သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ ..
သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့ ၂၃ ရာသီ.. ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ခေတ်ရဲ့ဟန်ပန်ကို
တကိုယ်တော် ထုဆစ်ပုံဖော်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နှစ်ကာလရဲ့ ယိမ်းယိုင်ယိုယွင်းမှုကို
တကိုယ်တော် တည့်မတ်ထိန်းသိမ်းခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ပေါ်ပင်လိုက်မှုရဲ့ ငြင်းခုန်သံတွေကို
တကိုယ်တော် ကင်းလွတ်ရိုးရှင်းစွာနေထိုင်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အလံထောင်ဆရာတစ်ချို့ရဲ့ ပိုင်စိုးပိုင်နင်းကြုံးသွင်းမှုတွေကို
တကိုယ်တော် လှလှပပကြီးရုန်းထွက်ခဲ့
၂၃ ရာသီ ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အမဲလိုက်သမားတို့ရဲ့ အနုပညာယုန်ဖြူလေးကို
တကိုယ်တော် သန်သန်စွမ်းစွမ်းမွေးမြူခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ငွေစကြေးစတို့ရဲ့ ချစ်ခြင်းမေတ္တာတစ်ပတ်နွမ်းလေးကို
တကိုယ်တော် ပိုက်ထွေးယုယဖြူစင်စေခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နာမည်အတုအစစ်တို့ရဲ့ သရဲလက်တံအရှည်ကြီးတွေကို
တကိုယ်တော် ရိုက်ချိုးဖြတ်တောက်ပစ်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
သံယောဇဉ်ရွှေသားတို့ရဲ့ နူးညံ့ကျယ်ပြန့်မှုကို
တကိုယ်တော် ကဗျာဒြပ်စင်ကသိုဏ်းရှုခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
နယ်နိမိတ်ကင်းမဲ့ခြင်းရဲ့ စာနာနားလည်မှုကို
တကိုယ်တော် မားမားမတ်မတ်ရပ်တည်ကျင့်သုံးခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ဟန်နေဟန်ထားအသီးသီးတို့ရဲ့ မာယာသုတ်လိမ်းညွှတ်ကွင်းထောင်ချောက်တွေကို
တကိုယ်တော် လှီးဖြတ်သတ်ပုတ်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
အပေါစားတံဆိပ်ကပ်မှုတို့ရဲ့ ပူးတုံခွာတုံရှိဟန်ကို
တကိုယ်တော် ပေါ့ပါးကြည်သာစွာတုန့်ပြန်နိုင်ခဲ့
၂၃ ရာသီ... ...
ငါတို့လျှာပေါ်က ထွန်ရေးခြစ်ကြောင်းမှာ
ငါ့သူငယ်ချင်းကဗျာဆရာဟာ
ရိုးဂုဏ်ရိုးဒြပ်တို့ရဲ့ သိပ်သည်းဆအနက်အဓိပ္ပါယ်ကို
တကိုယ်တော် ပွားများဆည်းပူးခဲ့
၂၃ ရာသီ... ...
ဒီလိုနဲ့..
သူ့ကဗျာတွေဟာ သူ့နံဘေးမှာ ဆောင်ဓားတစ်လက်လို မြဲမြံနေခဲ့
၂၃ ရာသီ.. ...။
ညိမ်းညို