ်တိုင်အဖြစ် စိုက်ထူထားခဲ့ နေ့များ
တစ်လနဲ့ကိုးသီတင်း မင်းရဲ့သတင်းကို
သီချင်းတစ်ပုဒ်လို အကြိမ်ကြိမ် နားစွင့်ခဲ့ရသူလေ
ညတွေမှာမှ ခိုးယူပေါင်းသင်းရတဲ့ အိပ်မက်ကလေးက
တသီးစား ဘဝထဲ
လှလှပပလေး ပွင့်ပြနေ ပြန်ရော ။

၁၁း၅၈ နာရီ
၂၉၊ ဧပြီ ၂၀၁၂ ။

Sunday, 11 March 2012

အသံမဲ့ စကား

စိတ်နဲ့မဆန့်တဲ့အခါ
စကားလုံးတွေ နံရံမှာ အရိပ်ထင်တယ်
အသံတွေဟာ တုန်ရင်အက်ကွဲလို့
ကိုယ်ဟာ လွယ်လွယ် အလျှော့ပေးတတ်သူ
မဟုတ်ပါဘူး
ကမ်းမမြင် လမ်းမမြင် ပြီးတဲ့နောက်
အသေခံဗုံးခွဲ သမားရဲ့ စိတ်မျိုးနဲ့ "ချစ်တယ်" ။

၁၄၊၂၊၂၀၁၂ ။

Saturday, 28 January 2012

အရင်ကလို မစိမ်းလန်းတော့ဘူး

ရာသီဥတု အစိုးမရဘူး 
အလိုလိုနေရင်း စိတ်အလိုမကျဘူး 
အုံ့အုံ့မှိုင်းမှိုင်းနဲ့ အခန်းထောင့်မှာ 
အထီးကျန်မှုနဲ့ ပုံလျက်သား ။ 

ပြတင်းတံခါးတွေလိုစိတ်တွေမှာ 
ဖွင့်ထားလိုက်၊ ပြန်ပိတ်သွားလိုက်
ဖြာကျလာတဲ့ အလင်းလို အလွမ်းက 
အခန်းထဲ နေရာအနှံ့က တရစပ်တိုးဝင်လာ 
တစ်ယောက်ထဲလည်း စကားတွေပြောလား ပြောရဲ့ 
အရူးလိုပဲ ။ 

အဟောင်းကြီးပါကွာလို့ ပြောရအောင်ကလဲ 
လတ်တလော ဖြစ်နေတဲ့ ကိစ္စ
လောကဓံ လို့မှတ်ယူပါ့မယ်
ဖြတ်သွားဖြတ်လာ တဝီဝီနဲ့မို့ 
အရှေ့နောက်၊ ဘေး ဘယ်ညာ သေချာကြည့်
မီးစိမ်းမှ ကူးပါ ။ 

8:10 PM 
November 29, 2011

တရိပ်ရိပ်နဲ့ ဖြတ်ပြေးသွားသော ရှုခင်းများ

ဇန်နဝါရီ (၂၅)မှ ၂၆ ကြိမ်မြောက်
အတိတ်၊ အနာဂါတ်၊ ပစ္စုပန်များနှင့်
ကိုယ်ထူကိုယ်ထ မှတ်တိုင်များမှ တဆင့်
မိသားစုများအကြား စီးဆင်းခဲ့သော
မေတ္တာတရား မြစ်ကျဉ်း
ပိန်လိုက်ဖောင်းလိုက် အိပ်ကပ်တွင်းမှ စက္ကူရွက်များ
အလိုအလျှောက် လျှောကျခြင်း
ဖျက်ရာခြစ်ရာ ဗရပွနဲ့ တစ်သီးစား ဘဝထဲ
အရေးအသား တစ်ချို့ကို စွဲစွဲငင်ငင် ခေါ်ဆောင်
ရိုးသားခြင်းကို လည်ပင်းဖက် ပေါင်းသင်း
သတ္တိအရှိဆုံး ခွင့်လွှတ်ခြင်းနဲ့ ဟန်မပျက် ပြုံး
ရေကြည်ရာ မြက်နုရာဆီ ရေတတန် ကုန်းတတန် ခရီးနှင်ခဲ့
ကိုယ်ချင်းစာခြင်းကို အစိတ်စိတ်အမွှာမွာခွဲပြီး
တစ်ယောက်တစ်ဖဲ့စီ ည၊ မနက်စာအဖြစ် စားသုံးရင်း
တစ်နေ့နေ့ဆီ သို့
အဲ့ဒီ တစ်နေ့နေ့ဆီသို့ ကို ရောက်အောင်သွားမည် ။ ။


P.S >> ညီလေးမောင်မျိုး မွေးနေ့ အမှတ်တရ ။

Sunday, 22 January 2012

အလင်းရောင်ဟာ အလင်းရောင်ကို ကိုယ်စားပြုတယ်

အလင်းရောင်နဲ့ ထိတွေ့ဆက်ဆံနေရသူအဖို့ 
အလင်းရောင်ကို ကြောက်တဲ့ရောဂါ ရနေတယ် 
အလင်းရောင်က စိတ်မထင်ရင် မထင်သလို ပြဿနာ ရှာတယ် 
အလင်းရောင်ကို ဘဝထဲ ထည့်ထားရတာ ပျော်တယ် 
အလင်းရောင်က ညတွေမှ ရောက်ရောက်လာတတ်တဲ့ အကျင့်နဲ့ 
အလင်းရောင်က စိတ်ကူး ကောင်းတွေကို အမြဲမပြတ် ထုတ်လွှတ်နေတတ်တယ် 
ကဗျာတစ်ပုဒ် အမြဲဖတ်ဖို့ ဆာလောင်နေတတ်တယ် 
ညမှာ အလင်းရောင်ရောက်လာတာဟာ ကမ္ဘာမြေနဲ့ အဆက်ဖြတ်ပစ်တာ 
ဒီလောက်ထိ အလင်းရောင်ဟာ မရှိမဖြစ် ဖြစ်လာပြီဆိုကတည်းက 
အန္တရာယ်ရဲ့ အငွေ့အသက်ကို ရသင့်တယ် 
တစ်စတစ်စ အလင်းရောင်ဟာ ညတွေကို ဝါးမြိုလာတယ် 
ဘဝတွေကို ဝါးမြိုလာတယ် 
အဆက်မပြတ် အလင်းရောင်တွေ သွယ်တန်းနေသေးကြောင်း 
အလင်းရောင်ဆီမှာ သက်သံခံပေးနေရတယ် 
ဒါကြောင့်ပဲ အလင်းရောင်ဟာ အမြဲ မျက်နှာသာ ပေးတာဖြစ်ကြောင်း 
အလင်းရောင် ကိုယ်တိုင် ထုတ်ပြောတတ်သေးတယ် 
အလင်းရောင် ကြီးစိုးလာခြင်းကို အပူတပြင်း ဆွေးနွေးနေရတယ် 
အလင်းရောင်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို အမျိုးအမည် တပ်နေရတယ် 
အလင်းရောင်ပိုး ကာကွယ်ဆေးတွေထိုးနေရ ၊ အလင်းရောင်ရောဂါ မဖြစ်အောင် 
ကာကွယ် ကုသနေရ၊ အလင်းရောင်ကို ဂရုတစိုက် ဆက်ဆံနေရတယ် ။ ။ 

၀၁း၂၂ နာရီ ။
၁၆၊၁၂၊၂၀၁၁။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe