ပုံပြောသူရဲ့ ရာဇ၀င်
ပုံပြောသူရဲ့ ရာဇ၀င်
လွှင့်ပစ်လိုက်ပေါ့
မင်းအတွက် အသုံးမလိုတော့ဘူးလို့ ထင်တဲ့အခါ
မင်းနှုတ်ခမ်းရာ တစ်စုံတစ်ခုတော့
သူ့ကိုယ်ပေါ် ထင်ကျန်ရစ်ခဲ့
နောက်ဆုံး အရိပ်ထဲမှာ
သူ့အခန်းတံခါးတွေ အလုံပိတ်ထားခဲ့တယ် ။
အမှည့်လွန် သစ်သီးတစ်လုံးရဲ့
ဝမ်းဗိုက်ထဲ
ဘယ်လို အဆိပ်တွေ ခပ်ထည့်လိုက်သလဲ
နေ့နေ့ညည
သူ့ရဲ့ အာသီသဟာ
မြေသြဇာ အလွန်ကောင်းတဲ့
ရေသောက်မြစ် ဖြစ်တယ် ။
သူ့ရင်ထဲမဆန့် ထုပ်ပိုးထားပြီး
နောက်အကျဆုံး ဆိုက်ကပ်ခဲ့တဲ့
သံယောဇဉ်မှာ
အကုန်အစင်တွေ သိမ်းထားခဲ့တယ် ။
သူ့အိပ်မက်ရဲ့ တန်ရာတန်ကျေးအရ
သူ့အပြင် လူသားတစ်ဦးတစ်ယောက်များ
အစားထိုးမက်ဖို့ ခက်ခဲလိမ့်မယ်လို့
သူ့အိပ်မက်တွေ မာနကြီးခဲ့လေသလား
နောက်ဆုံး အရောင်းထိုင်းခဲ့တဲ့
အိပ်မက်အသေတွေပဲ သူဖတ်တွယ်ထားခဲ့တယ် ။
နေ၀င်နေထွက်တိုင်းတော့
အမှတ်ရစရာ ရင်သွေးတွေ
မွေးဖွားနေဆဲ
သူ့ကမ်းခြေ အရောက်
အမောမဖောက်သေးသ၍
သူ့ပင်လယ် ရေပြင်မှာ
စုန်ချီဆန်ချီ အခြေအချ
ကူးခတ်နေသေးကြောင်း
သူ့လေညည်းလေး တိုးခဲ့ပါတယ် ။ ။
4 comments:
အမောမဖောက်သေးသ၍ စုန်ချီဆန်ချီ အခြေအချ
ကူးခတ်နေသေးကြောင်း ...
ကောင်းသကွာ။ အတုယူစရာပဲ အရေးအသားကတော့။ တော်တော်လဲ စဉ်းစားယူလိုက်ရတယ်။ ငါလည်း အမောမဖောက် သေးသ၍တော့ ကူးလိုက်အုံးမယ် သူငယ်ချင်းရေ...
ကောင်းလိုက်တဲ့အရေးသား မရေးတော့လဲမရေးလို့ ရေးတော့လဲ ရှယ်ပဲဗျာ...
ဂွတ်ဂွတ်....ဒီလောက်ပဲပြောတတ်လို့ ဗျ..
ကူးခတ်ရတာတော်၂မောမယ်နော်
နေ၀င်နေထွက်တိုင်းတော့
အမှတ်ရစရာ ရင်သွေးတွေ
မွေးဖွားနေဆဲ...ဆိုတဲ့စာသားလေးကိုတော်တော်ကြိုက်တယ်..
ကဗျာလေးကကောင်းတယ် ... အဆင်ပြေပါစေကွာ..
Post a Comment