• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Friday 2 May 2008

ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

(က)
ကျင်စက်နဲ့ တို့ခံလိုက်ရသလို
တစ်ခါတစ်ခါ ၀င်လာတဲ့အသိ
နာကျဉ်လွန်းလို့ပါ
စံပယ်လေးလို နင်ကြွေမှာစိုးလို့
ငါ့မှာ လေတွေကို
တိုးတိုးလေးပဲ တိုက်ခတ်စေခဲ့တာ
နှင်းငွေ့ဖြူဖြူတို့ ပန်ဆင်ထားတဲ့ဆောင်းမှာ
ရင်ငွေ့တို့နဲ့ နွေးနေခဲ့တုံးက
ပြောမ၀တဲ့ စကားတွေ ရင်ထဲမှာ ရှိတယ် ။
(ခ)
ကုန်းရုန်းထတတ်တဲ့ အလွမ်းကတော့
ကျွန်တော် သောင်ပြင်ကို အမြဲလာပုတ်ခတ်တဲ့လှိုင်း
ကျောခိုင်းသွားတော့မယ်လို့
ကြိုသိတဲ့အခါ ကျွန်တော် ဘာအတွက်
ဟော့ဒီ မျက်လုံးတွေကို ခုံမင်နေဦးမှာလဲ
အတောင်စုံပြီဆိုတော့
ဟိုးအဝေးကို ပြန်ထွက်သွားပြန်ပြီ
ကျွန်တော်မှာသာ
ဟော့ဒီ အသိုက်လေးထဲ
သစ္စာတရားတွေ အပြည့်နဲ့ နေရစ်ခဲ့ပါတယ် ။
(ဂ)
ခေါင်းလောင်းသံ တိုးတိတ်ညင်သာစွာ
တီးခတ်လိုက်တဲ့ စာသင်ခန်းမှာ
သူ့ဆည်းလည်းသံက ကျွန်တော့် စာအံသံထက်
အဆပေါင်းများစွာ ဖုံးလွမ်းတတ်တဲ့ သက်မဲ့ အသံလှိုင်း
စူပုပ်ထားတဲ့ နှုတ်ခမ်းတစ်စုံသာမက
ရှားရှားပါးပါး ပွင့်တတ်တဲ့ သူ့အပြုံးက
ဟေမာန်ညပေါင်းများစွာအတွက်
ကျွန်တော့် အိပ်မက်တွေရဲ့ တန်ဆာပလာတွေအဖြစ်လဲ
အသွင်ပြောင်းရဲ့ ။
(ဃ)
ရင်ခုန်သံကို အစပျိုးဖို့
နတ်ဆိုးတို့ စုဝေးပုံက
ကျွန်တော့် ရင်ခွင်တစ်စုံကို
ရက်ရက်စက်စက် ရွေးချယ်ရက်ကြတယ်
ညနေခင်းတစ်ရက်မှာ သူ့ဆံနွယ်တွေ လေမှာလွင့်ကြတာဟာ
ကျွန်တော့်တစ်သက်စာ ကျိန်စာတွေ ဖြစ်လိမ့်မယ်လို့
ကံကြမ္မာကိုက ဇာတာတွေ ဖွဲ့ခဲ့ပါသလား
ကျွန်တော့်နှလုံးသား တစ်ခုလုံး
အပေါက်အပြဲတွေ အရမ်းများခဲ့ပါတယ် ။
(င)
အရွက်မရှိလေတဲ့ အခိုင်းဖျား
ဘယ်လို ငှက်မှ နားမရ သလို
ရှားရှား ပါးပါး ပွင့်ခဲ့ရှာတယ်
အဲဒီ နှုတ်ခမ်းတစ်စုံ
အဲဒီ မျက်လုံးဝိုင်းဝိုင်း
မေးစေ့ အထက်က မှည့်ငယ်ကအစ
ရင်ထဲ အမှတ်ရ စရာ
အခါခါ ထုတ်ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို
အတွေး တွေ လတ်ဆတ်နေတုံးပဲ ။
(စ)
ချယ်ရီတောမှာ ထူထူထပ်ထပ် ပေါက်ခဲ့တဲ့
သတိရခြင်းတွေက
နေ့နေ့ညည ကာလ သတ်မှတ်ချက်မထားဘူး
ခေါင်းအုံးအောက် ဖိအိပ်ခဲ့ရတဲ့
ပထမဆုံး စေတမန် စာအိပ်အနွမ်းလေးက
လေးဘက်လေးတန် အခန်းထဲမှာ
အထီးကျန်ခြင်းကို ပိုးမွေးသလို
ဆူပွတ် အိုင်ထွန်းတဲ့ စိတ်
တစ်ခါးတစ်ချပ်ပါပဲ
ကျကွဲသွားတဲ့ အသံတစ်ချို့တစ်ဝက်

ကောင်စုတ်”တဲ့
ဘယ်တော့မှ ပြတ်တောက်မသွားမယ့် အသံလှိုင်း ။
(ဆ)
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့
ုမြန်မာဆန်ဆန်လှတယ်လို့
မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ်
အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့
တိတ်တခိုး နဲ့စိတ်ကူးယဉ်မှု့ခပ်ပါးပါးပါပဲ
ဒါထက်ပိုပြီး ရိုးသားမှု့ကို တန်ဖိုးထားပါတယ်
လက်နှစ်ဖက်ပြည့်ဖို့ အထိတော့
ကျွန်တော့် လောဘတွေကို အဆုံးသတ်နိုင်ပါတယ်
ဖြစ်နိုင်ရင်ရောက်ရာ အရပ်က လှည့်ပြန်ခဲ့ပါ 
ငါ့ အိပ်မက်တွေ တစ်လှေလုံး
နင့်အနမ်းတွေနဲ့ ဖူးပွင့်နေလို့ ။
(ဇ)
ဒီအချိန်ဆိုကမ်းခြေမှာ ခရုလေးတွေကောက်နေမလား
လတ်ဆတ်တဲ့ လေကိုရှူလို့
ကမ်းခြေတစ်လျှောက် ဆိုင်ကယ်စီးနေဦးမလား
နင့်အပြောကတော့ ဆိုင်ကယ်မှောက်တိုင်း
ငါ့ကို သတိရလိုက်တယ်ဆိုလားပဲ
သတိရနေပါလို့ အခါခါ ပြောနေမယ့်အစား
သတိတရ ရှိနေပေးပါလို့တော့
တစ်ခါလောက်ပြောလိုက်ချင်ပါသေးတယ်
သူ့လက်ခုံ နုနုပေါ်က သဲမှုန်လေးတွေကအစ
ကျွန်တော့်အတွက် အန္တရာယ် ဆိုးတွေ
ဖြစ်နေစေလို့ပါ ။
(စ် )
ငါ့အသံတွေ မကြားနိုင်လောက်တဲ့အထိ
ထွက်ပြေးသွားခဲ့တာလား
မကြားချင်တော့တာလား
နင်မရှိတဲ့ ငါ့အခန်း
လေ၀င်လေထွက် ခက်နေတယ်
နင်ရေလောင်းနေကျ သစ်ပင်လေးလဲ
ညှိုးနွယ်း နေရော့မယ်
အပြုံးတွေ တစ်ကိုယ်လုံး ဖုံးထားတဲ့
နင့်ဓါတ်ပုံလေးကိုတော့
ငါနေ့တိုင်း ဖုန်သုတ်ဖြစ်ပါတယ် ။
(ည)
မျိုသိပ်ထားရတဲ့စိတ်ဟာ
ပင်ပန်းကြီးပါတယ်
နင့်အစား ပင်ပန်းမှု့ အားလုံး
တစ်နင့်တစ်ပိုး ငါထမ်းပိုးထားချင်တယ်
အခါခါ ရှာဖတ်မိတဲ့ နင့်မျက်နှာပေါ်က
အရေးအကြောင်းတွေလောက်
ငါ့သဏ္ဍာန်တွေ မပီပြင် ၀ိုးတ၀ါး
ပျောက်ကွယ်မသွားခင်အချိန်ထိ
ဖြစ်နိုင်ရင်

ရောက်ရာအရပ်က လှည့်ပြန်ခဲ့ပါ ။ ။

19 comments:

nyeinnyo said...

ဘိုတင့်ရေ အချစ်ကိုမစားရက် မသောက်ရက်စုခဲ့တဲ့မင်း၊ စုဗူးလေးကိုခွဲချလိုက်တော့ အလွမ်းတွေများ ထွက်ကျလာရော့သလားကွာ :) ရောက်ရာအရပ်က လှည့်ပြန်လာခဲ့ပါတဲ့ လှည့်ပြန်လာခဲ့ရင် မင်းကရယ်ဒီပဲပေါ့နော် :P ကဗျာအှည်မရေးစဖူးရေးတဲ့ သယ်ရင်း နောက်လည်း အရှည်တွေအများကြီးဆက်လက်ရေးဖွဲ့နိုင်ပါစေဗျာ :)

ဖြိုးငယ် said...

အရမ်းခိုက်တယ် ဆရာရယ် .. ဒီခံစားချက် အမှန်
တွေကို ငါသိတာပေါ့ ... သူမ သိဖို့ပဲ လိုတယ်..
ဃ နဲ့ ဆ ... ကို အကြိုက်ဆုံးပဲကွာ

မျှားပြာ said...

ချစ်နယ် ... အရည်ဝင်နေလို့လား မသိဘူး မျက်ရည်ပါ လယ်လာတယ် ... အဆင်ပြေပစေကွာ ..။

lwansay said...

ပြန်လာပါစေ သူငယ်ချင်းရေ ... ။
ကဗျာကတော့ အရမ်းကောင်းတယ်ကွာ။

Unknown said...

THS..
ရည်ရွှန်းသူသာဒီကဗျာလေးဖတ်မိရင်ဘယ်လိုနေမယ်မသိဘူး....ကဗျာဖတ်သူတစ်ယောက်အနေနဲ့ တော့စိတ်ထိခိုက်ရတယ်...ကောင်းတယ်ဆိုတာထက်ကိုပိုကောင်းတဲ့ကဗျာတပုဒ်ပါ....အမြန်ဆုံး..ရောက်တဲ့အရပ်ကနားလည်မှုများနဲ့ လှည့်ပြန်နိုင်ပါစေ..အဆင်ပြေပါစေရှင်...

Anonymous said...

အရွက်မရှိလေတဲ့ အခိုင်းဖျား
ဘယ်လို ငှက်မှ နားမရ သလို
ရှားရှား ပါးပါး ပွင့်ခဲ့ရှာတယ်
အဲဒီ နှုတ်ခမ်းတစ်စုံ
အဲဒီ မျက်လုံးဝိုင်းဝိုင်း
မေးစေ့ အထက်က မှည့်ငယ်ကအစ
ရင်ထဲ အမှတ်ရ စရာ
အခါခါ ထုတ်ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို
အတွေး တွေ လတ်ဆတ်နေတုံးပဲ
( အပေါ်က အပိုဒ်လေး အကြိုက်ဆုံးပဲ တစ်ပိုဒ်ကို ပို့ စ်တစ်ခု ခွဲလို့ ရတယ် အခုတော့ ၂ ခေါက်ဖတ်သွားတာပဲ လာပြန်ဖတ်အုံးမယ် သေချား) စိတ်ကူးထဲမှာပဲ နမ်းရလား အစ်ကိုရာ သနားလိုက်တာ ရွှတ် ခနဲ နမ်းလိုက်ပြီး နောက်မှာ ဘွာတေး ဘွာတေးလို့  ချော့လိုက်ပေါ့ဗျ မှတ်ထား နောက်တစ်ခါဆို ကျနော်ပြောတဲ့အတိုင်းလုပ် :P )

အညာသား said...

ဟိုက် ! မရေးဘူးမရေးဘူးနဲ့။ ရေးမယ့်ရေးတော့လဲ က ကနေ အ အထိရောက်တော့မယ်။ လေးစားတယ် မောင်တင့် ရေ..။ စောက်ရမ်းခိုက်တယ်။ ရင်ထဲက ခံစားချက်တွေ ဘယ်လောက်ရှိနေတယ်ဆိုတာ ကဗျာလေးက ပြောပြနေသလိုပဲ။

မဏ္ဍိုင်ကြီး said...

ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့
ုမြန်မာဆန်ဆန်လှတယ်လို့
မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ်
အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့
တိတ်တခိုး နဲ့စိတ်ကူးယဉ်မှု့ခပ်ပါးပါးပါပဲ
ဒါထက်ပိုပြီး ရိုးသားမှု့ကို တန်ဖိုးထားပါတယ်
လက်နှစ်ဖက်ပြည့်ဖို့ အထိတော့
ကျွန်တော့် လောဘတွေကို အဆုံးသတ်ပါနိုင်ပါတယ်
ဖြစ်နိုင်ရင်ရောက်ရာ အရပ်က လှည့်ပြန်ခဲ့ပါ
အိပ်မက်တွေ တစ်လှေလုံး
နင့်အနမ်းတွေနဲ့ ဖူးပွင့်နေလို့ ။
ဒီစာသားလေးတွေ ဆိုင်သူဆီရောက်ပါစေကွာ

မဏ္ဍိုင်ကြီး said...

ကိုတင့်ရေ ကျုပ်ပြောလိုက်မယ်ဗျာ... လမ်းမှာတွေ့ရင်ပေါ့...
ကိုတင့်ဆီကိုသွားလိုက်ပါအုံးပေါ့ နော်
ကဗျာလေးတော့ ကြိုက်တယ်ဗျာ...

Anonymous said...

အကုန်လုံးကောင်းတယ်ကွာ.. ကဗျာလေးက ဇာတ်လမ်းတစ်ပုဒ်လုံးကို မြင်ယောင်လာအောင် သရုပ်ဖော်နေသလိုပဲ.. အမြန်ဆုံးပြန်လာပါစေကွာ...

ကိုရင်ညိန်း said...

ကိုတင့်ရေ.. အရပ်နဲ့မလိုက်အောင် နိမိတ်ပုံတွေမြင့် အဟင့် ရင်နင့်လာပြီ ကျုပ်တောင်ငိုချင်တယ်ဗျာ တကယ်ပါ ထိချက်ရှိရင် တကယ် ခိုက်ရပါတယ်ဗျာ.. ခင်ဗျားရဲ့ မျှော်လင့်ခြင်းအသီးအပွင့်လေး ဖူးပွင့်လာပါစေဗျာ...

Unknown said...

စကားလုံးတွေနဲ့ လူသတ်တမ်းတော့ မဆော့ကောင်းပါ ဘူးကွာ..။ ကောင်မလေးမပြောနဲ့ ငါတောင်ဖတ်ရင်း အသက်ပါသွားမှာဆိုးရတယ်...။ ကောင်းလိုက်တဲ့ စကားလုံးတွေ..ရင်ဘတ်ထဲက တရဝေါစီးကျလာတာ များ...။ အသိဥာဏ်တာတမံတွေတောင် ကျိုးပျက်ကုန် တယ်....။

ရွှေရောင်ကောင်းကင် said...

"ငါ့အသံတွေ မကြားနိုင်လောက်တဲ့အထိ
ထွက်ပြေးသွားခဲ့တာလား
မကြားချင်တော့တာလား
နင်မရှိတဲ့ ငါ့အခန်း
လေ၀င်လေထွက် ခက်နေတယ်
နင်ရေလောင်းနေကျ သစ်ပင်လေးလဲ
ညှိုးနွယ်း နေရော့မယ်
အပြုံးတွေ တစ်ကိုယ်လုံး ဖုံးထားတဲ့
နင့်ဓါတ်ပုံလေးကိုတော့
ငါနေ့တိုင်း ဖုန်သုတ်ဖြစ်ပါတယ် ။".....

အဲဒီ့အပိုဒ်ကိုအကြိုက်ဆုံးပဲ သူငယ်ချင်းရေ... တစ်ပုဒ်လုံးဖတ်ရတာလည်းတော်တော်ကောင်းတယ်... အရမ်းကောင်းတဲ့ကဗျာတစ်ပုဒ်ပါပဲ ဗျာ...

၀ဿန်ဦး said...

ဆရာတင့်ရေ.. ကောင်းလိုက်တဲ့ ကဗျာလေး...
သက်ဆိုင်သူ ပြန်လာပါစေဗျာ... :P

ပန်းခရေ said...

ကိုတင့်ရေ
ကဗျာလေးကကောင်းတယ်ဟာ
တစ်ကယ်ထိတယ်
ရောက်ရာအရပ်ကလှည့်ုပြန်ခဲ့မှာပါ..ဟာ
ငါလည်းတွေ့ရင်ပြောလိုက်မယ်
ကိုတင့်အချစ်ကို တန်ဖိုးထားပေးပါလို့
ပြောပေးလို့ရရင်ပြောပေးပါတယ်ကွာ..
အဆင်ပြေပါစေ

ein said...

အမြန်ဆုံးပြန်လာပါစေလို့
ငါလည်းဆုတောင်းပေးနေပါတယ် THS...း)
အဆင်ပြေပါစေသူငယ်ချင်းရေ...။

Unknown said...

အပြုံးတွေ တစ်ကိုယ်လုံး ဖုံးထားတဲ့
နင့်ဓါတ်ပုံလေးကိုတော့
ငါနေ့တိုင်း ဖုန်သုတ်ဖြစ်ပါတယ် ....ဆိုတဲ့
ကိုတင့်ရေ... လာငိုသွားတယ်ဗျာ။
တပုဒ်လုံး အရမ်းကြိုက်တယ်။

Unknown said...

ကိုတင့်ရေ ဒီကဗျာလေးကိုဘယ်နှခေါမြောက်ရှိပြီလည်းမသိတော့ဘူး
ကိုတင့်ဆီရောက်တိုင်းပဲ ဒီတစ်ခါတော့ ရေးပြစ်လိုက်ပြီမခံစားနိုင်တော့လို့  ရင်နဲ့ခတ်ထားတဲ့အလွမ်းတွေပေါ့နော်

Unknown said...

ငါတောင် စိတ်မကောင်းဖြစ်တယ်။ သက်ဆိုင်သူကို ပေးမဖတ်ခဲ့ဘူးလား ???
လှည့်ပြန်လာပါစေဟာ။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe