• ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

Thursday, 29 November 2007

ကျွန်တော်နဲ့သူမ (၂)

ကျွန်တော်နဲ့သူမ (၂)
ကျွန်တော်တို့ကျောင်းတော်မှာ
အချစ်ရဲ့ဝိညဉ်တွေ အသက်ဝင်တုံးက
သူမက သဲ့သဲ့လေးပြုံးတယ်
ဘယ်လိုနတ်ဆိုးတွေကြောင့်
ကျွန်တော့် နှုတ်တွေဆွံ့အ ခဲ့ပါသလဲ
တစ်တောလုံးလဲ စိမ်းနေတုံး
ကျွန်တော်စီးဆင်းခဲ့တဲ့ စမ်းချောင်းလေးရဲ့အစဟာ
သူ့နှုတ်ခမ်းစူပုံလေးမှာ မြစ်ဖျားခံခဲ့တယ်
ဘ၀တွေ ရေးဆွဲဖို့ စိစဉ်ကြတော့
ပန်းတစ်ခြင်းနဲ့လောကကို အလှဆင်မိတယ်
အလွမ်းကလဲ ကူးချည်သန်းချည်နဲ့
ထုတ်ကုန်တစ်မျိုးပေါ့
အကြိမ်ကြိမ်မေးခွန်းတွေ ပြောင်းမေးလဲ
ကျွန်တော့် အဖြေက တစ်ခုတည်း
ကျွန်တော် သူမ ကိုသိပ်ချစ်တယ် ။ ။

Sunday, 25 November 2007

အရှေ့အရပ်သို့မျက်နှာမူ၍

အရှေ့အရပ်သို့မျက်နှာမူ၍

လွှတ်ချလိုက်ပြီဆိုတော့မှ
နှမြောတသမှု့က ကပ်ပါလာသေးတယ်
အဲဒီနောက်ကွယ်မှာမှ မဟုတ်ဘူး
ဝင်ရိုးစွန်းပေါ်မှာ လည်ပတ်နေသမျှ
နေနဲ့ညကို တစ်လှည့်စီမြင်ခွင့်ရကြတယ်
ဝင်ရောက်မွေနှောက်ခံရတိုင်း
ဒီဦးနှောက်ထဲမှာ အမှိုက်တွေပုံနေပြီ
အဆင်မပြေတဲ့ အကြောင်းအရာနဲ့ကြုံတိုင်း
ကိုယ့်ကိုကိုယ်ပြေလည်အောင် ဖြေရှင်းပြတယ်
ယဉ်ကျေးမှု့တွေနဲ့ ပုံမှန်အတည်တကျပဲ
အရေပြားယားယံမှု့မှာ စိတ်တစ်ခုအနာဖြစ်တယ်
ကုတ်ပစ်ဖဲ့ပစ်ဖို့ ဆေးဝါးမလိုအပ်ဘူး
ဗလာအခင်းအကျင်းနဲ့ အူစိုရုံ
ကိုယ်ထင်ရာဝင်လုကြတော့ မကြာခဏ
စုပ်တသပ်သပ်ဖြစ်ရတယ်
ကွေးကောက်နေသော အရိပ်တွေအတွက်
သင်္ချိုင်း(၂)ခုရှာသူများကို အနမ်းတစ်ခုပေးချင်တယ်
သစ်ကိုင်းဖျားထိရောက်အောင်သွား
အဲဒီအသီးက ပိုချိုတယ်
ယေဘူယျ ကြီးရင့်မှု့ထက်
အတည်တကျ ရှင်သန်မှု့မှာ
ဒီကနေ့တွေ့တဲ့သူကို
ဒီညသန်းခေါင်ယံမှာသေဆုံးတော့မယ့်လူအဖြစ်
ဂရုတစိုက်ကြင်နာမှု့နဲ့ ဆက်ဆံမယ်
အရပ်လေးမျက်နှာရာယ်
နေထွက်ရာ အရပ်ကို ဦးတည့်ပေးပါ ။ ။

Friday, 23 November 2007

ကျွန်တော်နဲ့ဂျင်းအင်္ကျီတစ်ထည်

ကျွန်တော်နဲ့ဂျင်းအင်္ကျီတစ်ထည်
ကျွန်တော်ဆီရောက်ကတည်းက
ကျွန်တော်ကိုယ်စား ရာသီဥတုဒဏ် မျှဝေခံစား
ဘယ်သွားသွား ကိုယ်ပေါ်မှာ တင်သွားခဲ့တယ်
ပူရင်ပူသလောက် အေးတော့လည်းအေးတဲ့အလျှောက်
တတ်နိုင်သလောက်တော့ တာဝန်ကျေတယ်
သူလည်းခံနိုင်ရည်ရှိသလောက်ပေါ့
ကျွန်တော်အပေါ် သစ္စာရှိတယ်။

စပေါ်စကတော့ လူတိုင်းလိုလို
သူဌေးကအစ လမ်းပေါ်ကလူအဆုံး
ဝတ်ဆင်ခဲ့ကြတယ်
ကာလဒေသ အရတော့
လူရာမ၀င်တဲ့အခါလည်း ရှိမပေါ့
လျှော်ဖွတ်တာများလေလေ
အရောင်မွဲလေလေနဲ့
အရောင်မွဲမှ ကြိုက်တဲ့ ကျွန်တော်အတွက်ကတော့
သူဖက်က မာနမကြီးတတ်ပါဘူး။

ကျွန်တော်ငယ်ငယ်က သူ့အသက်လည်း ခပ်ငယ်ငယ်ပေါ့
အရောင်မွဲသွားလည်း အတူတူတွဲသွားတယ်
ခေတ်ပေါ်ဒီဇိုင်းမျိုးစုံနဲ့လဲ
သဟဇာတ ဖြစ်ပါတယ်။

