ငါ့အစ်ကို
မင်းကလက်ကမ်းကြိုတယ်
တစ်နှစ်ခွဲစာလောက် မင်းနေရာကို
ငါ့အတွက်ဖယ်ပေးခဲ့တာ အခုအထိပဲ
အိမ်ပြန်ချိန်နောက်ကျခဲ့တဲ့ ဖေဖေရဲ့ပုံရိပ်ကိုတော့
မင်းငါ့ကို အလွတ်ရွတ်ပြတတ်တယ်
ငါဘယ်လောက်ဝေးဝေး
အမြဲအဆက်အသွယ်လုပ်တတ်တဲ့ သံယောဇဉ်ကို
ငါမမေ့ဘူး အစ်ကို။
မင်းဆယ်ခတ်နေတဲ့ အရည်အဖတ်တွေအပြင်
မင်းကိုပြန်သောက်သုံးနေတဲ့ အရည်တွေထဲမှာတော့
မင်းကိုယ်မင်းကူးခတ်နေရတုံးပဲနော် အစ်ကို
ေ၀၀ါးနေတဲ့ မင်းအိမ်မက်ထဲက ဘယ်အချိန်နိုးထမလဲ
ငါတို့တေးသွားမှာ မင်းဂစ်တာ အသံကြောင်နေသေးတာ
ငါအားမရဘူးအစ်ကို။
မင်းပြောနေကြအတိုင်းပဲ လက်တည့်မယ့်တစ်နေ့ပေါ့
မင်းကြိုက်လို့မချွတ်တမ်းဝတ်နေတဲ့ အင်္ကျီအဖြူမှာ
ချေးတွေ အရမ်းပေနေတာကြာပြီ အစ်ကို။
အားလုံးအပေါ်မှာ မင်းအပိုအလျှံတွေ အရမ်းများနေပေမယ့်
မင်းရေးစပ်နေတဲ့ သံစဉ်တွေထဲမှာ
မင်းဘ၀ကာရံတွေ မဲ့နေသေးတယ် အစ်ကို
တစ်ယောက်တစ်ဖက်စီ ထောက်ထားရတဲ့ ဒေါက်မှာ
မင်းဘက်က အားမလျှော့ဘူးဆိုတာကို ငါယုံတယ်အစ်ကို
မေ့မေ့ ပန်းခင်းထဲကို မင်းအတောင်ပံခတ်မယ့်နေ့
ငါတို့အိမ်လေးမှာ ထမင်းလက်ဆုံစားကြရအောင်ပါ အစ်ကို ။ ။
1 comments:
ဝေး..လာလည်ရင်းတိုက်ဆိုင်တာတစ်ခုရှိတယ်ကွ။
ငါ့အစ်ကို .. ဒီနာမည်နဲ့ကဗျာတစ်ပုဒ် ၂၀၀၆တုန်းကရေးထားတာရှိတယ်ဗျ။ တိုက်ဆိုင်တယ်နော်..။ ယှဉ်ဖတ်ကြည့်ရင် အရေးအသားရော အကြောင်းအရာရော ကွဲပြားသော်လည်း အံ့သြစရာကိန်းအောင်းနေတဲ့ တူညီတဲ့ အမျှင်အတန်းလေးကို တွေ့ရမယ် ။
တင့်ထူးရွှေ အကို နဲ့ ရဲဝင်းရဲ့ အကို .. ။
Post a Comment