အပိုင်းအစ(၂)
နှလုံးသွေးတွေ ညှစ်ထုတ်ခံရ
ဘဝဟာ
အချိုကုန်ပြီးသားကြံဖတ်နဲ့
သွေးသားတော်စပ်တယ် ။
အစကတည်းက တိုတောင်းလှပါရဲ့
သံယောဇဉ်တွေ တစ်စတစ်စ ဆက်
အထုံးအဆစ်တွေနဲ့ ရှည်ထွက်လို့
ဘဝဟာ
အတေ့အဆက် တစ်ချက်လွဲရုံနဲ့
တစ်စစီ ပြုတ်ထွက်သွားနိုင်တယ် ။
ရင်ခုန်သံကို စည်းချက်လိုက်
တေးသွားအကျနဲ့ ကခုန်
စိတ်ကူးယဉ် ပုံပြင်နဲ့
ဒဏ်ရာတွေ အစိမ်းလိုက် ကုသခဲ့
ဘဝဟာ
မနက်ဖြန်ရဲ့ မီးပြတိုက်လဲဖြစ်တယ် ။
အခါခါပဲ လောင်ကျွမ်း
အခါခါပဲ ငြှိမ်းသတ်
အခါခါပဲ သက်ပြင်းချ
ဇော ဆိုတာက
မမောနိုင် မပန်းနိုင်
ပူးလိုက်ခွာလိုက်
မက်လက်စ အိပ်မက်
မနက်ဖြန် ထပ်မက်မယ်
သေသူမဟုတ်တဲ့အတွက် အသက်နဲ့ပဲ ။ ။
4 comments:
ရှင်သူဆိုတော့ အသက်နဲ့ပဲ
မိုက်တယ်ချစ်နယ် ..။
ဘ၀ဟာ
အချိုကုန်ပြီးသားကြံဖတ်နဲ့
သွေးသားတော်စပ်တယ် ......
အယ်...တယ်ဆိုတဲ့ စာပါလား..။ မေးချင်တယ်... အချိုတွေ ဘယ်သူ ၀ိုက်သွားလဲ...။
ငါတို့ကလည်း အဲဒီ့ အချိုကုန်ပြီးသား ကြံဖက် ကိုပဲ မက်မောနေမိတော့ ခက်တယ်ကွ...။
အပိုင်းအစ (၂)လေး...
ဘ၀ဟာ
အတေ့အဆက် တစ်ချက်လွဲရုံနဲ့
တစ်စစီ ပြုတ်ထွက်သွားနိုင်တယ် ဆိုတာဟုတ်တယ်နော်...
Post a Comment