အသစ်တွေ ဘယ်လောက်ပြောင်းပြီးဝတ်ခဲ့ဝတ်ခဲ့
အရောင်ခပ်မွဲမွဲ အဲဒီဂျင်းအင်္ကျီလေးကိုတော့
ကျွန်တော်အမြတ်တနိုးထား ၀တ်ဆင်တတ်ခဲ့တယ် ။ ။


Tuesday, 20 November 2007

အပိုင်းအစ

အပိုင်းအစ
ခဲရာခဲဆစ်
စိတ်နဲ့ ခန္စာက အစဉ်မကပ်ဘူး
ထိုင်နေရင်းက လှုပ်ရှားမှုအပေါ်
ရသလောက် ရှာဖွေကြည့်တယ်
ရှုပ်ထွေးပွေလီစွာ
ဆင်းလိုက်တက်လိုက်နဲ့
ခန္ဓာကိုယ်ပေါ် နင်းသွားကြတယ်
ရင်ဘတ်တွေ အောင့်လောက်အောင်
အတ္တတွေဖျားနာခဲ့ကြ
မြစ်ထဲရေဆင်းသောက်တဲ့သက်တန့်မှာ
ငါ့တိမ်တွေ ပုံသဏ္ဍာန်ပြောင်းလဲကြ
ကြယ်ကြွေတစ်သိုက်နဲ့ မိုက်ကန်းကြတယ်
ကျွန်တော်စဉ်းစားကြည့်တယ်
အဲဒီမြို့ပျက်ထဲမှာကော
ညာဥ့်ငှက်ဘယ်နှစ်ကောင်များ ခိုအောင်းနေမလဲလို့ ။ ။

Friday, 16 November 2007

ယောနသံ

ယောနသံ
ပျံသန်းခြင်းအတတ်ပေါင်းစုံအတွက်
ငါ့အသိုက်အမြုံနဲ့ ရင်းနှီးခဲ့တယ်
ရဲ့ရင့်ခြင်းရဲ့ မမြင်နိုင်တဲ့စွမ်းအားတွေအပြင်
ပျံရင်းသေမဲ့နေ့သစ်တွေရှိမယ်
ကိုးကွယ်ဆည်းကပ်မှု့နည်းနာမှာ
ငါဟာ အတောင်ပံတစ်စုံပဲပိုင်တယ်
လေဟာနယ်ထဲမှာတောငါ့အတွက်
ထွက်ပေါက်တွေ ပိတ်မထားဘူး
အားအင်အသစ်တွေ တနံတလျားရွေ့လျှားပြီး
လိုချင်တာကိုရသလောက်ရှာကြည့်တယ်
ရေထဲကငါးတွေ အလုအယက်စားသောက်ကြရုံနဲ့
ငါ့ကိုယ်ငါ ဇင်ယော်အမျိုးလို့ ပြောမထွက်ဘူး
ကောင်းကင်ကြီးရဲ့ ဟိုးအစွန်းထိ
ဇင်ယော်အမျိုးတွေ မပျံလိုက်ရမှာကိုငါစိုးတယ်
နိမ့်တစ်ခါ မြင့်တစ်လှည့် လေအဝေ့မှာ
အတောင်တွေ ညောင်းလာရင် ခဏနားတယ်
အားစိုက်လို့ လေထုကိုထိုးခွဲထွက်
ဒီလက်မတင်လေး
ပြိုးပြိုးပျက်ပျက် ဇင်ယော်ငှက်တစ်ကောင်
ယောနသံ လို့အမည်တွင်ခဲ့တယ်။ ။


Wednesday, 14 November 2007

ဒိုင်ယာရီထဲက စာမျက်နှာတစ်ချို့

ဒိုင်ယာရီထဲကစာမျက်နှာတစ်ချို့

လွန်ခဲ့တဲ့ (၆)နှစ်က ဒိုင်ယာရီစာအုပ်ပြန်ဖတ်မိတိုင်း
အဲဒီရက်စွဲတွေအပေါ် အတွေးတွေဖြတ်လျှောက်မိတယ်
တစ်ပတ်ကြီးခေါင်းပေါင်းပြီး ထမင်းကြော်နေတဲ့ အမေ့ပုံရိပ်တွေ
ကျောင်းချိန်မီ အမြန်ပြေးခဲ့တဲ့ကျွန်တော့်ခြေထောက်တွေ
ရုန်းကန်မှုတွေအပေါ် အသက်ရှင်နေရတဲ့ သွေးကြောတွေ
ဘယ်တော့မှ အရှုံးမပေးဖို့ပြောခဲ့တဲ့ အမေ့စကားသံတွေ
လမ်းလျှောက်မရလို့ချိုင်းထောက်နဲ့ လျှောက်ခဲ့ရတဲ့နေ့တွေ။

ကံကြမ္မာဇာတ်ဆရာက အရှိန်ပြင်းပြင်းတီးလေ
ကျွန်တော်တို့ဇတ်က အသက်ဝင်လေလေနဲ့
ရန်ကုန်မြို့လယ်ကောင်က လူလိမ်ပွဲလည်း
တခမ်းတနား ၀င်ရောက်ဆင်နွဲဖူးခဲ့
ရေကျော်က ဆောက်လက်စတိုက်ခန်းထဲလဲ
ကျွန်တော့်ချွေးစက်တွေပါရဲ့
မိသားစုတွေ ပျော်ရွှင်ဖို့ အပန်းဖြေစရာနေရာမှာ
ကျွန်တော့်အလုပ်ခန်းက ခပ်ကျဉ်းကျဉ်းရာယ်။

အချိုးအဆစ်တွေနဲ့ ဘ၀ရဲ့ တည်ဆောက်ပုံတွေ
ဘ၀ဆီကနေ ပိုပြီးလိုချင်လေ
ပိုပြီးပေးဆပ်ရလေလေ
အခက်အခဲတွေနဲ့တည်ဆောက်ထားတဲ့ လှေခါးထစ်တွေ
နာနာကျည်းကျည်းနဲ့ ကံကြမ္မာအပေါ် ဝေဖန်ခဲ့တဲ့စာမျက်နှာတွေ
အတွေးပေါင်းစုံနဲ့ ရေးစပ်ခဲ့တဲ့ နှစ်ချို့ကဗျာတွေ
တနင့်တစ်ပိုး ထုပ်ပိုးသိမ်းဆည်းခဲ့ရတဲ့ မျှော်လင့်ချက်တွေအပြင်
လောကဓံရဲ့ရိုက်ချက်ပြင်းပြင်းတွေကို အာသာပြေတွေခဲ့ရတယ်။ ။

Thursday, 8 November 2007

မေတ္တာငတ်မွတ်လို့သေဆုံးနေရသူတွေ

မေတ္တာငတ်မွတ်လို့သေဆုံးနေရသူတွေ
ဒီနေ့ကမ္ဘာမှာ
အကြီးကျယ်အဆိုးဝါးဆုံး ရောဂါဟာ
တီဘီလည်းမဟုတ်ဘူး
အနာကြီးရောဂါလည်းမဟုတ်ဘူး
နှစ်သက်လိုလားသူမရှိတာ
မေတ္တာထားခြင်း ကြည့်ရှု့စောက်ရှောက်ခြင်း ကင်းမဲ့တာ
ပေယျာလကန် အပြုခံရတာတွေပဲ ။

ကိုယ်ကာယရောဂါတွေကို
သာမာန်ဆေးဝါးများ ပေးလို့ရပေမယ့်
အထီးကျန်ခြင်း
စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက်ကုန်ဆုံးခြင်းတွေကိုတော့
မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ် ။

ဒီနေ့ကမ္ဘာမှာ
ပေါင်မုန့်တစ်ဖဲ့အတွက် အသက်ငင်နေသူတွေ
အမြောက်အမြားရှိနေတာမှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို့
သေဆုံးကြမယ့် လူတွေကလည်း
ဒုနဲ့ဒေးပါ ။ ။


ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ " နှလုံးသားအဟာရများ " စာအုပ်မှ
မာသာထရီဇာ ၏ ကဗျာ ။



Tuesday, 23 October 2007

ငါ့အစ်ကို

ငါ့အစ်ကို
အစ်ကို ငါလူလောကထဲလာတော့
မင်းကလက်ကမ်းကြိုတယ်

တစ်နှစ်ခွဲစာလောက် မင်းနေရာကို
ငါ့အတွက်ဖယ်ပေးခဲ့တာ အခုအထိပဲ

အိမ်ပြန်ချိန်နောက်ကျခဲ့တဲ့ ဖေဖေရဲ့ပုံရိပ်ကိုတော့
မင်းငါ့ကို အလွတ်ရွတ်ပြတတ်တယ်

ငါဘယ်လောက်ဝေးဝေး
အမြဲအဆက်အသွယ်လုပ်တတ်တဲ့ သံယောဇဉ်ကို
ငါမမေ့ဘူး အစ်ကို။


မင်းဆယ်ခတ်နေတဲ့ အရည်အဖတ်တွေအပြင်

မင်းကိုပြန်သောက်သုံးနေတဲ့ အရည်တွေထဲမှာတော့
မင်းကိုယ်မင်းကူးခတ်နေရတုံးပဲနော် အစ်ကို

ေ၀၀ါးနေတဲ့ မင်းအိမ်မက်ထဲက ဘယ်အချိန်နိုးထမလဲ
ငါတို့တေးသွားမှာ မင်းဂစ်တာ အသံကြောင်နေသေးတာ
ငါအားမရဘူးအစ်ကို။

မင်းပြောနေကြအတိုင်းပဲ လက်တည့်မယ့်တစ်နေ့ပေါ့

မင်းကြိုက်လို့မချွတ်တမ်းဝတ်နေတဲ့ အင်္ကျီအဖြူမှာ
ချေးတွေ အရမ်းပေနေတာကြာပြီ အစ်ကို။

အားလုံးအပေါ်မှာ မင်းအပိုအလျှံတွေ အရမ်းများနေပေမယ့်

မင်းရေးစပ်နေတဲ့ သံစဉ်တွေထဲမှာ
မင်းဘ၀ကာရံတွေ မဲ့နေသေးတယ် အစ်ကို

တစ်ယောက်တစ်ဖက်စီ ထောက်ထားရတဲ့ ဒေါက်မှာ
မင်းဘက်က အားမလျှော့ဘူးဆိုတာကို ငါယုံတယ်အစ်ကို
မေ့မေ့ ပန်းခင်းထဲကို မင်းအတောင်ပံခတ်မယ့်နေ့
ငါတို့အိမ်လေးမှာ ထမင်းလက်ဆုံစားကြရအောင်ပါ အစ်ကို ။ ။

Wednesday, 17 October 2007

ခေတ်ဟောင်းတေးတစ်ပုဒ် (သို့)ခရီးသွားတစ်ယောက်

ခေတ်ဟောင်းတေးတစ်ပုဒ်(သို့)ခရီးသွားတစ်ယောက်

နံနက်ခင်းက စောစောစီးစီးအိပ်ရာနိုးပြီး

ဇြည်းဇြည်းချင်းပွင့်အာလာတဲ့

နေမင်းကြီးက စကားလုံးတွေ သွန်ချနေလိုက်တာ

နေရောင်ခြည်တွေမျှောပါလာတယ်

ငှက်ကလေးတွေအုပ်စုဖွဲ့ပြီး စကားပြောတယ်

သစ်ပင်တွေလည်း စိမ်းစိမ်းစိုစိုနဲ့ စကားပြောတယ် ၊

ဒီနေ့အတွက်တော့ မနေ့ကချွတ်ခဲ့တဲ့

ရိုးသားမှု့ကိုပဲ ကောက်စွပ်ခဲ့တယ်

“လောကပါလ“ ကတော့ နေ့တဓူဝ

တစ်ခါမှ မဝေဖန်ဘူး

လူတွေကြားတဲ့ရောက်တော့

ဝတ်ထားတဲ့ အင်္ကျီက နံလိုက်တာတဲ့ ။


ကျွှန်တော်မှာလည်း ခြေနှစ်ဖက်ကို

ပခုံးထမ်းပြီး လမ်းသလားလိုက်တာ

မုန်တိုင်းမိပါလေရော

ဘယ်မှာလဲ မေခလာ ..

ရေငတ်လိုက်တာဗျာ

အရင်ကလို ရေချမ်းစင်နေရာမှာ

ဘယ်အရာတွေ အစားထိုး ၀င်ရောက်လာတာလဲ

အဖြေရှာမရဆဲ

မူလတန်းကျောင်းသားဘ၀က

သင်ပုန်းကြီးကို သတိရမိတယ်

နှုတ်မစောင့်သောလိပ်

ခြံစည်းရိုးပေါ် ဖြည်းဖြည်းချင်းတက်နေရှာတဲ့ ခရုငယ် ..

သက်ပြင်းရှည်ရှည်တွေချနေရတဲ့ ဘ၀ကနေ

ဘယ်အချိန် အနားရမလဲ

ဒေါင်းယောင်ဆောင်သောကျီး

သိုးအုပ်ကြားက ၀ံပုလွေ

နေရာတစ်ခုအတွက် အသက်လုကြရတယ် ။


မွေးဖွားခြင်းနဲ့ သေဆုံးခြင်း

အဲဒီကြားက ဘ၀တံတားပေါ်မှာ

ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်လာတာ

ဒီနေ့အထိ ပဲ

ဒီနေ့အထိ အရင်နေ့တွေမှာလည်း

ဒီလို ခရီးသွားတစ်ယောက်ပဲလေ ။ ။

စာမျက်နှာတစ်ချို့

စာမျက်နှာတစ်ချို့
ငါဟာတိတ်ဆိတ်မှု့မှာမွေ့လျှော်တယ်
အရာရာမှာနှေးကွေးတယ်
အရှိန်ယူလွန်းတယ်
အတွေးက ဂုတ်ခွစီးရင်
ခရီးကမတွင်ဘူး
ရာယ်မောစရာဆိုရင် ရာယ်လိုက်တယ်
ဝမ်းနည်းစရာကြုံရင် ငိုကြွေးမယ်
ကံဇတ်ဆရာအလိုကျပဲ
ထိရှလွယ်တယ်
ခံစားရရင်သိပ်ကြာတယ်
အတင်းထိုးပေးရင် ယူချင်မှယူတယ်
လိုချင်ရင်တော့မရမကပဲ
လမ်းမလျှောက်တတ်ခင်က ခဏခဏလဲတယ်
ယဉ်ပါးသွားခဲ့တဲ့ အစာတွေကြောင့်
ခဏခဏအဆိပ့်သင့်တယ်
ဝင်မှု့ထွက်မှု့ ရှိတယ်
အပင်တိုသလောက်အကိုင်းရှည်တယ်
ဆောင်းအိမ်မက်မှာပျော်ပိုက်တယ်
တိတ်တဆိတ် ကဗျာတစ်ပုဒ်မှာ
မျက်နှာအပ်တယ်။ ။

Thursday, 11 October 2007

ငါတို့အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ်..



ငါတို့အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ်..

သံယောဇဉ် အမျှင်အတန်းအားလုံး
အ၀မှာ ချိတ်ဆွဲထားခဲ့တယ်
ရှည်ရင်ရှည်မယ် ၊ပုရင်ပုမယ်
ပိန်ရင်ပိန်မယ် ၊၀တာရှိမယ်
ဒါပေမယ့်
အကုန်လုံးက တစ်သားတည်းပဲ
နေရပ်ကိုလွမ်းမယ်
တစ်ယောက်သောသူကို သတိရမယ်
ငါတို့လည်း နှလုံးသားနဲ့ပဲ
တစ်ယောက်မကောင်း အများကို ငါတို့လဲမကြိုက်ခဲ့ဘူး
နောက်တစ်ခါ မမှားမိဖို့ ကိုယ်ပိုင်အသိရှိခဲ့ကြတယ်
ကိုယ်နေရာ ၊ကိုယ်စားပွဲ၊ကိုယ်ကုတင်
တစ်ကိုယ်ရေကအစ
ကိုယ့်စိတ်ဓါတ်တစ်ခုလုံး
သန့်ရှင်းသပ်ရပ်ဖို့
အစစ လေ့ကျင့်ယူရတာပဲလေ
သူလုပ်ရင်ကိုယ်လဲလုပ်နိုင်ရမယ်
ဒါပေမယ့်
သူလဲရင်ကိုယ်ထူလို့
ကိုယ်လဲတော့လဲ သူတို့တွေကထူမတယ်
အုံနဲ့ကျင်းနဲ့မေတ္တာတွေ
အစားထိုးပြန်ရတယ်
မိုးရွာတယ် ၊နှင်းကျမယ်
ရာသီဥတုကတော့ အစိုးမရဘူး
လုပ်ရမယ့် အလုပ်ကိုတော့
နေ့စဉ်နေ့တိုင်း ရွတ်ဆိုပြဌာန်းတယ်
အသက်နဲ့ ရင်းရမယ့် စွန့်စားမှု့ အတွက်
ကိုယ့်အသက်ကိုယ် ရှာကျန်မွေးရတယ်
မသေဆေးတွေကို မြိုမြိုချခဲ့ရ
ဒီလိုနဲ့ပဲ..
ကျောင်းတော်သာရဲ့ အရပ်မှာ
ချယ်ရီတွေအထပ်ထပ် ပွင့်ကြပြန်တယ် ။

ဘ၀ဘ၀တွေထဲ တိုးဝင်မိခဲ့ကြပြီ
အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသလို
ဝါးလုံးသိမ်းရိုက်ချက်တွေအောက်မှာ
အများတကာရဲ့ ဗီလိန်မြင်ကွင်းထဲ
ကိုယ်ကျင့်နဲ့ ပညာကိုလက်ဆွဲလို့
ငါတို့ထွန်းလင်းကြပါစို့
ချစ်တတ်ပါစေ၊ ချစ်တတ်ပါစေ
ရင်ခွင်တစ်ခုလုံး ထစ်ချုန်းအောင်
အကြိမ်ကြိမ် ရွတ်ဆိုမိတယ်
မြစ်တစ်စင်းမှာ လက်ပစ်ကူးချင်ရင်
အဲဒီမြစ်ရဲ့ ရာဇ၀င်အကြောင်း
အဆိုးအကောင်းကိုတော့ သိသင့်ပါတယ်
နားရွက်တစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ပိတ်ဆို့ထားရတဲ့အခါ
ငါတို့ "အကြား" ဟာ တရားတယ်လို့ ဆိုနိုင်မလား
မျက်ဝန်းတစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ဖုံးကွယ်ထားရတဲ့အခါ
ငါတို့ "အမြင်" ဟာ ကြည်လင်တယ်လို့ ဆိုနိုင်မလား
နေ့နဲ့ညရဲ့ အကူးအပြောင်း
အရုဏ်ဦးရဲ့ တေးသွားအလှမှာ
သံပြိုင်လိုက်ဆိုကြဖို့ သိပ်လွယ်ပါတယ်
လူတစ်ယောက်ရဲ့ အတွေးအမြင်ကူးပြောင်းခြင်းမှာတော့
ဟိုးရှေးရှေးတုန်းကနေ အခုချိန်ထိ
အမည်တပ်စရာ ခေါင်းစဉ်များစွာဟာ
အသစ်အသစ်တွေနဲ့ မွေးဖွားလို့ကောင်းတုန်း
အလှဆုံးအပြုံးတစ်ပွင့်မှာ
လျှို့ဝှက်နက်နဲနေဖို့ မလိုပါဘူး
ရိုးရှင်းသန့်စင်နေဖို့ပဲ လိုပါတယ်လေ
အမြင်မတူရင် ရန်သူတဲ့လား
ပညာရှိကြီးများခင်ဗျား
အဲဒီလို..
အပေါ်စီးကနေ ပြုံးပြုံးကြီး မကြည့်ကြပါနဲ့
ခင်ဗျားတို့ စီးသွားမဲ့ ဖိနပ်တစ်ရံမှာ
ဘယ်တော့မှ မပြတ်တဲ့ သဲကြိုးတစ်စုံဟာ
ကျွန်တော်တို့ ရင်ထဲမှာငုံနေတဲ့ သစ္စာတရားပါဗျာ။

တွေးခေါ်နိုင်တဲ့ဦးနှောက်နဲ့
ဆိပ်ကမ်းကနေ ကြိုးဖြည်ခဲ့သူများ
လေရဲ့တိုက်ခတ်ပုံအကြောင်း
ရွေ့သွားတဲ့ လှေငယ်ရဲ့ ဦးတည်ချက်မှာ
ဘယ်အရပ်ကို ဆိုက်ကပ်သွားမယ်ဆိုတာရယ်
မြေပုံနဲ့ ကွန်ပတ်
ငါတို့ခြေထောက်တွေကို ဘယ်လိုတန်ဖိုးဖြတ်မယ်ဆိုတာရယ်
ခဏခဏအစာကြေနေတဲ့အတွက်
ဘယ်မှာပဲနေနေ ၊ရွက်လွင့်နေမိမှာပါ
ဝေးကွာလွမ်းဆွတ်ရလွန်းတဲ့အခါ
ကိုယ့်အသိုက်အမြုံလေးကိုတော့
စိတ်ထဲကနေ ပျံမိနေတတ်တာပေါ့
အသက်ရှူရတာချင်းအတူတူ
ငါတို့ပုခုံးတွေက ပိုလေးတယ်လို့
သတ်မှတ်ချက်တွေနဲ့ ဘောင်မခတ်ပါဘူး
ငါတို့ရှူသွင်းခဲ့တဲ့လေထဲမှာ
အဆိပ်တွေလည်း ပါနိုင်ပါတယ်
ငါတို့မရေးခဲ့ရတဲ့သမိုင်းထဲမှာလဲ
ခြေပြတ်လက်ပြတ်၊အစာငတ်
အသက်သွေးချွေးတွေနဲ့ ရေးခဲ့ကြလို့
အခုလိုရွှတ်ဆိုခွင့်ကို ရကြတာပေါ့
ရွတ်ဆိုနေကြ အပိုင်းအစကိုတော့
နှုတ်ဖျားမှာ စာလုံးမပေါင်းတော့ဘူး
ရင်ထဲကနေ အခါခါ ကျင့်သုံးရွတ်ဖတ်ကြမယ်
ဥဒါန်းတွေချွေ…..
ကြယ်တွေကြွေကြ….
သစ္စာဆိုတဲ့ ဂုဏ်ဒြပ်
မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကိုတော့
မေ့ထားလို့မရဘူး
ဘယ်လိုပဲ အသက်ရှင်နေရပစေ
လူတစ်ယောက်ရဲ့ ဘ၀မှာတော့
ငါတို့ လူပီသအောင် နေတတ်သေတတ်ရဦးမယ်။

တင့်ထူးရွှေ+ညိမ်းညို
(အွန်လိုင်းဗားရှင်း)

Sunday, 23 September 2007

ဧပြီလေနဲ့အပိုင်းအစများ

ဧပြီလေနဲ့ အပိုင်းအစများ
တစ်ကြိမ်တစ်ခါသာ
ဒါဟာဝဠ်ကြွေးပါလို့ သဘောမထားမိရင်
ချေစရာမလိုသလို
ကြေစရာလဲ မရှိတော့ဘူး
ထိရှမိခဲ့တဲ့ တစ်သက်စာ
ဟောဒီ အိမ်မက်မှာလဲ
အဖာအထေးရာတွေနဲ့ပါပဲ။
စင်္ကြ့လက်မှတ်နဲ့ ဂစ်တာကြိုး
အဲဒီတေးသွားမှာ
ကြယ်ကြွေကောက်တဲ့လက်ဟာ
ငါ့သီချင်း
နောက်ဆုံးလွှတ်ချခဲ့တဲ့ သက်ပြင်းငွေ့ငွေ့
လှော်ကားကအပြန် မိုးရေထဲမှာ
လိမ္မာခြင်းတွေနဲ့ ငါအရင်းအနှီးမလုပ်ချင်ဘူး ။
လက်ယက်ခေါ်စရာ မလိုအောင်
အလွမ်းကလဲ
အုံလိုက်ကျင်းလိုက် ပွင့်ကြတယ်
ရာဟုထောင့်က ဆုတောင်းသံ
ဓါးစာခံ သက်သက်ဖြစ်ခဲ့ရတဲ့ လက်ထဲကသစ်ရွက်ချောက်
ဧပြီမှာတိုက်တဲ့လေက
မျော်လင့်ချက်တစ်စုံတစ်ရာကိုပါ
ရိုက်ထုပ်လိုက်ကြတယ်။ ။

Sunday, 16 September 2007

ပျံသန်းခြင်း

ပျံသန်းခြင်း
ဟိုးအဝေး ဘုရားကျောင်းဆီက
ဆုတောင်းသံ သဲ့သဲ့ကြားတယ်
နှင်းတွေကျတဲ့ ရက်စွဲကစလို့
ငါ့အတွက် မိုးခိုစရာ မလိုအပ်တော့ဘူး
လျှပ်စီးတစ်ချက်
မိုးခြိမ်းသံ သက်သက်
အဲဒီတန်ဆာပလာတွေနဲ့
မုတ်သုံရဲ့ တဖက်မှာ
မျှော်လင့်ချက် ရှည်ရှည်တပ်ပြီး
အိပ်မက်ဟောင်းတွေကိုဆယ်ယူဖို့
လိုအပ်သလောက် အနွေးဓါတ် ထည့်ခဲ့ပါ
ငြိမ်းချမ်းတဲ့ ဆုတောင်းသံကြား
ရာသီစက်ဝိုင်းတစ်ပတ်
ငါ့အသက်နဲ့ ထပ်ပြီး
ကောင်းကင်၏ အစွန်အဖျားဆီ ။ ။

Wednesday, 5 September 2007

စိတ်ကူးယဉ်အရောင်

မှော်ဆရာရဲ့ မျက်လှည့်ပွဲမှာ
တစ္ဆေတစ်ကောင်ပါလာတယ်
ရေပြင်မှာဆွဲထားတဲ့ အရုပ်
လေထဲမှာဆောက်ထားတဲ့ အိမ်
အဲဒီအရိပ်တွေရဲ့ အပြင်ကိုရောက်ဖို့
တံခါးမရှိတဲ့အခန်းကို
အကြိမ်ကြိမ်ခေါက်ခဲ့ရတယ်..
လိပ်တစ်ကောင်ရဲ့ အခွံ့
ခဏငှားကြည့်တယ်
ကြာကြာမခံပါဘူး
မီးအိမ်လည်း ငြိမ်းသွားရော..

အတိတ်တွေက အနောက်ဆီသွားပြီး
အနာဂါတ်တွေ ရှေ့ကျလာတယ်
ရှင်သန်ခြင်းထဲမှာ မျှောပါလာရင်း
ငါ့ပန်းခင်းလည်း လန်းလန်းလာတယ်

ကြယ်လေးရဲ့ အနမ်းတွေနဲ့ ။

Sunday, 2 September 2007

ပြင်ဦးလွင်ညနေ

မြို့ အ၀င်မှုာ
ရွှေရောင်တ၀င်းဝင်းနဲ့
စေတီတော်ကို ဖူးမျှော်ရင်း
အေးစိမ့်စိမ့် တောင်ပေါ်ရနံ့က ဆီးကြိုတယ် ။

ဓားတစ်လက်နဲ့ နောင်တော်တစ်ယောက်၊
မင်းသုံးပါးရဲ့အားတွေ စိမ့်ခနဲ ၀င်တိုက်တော့
အိပ်ပျော်နေတဲ့ဇာတိသွေးတွေ ရုန်းကြွစေတယ်၊
ဒီလိုနဲ့ ဆက်လျှောက်လာရင်း
ရောက်တတ်ရာရာပေါ့ ။

အများပြည်သူသုံးတဲ့
ခုံတစ်လုံးပဲလိုတာ ၊ ဒီမှာထိုင်နှိပ်လိုက်
လိုရာရောက်တယ် ၊
နေရောမိုးပါကာထားပေမယ့်
သူ့မျက်နှာကို မကာနိုင်သေးတဲ့
ကောင်မလေးတွေနဲ့ တယ်လီဖုန်းတွေက ဟိုတစ်စ ဒီတစ်စ ။

ဘီးသုံးလုံးကို ဖိုခနောင့်ဆိုင်လိုက်တယ်
ဂဏန်းသွားမဟုတ်ပဲ အလျားလိုက်ရွှေ့နေတဲ့
လွန်းပျံယာဉ်တွေက ဥဒဟို
နီးလာလိုက် ဝေးသွားလိုက် ၊

“ မြို့မ “ နဲ့ “ ချယ်ရီလွင် “ က အန်ချလိုက်တဲ့ လူရေစီးချောင်းတွေက
မီးခိုးလုံးတွေအဖြစ်နဲ့ လီဗာတွေဆွဲ ကြတယ် ။

သူ့ရဲ့လက်တံက အရှေ့ကိုလား အနောက်ကိုလား
သူကိုယ်တိုင်မသိတဲ့ နာရီစင်က ရင့်ကျတ်နေတယ် ၊
ညဈေးမှာတော့ ထပ်တစ်ရာပေါ့
မျှော်မျှော် မမျှော်မျှော် အချိန်တန်တော့
ထုတ်ကုန်တွေလည်းရောင်းမလောက်ဘူး ၊
တုတ်ထိုးစားနေတဲ့ ကောင်မလေးက
မုန့်ဟင်းခါးအရည်တောင်းတယ်
မုန့်လင်မယားမှာ ခုပဲပြုတ်မပါတော့ဘူး ၊
တစ်ချို့ဆိုင်ထဲမှာက အလုပ်ရှုပ်ပြရင်း လူလုံးပါပြတယ် ၊
အချိန်ကျတော့ သူလဲပဲ ခုံဆွဲပြီးထွက်ထိုင်တယ် ကြုံသလိုပေါ့
ဒါပေမယ့် ဒံပေါက်ကတော့ ရောင်းမကုန်တဲ့ပစ္စည်း ။

နေမင်းကြီးလည်း အကြောဆန့်တော့
မျက်လုံးတွေက လမ်းမပေါ်မှာ မျှောနေတယ်
တစ်ချို့က ချိုသာတဲ့အပြုံးနဲ့ လိုက်ဆယ်တယ်
တစ်ချို့ကတော့ ရမ္မက်ကြီးတဲ့ မျက်လုံးတွေနဲ့ ဆယ်လိုက်တယ် ။။

အရောင်အဆင်း

တစ်နေ့တစ်နေ့
အဆိပ်ပင်ရေလောင်းသလို
မွေးမြူနေရတဲ့ အတ္တ တချို့။

နေ့စဉ်နေ့တိုင်း
တွဲဖက်စားသုံးနေရတဲ့
အထီးကျန်မှုနဲ့အလွမ်း တချို့။

မကြာခဏ
အော်ဟစ်ကြိမ်းမောင်းထုတ်ပစ်ရတဲ့
ပျင်းရိမှု တချို့။

တစ်ခါတစ်ရံ
မဖိတ်ခေါ်ပဲ ရောက်ရောက်လာတတ်တဲ့
ကံဆိုးမှု တချို့။

စိတ်လိုလက်ရ
အယ်လ်ကိုဟောနဲ့
ပေါင်းသင်းခဲ့တဲ့ ည တချို့ နဲ့
ကံကြမ္မာဆိုတာက
လှန်ကြည့်ခွင့်မရတဲ့
မှောက်ဖဲ တစ်ချပ် ။ ။


ကျွန်တော့်အဘိဓါန်

ဘာကြောင့်မို့
ကျွန်တော့်ကြမှ
မတော်တဆ ကြရတာလဲ
အနှုတ်အသိမ်း
အရမ်းမြန်တယ်။

မရည်ရွယ်ပဲ
စော်ကဲမင်းဖြစ်ဆိုပေမယ့်
ရည်ရွယ်တိုင်းလဲ
လွဲတတ်တာချည်းပဲ ။

တိုက်စားခံရတာခြင်းအတူတူ
ကျွန်တော်အတွက်ကတော့
လဲရင်ပြန်ထ ၊ အဲဒါဘဝပဲ ။

အရေပြားအော်သံ

ဝေဒနာနဲ့ချက်လုပ်တဲ့

ဏ်ရာရ အလွမ်းတွေမှာ

အပိုဆိုတာမပါဘူးလေ

ငါဆိုလိုချင်တာက အဲဒါပါပဲ …

ပွင့်ဖတ်တွေခြံ့ရံပြီး

လှချင်တိုင်းလှနေတဲ့

ပန်းတစ်ပွင့်အတွက်

အနားသတ်တစ်ခုရဖို့ ရင်လေးတယ်..

ရှေ့ဆက်တိုးမယ်လို့

ပြင်လိုက်တိုင်း

ငါ့ခြေထောက်တွေ သေသေသွားကြတာ

ဘယ်သူကိုမှ အပြစ်မတင်ပါဘူး

ခက်တာက

ဘယ်သူကိုမဆို ခွင့်လွှတ်တတ်နေတော့

အဲဒီလိုရက်တွေမျိုးမှာ

ကိုယ့်ကိုကိုယ် မွန်းကျပ်နေတော့တာပဲ ။ ။


တွေးမိသမျှ ချရေးကြည့်ခြင်း

ပြောရမယ့် အကြောင်းက
ကြက်ဥအစရှာမရသလိုနဲ့
ဝေလီဝေလင်းအထိ တစ်ယောက်တည်း ညဥ့်နက်
တကယ်က
ကျွှန်တော်ကိုယ်တိုင် ခုန်ခုန်ချနေတာ
စိတ်နဲ့သရုပ်ဖော်နေတဲ့
မဝေးသေးတဲ့ အတိတ်မှာ
မကြေသေးတဲ့ အကြွေးက
ဝေ့လည်ကြောင်ပတ်
ရောက်ရောက်လာတတ်တာ ဆိုးတယ်
ဒီမှာလည်း အဆင်ပြေပါတယ်
အမေနေကောင်းရဲ့လား
အိမ်မှာရော အဆင်ပြေပါ့မလား
ဘယ်လိုအတွေးနဲ့တည်ဆောက်ထားတဲ့
ကျွန်တော်ဦးခေါင်းလည်း
တစ်နေ့တစ်နေ့
မရေရာမှု့ တွေကြားမှာပဲ
တ၀ဲလည်နေတယ်ဗျာ ။ ။

ရင်ညိုးပန်း

ပူမယ်မှန်းသိရက်

ဝင်တိုးမိခဲ့တဲ့

ငါ့ရဲ့တောင်ပံတွေကို

ရိုက်မချိုးရက်ဘူး ။

အေးစက်စက်နဲ့

အရသာကင်းမဲ့တဲ့

အလွမ်းတွေကိုပဲ

မြိန်ရေယှက်ရေ ငါစားသုံးခဲ့ပါတယ် ။

ဘယ်ဇကာနဲ့ စစ်ချရမလဲ

ကြင်နာမှု့အားက

တအားနာကျင်တယ် ။

စူးရှတဲ့ ရနံ့နဲ့တင်

ဒဏ်ရာတွေ ပျောက်ကင်းသွားမယ်ဆိုရင်

အဲဒီပန်း

အခုပဲ ပွင့်လိုက်ပါ ။ ။

( 4.6.06 )

ရာဟုမလေး

ရာဟုမလေးရေ
ဖုန်းဆိုးမြေ လယ်ယာတောကို
ဘယ်လိုအစွမ်းနဲ့ထွန်ယက်လိုက်တာလဲ
ပန်းတွေအနှံ့ပဲ
ရနံ့နဲ့တင် မူးမေ့သွားတယ်
အကြင်နာ ဆိုတာ
ဝယ်တိုင်းလည်းမရောင်း
တောင်းတိုင်းလည်းမရ
တကယ်တမ်းကျတော့
မျက်လုံးထဲ ပိုးကောင်ဝင်သလိုပဲ
အခံရခက်တယ်
အဘိဓါန်လှန်လှောလို့ မရဘူး ။
ရာဟုမလေးရေ
ငါ့အကြောင်းငါ ကောင်းကောင်းမဖတ်တတ်ခင်မှာပဲ
ငါ့ရဲ့သင်ခန်းစာမှာ နင့်နာမည်ပါလာတယ်
ခက်လိုက်တဲ့ပုစ္ဆာ
အခုထိကို အဖြေရှာမရဘူး
နင့်ရယ်သံအောက်က ခဏလောက်လွတ်မြောက်ချင်တာ
ငါ့တေးသွားနဲ့ငါ အပြေးပြိုင်နေရတာမောလို့
အတွေးဆိုတာကတော့
ပုန်းစရာကိုနေရာမရှိတော့ဘူး
တစ်ခါတစ်လေ
ရင်ထဲမှာ တစ္ဆေခြောက်တာခံရတယ်
ရဟတ်စီးရသလိုပဲ အေးကနဲ စိမ့်ကနဲ
တစ်ခါတစ်လေတော့လည်
ခြောက်ကပ်ကပ်နဲ့
ရေငတ်နေတတ်တယ် ။
ရာဟုမလေးရေ .
ရော့ - အဲဒါ ငါ့ရဲ့လှော်တတ်
အဲဒါ ငါ့ရင်ဘတ်ထဲက ကဗျာ
အဲဒါ ငါ့ရဲ့ဝတ်ရုံလွာ
နင့်ရဲ့လက်နဲ့သာ ပွတ်သတ်လိုက်ပါ ။ ။

23.5.2006
Tuestay Day

Saturday, 25 August 2007

ပြတင်းတံခါးရဲ့ စကား

ကျိန်စာတွေသင့်ခဲ့ဖူးပါသလား
အမုန်းခံရတာတင် ဒုက္ခမဟုတ်ပါဘူး
အချစ်ခံရခြင်းကလဲ ဒုက္ခတစ်ခုပါပဲတဲ့
မျှော်လင့်ချက်နဲ့အသက်သွင်းခဲ့ရတဲ့ ဖတ်လက်စကဗျာတစ်ပုဒ်ပါ
ရိုးရှင်းတဲ့ ရှုပ်ထွေးမှု့၊တိတ်ဆိတ်တဲ့ ပေါက်ကွဲမှု့ 
စနစ်တကျရှိတဲ့ ဖရိုဖရဲနိုင်မှု့တွေ ။


နေ၀င်ချိန်တိုင်းကို အားကိုးတကြီးနဲ့ စောင့်မျှော်နေရသလို
အဓိပ္မာယ်မဲ့ ရှင်သန်နေရတဲ့ နေ့ရက်တွေရှည်လွန်းပါတယ်
သံသယတွေနဲ့ ချည်နှောင်ခံထားရတာကတော့အမွန်းကျပ်ဆုံးပဲ
ပစ်ပယ်ခံထားရတဲ့ဘ၀မှာတစ်ရက်လောက်ပဲ ခံစားကြည့်
မင်းဘ၀ပီပြင်လာလိမ့်မယ်
ကိုယ်ချင်းစာတတ်မယ်ဆိုရင်ပေါ့ ။


မမျှော်လင့်ပါဘူးဆိုတာကိုက မျှော်လင့်ချက်ပါ
ဘယ်ပုံသေနည်းနဲ့မှ အဇြေထုတ်လို့မရအောင်ခက်ခဲပါတယ်
ကျွန်တော်မှားလား
ကျွန်တော်မှာ အဇြေမရှိတဲ့မေးခွန်းတွေနဲ့ပဲ
သူစိတ်ဆင်းရဲနေသေးသရွေ့တော့
ကိုယ်ချင်းစာတရားတွေကို ကျွန်တော် ပုန်းပေါလအော သုံးစွဲနေရဦးမှာပါ ။

နေမင်းကြီးလဲ ထွက်လာပါ ပြန်ဝင်သွားပါ 
ကျွန်တော့်ကို ထားခဲ့ပါ
ငှက်ကလေးတွေလဲ လေထဲမှာ ၀ဲပျံရင်းသီချင်းဆိုကြပါ 
ကျွန်တော့်ကိုထားခဲ့ပါ
သဘာဝတရားနဲ့ အရာအားလုံးလဲ ပုံမှန်အတိုင်းပဲလည်ပတ်နေကြပါ 
ကျွန်တော့်ကိုထားခဲ့ကြပါ
ကျွန်တော့်မှာနေ၀င်ညမရှိသလို နေထွက်တဲ့မနက်လည်းမရှိတော့ပါ 
ကျွန်တော့်ကိုထားခဲ့ပါ ။

Pages (27)1234567 Next
Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe