• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 26 July 2008

ဘ၀ထဲကို ခုန်ချသွားတဲ့ ငါ့အစ်ကို

ဆယ်လို့ခပ်လို့ရပြီးသမျှ မင်းဘ၀ထဲမှာ
လူသားတစ်ဦး တိုးလာပြီဆိုတဲ့အသိ
ပါးစပ်တစ်ပေါက်တိုးလာရင်
ပါးစပ်တစ်ပေါက် အလျှောက်
အရင်လို မင်း လေလွင့်နေလို့ မရတော့ဘူးအစ်ကို။

ဒီလိုခေတ်ကြီးထဲ မှာ အိမ်ထောင်မှုတစ်ခု
လွယ်လွယ်ပြုလို့ မရတာတော့ မင်း ကောင်းကောင်းသိတယ်
မင်းအရင် လွယ်လွယ်ရ လွယ်လွယ်သုံးခဲ့တုံးကတော့
အမေက မင်းကိုအချစ်ဆုံးလေ
အခုတော့ မင်းမလဲ ငဲ့ကြည့်စရာရှိလာပြီဆိုတော့
မင်းအိမ်ထောင်အတွက် မင်းအရင်သုံးပေါ့။

ငါတို့ညီအစ်ကိုထမင်းတစ်ပန်းကန်ထဲ အတူစားခဲ့တာ
အကျီ င်္ ဘောင်းဘီ ဆင်တူဝတ်ခဲ့တာ
နာမည်ဆင်တူ မှည့်ခဲ့တာကအစ အတူတူပေမယ့်
လျှောက်ခဲ့ရတဲ့လမ်းတွေ မတူခဲ့ပြန်ဘူး အစ်ကို။

အ၀တ်အစားဆိုလဲ ငါ့အကျပဲဝတ်
မင်းအတွက်ကတော့
အကျီ င်္အဖြူတစ်ထည်ရှိရင် ဖြစ်တယ်ဆိုတဲ့အထိ
ပညာတစ်ပိုင်းတစ်စနဲ့ မိသားစုအရေးတွေးရ
မင်းဘ၀ ဘယ်လောက် ပူလောင်ခဲ့ရတယ်ဆိုတာ
ငါတို့မိသားစုဇတ်လမ်းမှာ အနှေးပြကွက်လို
တစ်ကွက်ချင်းစီ
ငါငေးယူခဲ့ရတဲ့ သူရဲကောင်းပါ အစ်ကို။

အစ်ကိုကြီးတော့ အဖအရာ
အဖေ မရှိပဲ ကြီးပြင်းခဲ့ရတဲ့ငါတို့ ညီအစ်ကိုဘ၀မှာ
မင်းဟာ ငါ့အတွက်တော့ တကယ့်အဖ အရာပါပဲ အစ်ကို
ငါကဗျာတွေ ကိုချစ်တတ်သလို
မင်းလဲ ကဗျာတွေကို မြတ်နိုးတယ်
ငါ့ကဗျာစာအုပ်ထဲက ကဗျာတွေ
မဂ္ဂဇင်းပို့မယ် တကဲကဲလုပ်နေတဲ့ အထိ
မင်းလဲ ငါ့အတွက် ကဗျာနဲ့ပါတ်သက်လာရင်
လောဘသိပ်ကြီးတတ်တယ်ဆိုတာ ငါသိတာပေါ့ အစ်ကို။

မင်းဘ၀က မဆန်းခဲ့ပေမယ့်
မင်းပြောတဲ့ စကားတွေက ငါ့အတွက်
အဆန်းတကြယ်နိုင်လှတယ်အစ်ကို
"မင်းလဲမင်းဘ၀ မင်းတည်ဆောက်
ငါလဲ ငါ့ဘ၀ ငါတည်ဆောက်မယ်
မင်းလိမ္မာရင် မင်းအတွက်
ငါမလိမ္မာတာ ငါ့အပြစ်
ဘာမှ ငါ့အတွက် စိတ်မကောင်းမဖြစ်နဲ့
မင်းအဆင်ပြေနေရင် အမေကိုထောက်ပံ့
အဆင်မပြေရင် ငါ့ကိုအကူအညီတောင်း'' တဲ့ ။

ငါ့အတွက် အိပ်မက်တွေ လတ်လတ်ဆတ်ဆတ် ရှိခဲ့သလောက်
မင်းအိပ်မက်တွေ အညှိုးနွမ်းခံပြီး ပခုံးနဲ့ ထမ်းတင်ပေးခဲ့တာ
ဦးစားပေး အနစ်နာခံပြီး ငါ့အတွက်
ကံကြမ္မာကောင်းတွေဖန်တီးပေးခဲ့တာတွေ
ငါတို့ ညီအစ်ကိုကြားမှာ ငါ့အတွက် အမြဲ အလွတ်ရနေမှာပါ အစ်ကို ။ ။

27 comments:

သက်ထွန်းညိမ်း said...

အချစ်ဆုံးသူငယ်ချင်း မင်းကဗျာလေးကို ငါလာဖတ်သွားတယ်...အကိုတစ်ယောက်အပေါ်မှာထားတဲ့ မင်းရဲ့ ခံယူချက် အရာရာတိုင်းကို ငါအားကျလေးစားတယ်ကွာ...မင်းလည်းပဲပျော်ရွှင်ပါစေသူ
ငယ်ချင်းရေ...

Anonymous said...

ကဲ... ဦးတင့် ကိုယ့်လမ်းကို လျောက်ကြတာပဲဗျာ.. အစ်ကိုတစ်ယောက် အပေါ်ထားတဲ့ မေတ္တာကို တကယ်လေးစားတယ်ဗျာ..

Anonymous said...

ကိုတင့်လည်း ဦးလေး ဖြစ်ပြီပေါ့ ကောင်းပါ့ဗျာ အဲ့ရာထူးလေးက အရမ်းကို နွေးထွေးပြီး ကြည်နူးဖို့  ကောင်းတယ် ပြီးတော့ အဲ့လို ခေါ်ခံရတဲ့ အသံလေးတွေနောက်မှာလည်း တာဝန်ယူချင်တဲ့ စိတ်တွေ ပေါ်လာတက်တယ် သိုသော်လည်း..........................
အားမတန်လို့  မာန်လျှော့ဆိုရင်ကော လူပျင်းစကားလို့  သတ်မှတ်ကြလေမလား?????

Unknown said...

မိုက်တယ် အစ်ကိုရေ...ကဗျာလေးက...ထိသွားတယ်။ အားပေးနေပါတယ်....

Mhaw Sayar said...

သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ ညီရေ. အစ်ကို တစ်ယောက် ဆိုတာ ဒါမျိုးပါလား လို့ သိလိုက်ရတယ်. :)

Layma said...

ဘိုတင့်..
အစ်ကိုက မင်္ဂလာဆောင်သွားတာ မဟုတ်ဘူးလား..။
မောင်မျိုးက ဘာလို့  ဦးလေး လို့ ပြောသွားတာလဲ...။
ညီအစ်ကို ၂ ယောက် တစ်သက်လုံးချစ်ချစ်ခင်ခင် နဲ့  အမေကို စောင့်ရှောက်သွားနိုင်ပါစေ..။

ညိမ်းညို said...

ဘိုတင့်ရေ အစ်ကိုအကြောင်းကဗျာရေးတာ မှတ်မှတ်ရရ ၂ ပုဒ်ရှိသွားပြီနော်။ အရင်တခါက ငါ့အစ်ကို ဖတ်ရတယ်။ မင်းသုံးသွားပုံက သိပ်ကောင်းတယ်ကွာ။ မင်းက ကဗျာလက်ကောင်းတဲ့ လူတယောက်ပါကွာ။ နောက်ထပ်နောက်ထပ် ကဗျာကောင်းတွေအများကြီး ဆက်လက်ရေးဖွဲ့နိုင်ပါစေ သူငယ်ချင်းရေ ။

သန့်စင် said...

ကောင်းတယ်ဗျာ လုံးဝ အားပေးတယ် ကဗျာလေးက အသက်ပါတယ် ဗျ ။ နောက်ထပ်နောက်ထပ်လဲ စောင့်ဖတ်ပါအုံးမယ်

၀ဿန်ဦး said...

သယ်ရင်းရေ.. ကဗျာလေး ဖတ်ရတာ ကောင်းတယ်ကွာ... ရင်ထဲမှာ တစ်မျိုးလေးပဲ..

ein said...

မိသားစုဝင်အစ်ကိုကြီး တစ်ယောက်ရဲ့ အနစ်နာခံမှုလေးတွေ ပေါ်လွင်အောင်ဖေါ်ကျူးထားတာ အသက်ဝင်တယ် မောင်တင့်ရေ...အဆင်ပြေပျော်ရွှင်ပါစေ...

ဖြိုးငယ် said...

အစစ အရာရာ အကြောင်းအရာတိုင်း
ကောင်းတယ်ဗျာ ... ခင်ဗျားလဲ တစ်နေ့
ဘ၀ ထဲကိုခုန်ချ ဦးမှာနော် .. ဟေးဟေး

Nyo Htet Nyo said...

မိုက်တယ်ဗျာ….ခေါင်းစဉ်က လှန့်နှိုး လိုက်သလိုမျိုး….စဖတ်လိုက်ကတည်းက…..ကြိုက်တယ်ဗျို့

MisteR said...

သဘောကျတယ်ဗျာ ကျွန်တော်မှာလဲအဲ့လိုအကိုတစ်ယောက်ရှိလို့ ကျွန်တော်ကံကောင်းခဲ့တယ်လေ..

Apprenticeship said...

အင်းညီကော ဘယ်လိုလဲ :P အကိုလိုပဲ အနစ်နာခံတတ်ဘို့တော့ ကောင်းပီနော်..

Unknown said...

ညီအစ်ကိုတွေတစ်ယောက်ပေါ်တစ်ယောက်အပြန်အလှန်နားး
လည်ြ့ကတာအားကျစရာပါဘဲ..ဦးလေးTHS ..။

လင်းဦး(စိတ်ပညာ) said...

ဟုတ်ပ... အစ်ကိုကြီးတော့ အဖရာတဲ့... ကောင်းတယ်ညီလေးရေ...

မင်းကျန်စစ်။ said...

ဦးတင့်ကတော့ ဘယ်အကြောင်းအရာကို ရေးရေး ကောင်းဆဲပဲနော့။ ညီအကို မရှိတဲ့ ငါတောင် ဘာကိုမှန်းမသိ လွမ်းလာပီ။

အညာသား said...

ကောင်းပါလေ့ မောင်တင့်ရာ.. ငါ့ညီကိုတောင် လွမ်းမိတယ်။

ကြယ်စင်နတ်သမီး said...

အစ်ကိုကြီးတော့ အဖအရာ... အစ်မကြီးတော့ အမိအရာ ဆိုသလို မိသားစုတိုင်းမှာ အကြီးဖြစ်တဲ့သူက အမြဲတမ်းအနစ်နာခံပေးရတာ ထုံးစံလိုဖြစ်နေပါပြီမောင်လေးရေ... မောင်လေးတို့ ညီအစ်ကိုနှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ မိခင်ကို လုပ်ကျွေးပြုစုနိုင်ပါစေ...

မျှားပြာ said...

ညီလေးရေ အစ်ကိုလည်း ဘ၀ထဲကို ခုန်ဆင်းတော့မယ် ..
ဒါနဲ့ ဘာမှာဦးမလဲ ...။

နေချိုအေး said...

အရမ်းကောင်တယ်ဗျာ..ညီအကိုမရှိတဲ့သူတောင်ခံစားရတယ်..

ပန်းခရေ said...

အရမ်းကောင်းတယ်..ဘိုတင့်ရာ..
နင့်ကဗျာတွေကအားပါတယ်..
ငါတောင် ငါ့အစ်ကိုတွေကိုလွမ်းလာပီ..
ငါ့တို့လည်း ညီအစ်ကိုမဟုတ်ပေမယ့်
မောင်နှမလည်း သတိရလို့ ရတယ်မလား
း)
ပျော်ရွှင်ပါစေ..

ကိုရင်ညိန်း said...

ဘိုတင့်ရေ မဲဇာပြန်နေလို့ အရောက်နောက်ကျလိုက်လေချင်းကွာ ။ ဒါပေမယ့် မင်းတင်ကတည်းက တစ်ခေါက်ဖတ်ပြီးသားပါ ။
အလိပ် ၅၀ ကွာ ။ အပြည့်

Unknown said...

ရေးထားတာက အရမ်းကိုအသက်ဝင်တယ်၊ အစ်ကိုမရှိတဲ့သူတောင် အစ်ကို မေတာကိုခံစားလို့ရလာတယ်

ဝေလေး said...

ခံစားသွားရတယ်..
ညီအစ်ကိုနှစ်ယောက်တော်တော်ချစ်မယ်ထင်တယ်နော်..
အစ်ကိုမရှိပေမယ့်အစ်ကိုဆိုတာဒီလိုပဲလို့သိသွားတယ်..

ရွှေရောင်ကောင်းကင် said...

မင်းလဲမင်းဘ၀ မင်းတည်ဆောက်
ငါလဲ ငါ့ဘ၀ ငါတည်ဆောက်မယ်
မင်းလိမ္မာရင် မင်းအတွက်
ငါမလိမ္မာတာ ငါ့အပြစ်
ဘာမှ ငါ့အတွက် စိတ်မကောင်းမဖြစ်နဲ့
မင်းအဆင်ပြေနေရင် အမေကိုထောက်ပံ့
အဆင်မပြေရင် ငါ့ကိုအကူအညီတောင်း.....
... ဟုတ်တယ်ဗျာ.. အဲလိုစာသားကြားရင် အစ်ကို တွေကို ပိုသတိရတယ်ဗျာ... အဆင်ပြေပါစေဗျာ..။

ထိပေ့သျှင် said...

"မင်းလဲမင်းဘ၀ မင်းတည်ဆောက်
ငါလဲ ငါ့ဘ၀ ငါတည်ဆောက်မယ်
မင်းလိမ္မာရင် မင်းအတွက်
ငါမလိမ္မာတာ ငါ့အပြစ်
ဘာမှ ငါ့အတွက် စိတ်မကောင်းမဖြစ်နဲ့
မင်းအဆင်ပြေနေရင် အမေကိုထောက်ပံ့
အဆင်မပြေရင် ငါ့ကိုအကူအညီတောင်း'' တဲ့ ။

ဒီစာသားလေး တော်တော်ကြိုက်တယ်ကွာ။နောက်ထပ် ဒီလို ကဗျာလေးတွေ ရေးပေးပါဦး။ မင်းရေးတဲ့ ကဗျာတွေထဲက စာသားတွေကို သေသေချာချာ မှတ်ထားတယ်။ တခြား သူငယ်ချင်းတွေနဲ့ စကားပြောရင် မင်းတို့ ကဗျာထဲက စာသားတွေ ယူယူပြောဖြစ်တယ်။ အဆင်ပြေပါစေကွာ။ အားရင် ငါ့တို့ဘက် အလည်လာခဲ့ဦး။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe