မီးပုံးပျံ
-->
ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]
အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]
တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]
မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]
-->
Posted by တင့်ထူးရွှေ at 17:48 19 comments
Labels: ကဗျာ
ဇတ်ကွက်က ကံကြမ္မာစေစားရာ
အရပ်က ဟိုဘက်နဲနဲတိုးနေရတဲ့ခေတ်
ကျွန်တော်နဲ့ မျှော်လင့်ခြင်းက
တစ်ဖက်အသင်းရဲ့ကံကြမ္မာဂိုးပေါက်ကို
အကြိမ်ကြိမ်သွင်း
လွဲပြီးရင်း လွဲရင်း
ဒီလိုနဲ့ အချိန်တွေစေ့ခဲ့
များမကြာမီ ဖြစ်ပေါ်လာမယ့် အနာဂတ်အတွက်
ရွှေရည်ငွေရည်တွေလောင်းလို့
နာပြီးသားဇတ်မို့
နာနာနဲ့ပဲ ဆက်က မိ
မီးတွေလဲမှိတ်ကုန်ပြီ
အော်ခေါ်နေတဲ့အသံတွေကလဲ
တဖြည်းဖြည်းနဲ့တိမ်ဝင်သွား
တကယ်ပဲ ငါတို့
ပြတ်စဲသွားကြတော့မှာလား
ဘယ်မေးခွန်းကိုမဆို အကြောက်အကန်ငြင်းဆန်ရန်
ကျွန်တော့်တွင် အဖြေမရှိပါ ။ ။
Posted by တင့်ထူးရွှေ at 02:58 19 comments
Labels: ကဗျာ
အာရုံများတဲ့ တနင်္ဂနွေဟာ
တနင်္ဂနွေတစ်ရက်ပဲ ဖြစ်တယ် ။
ရင်ထဲမှာ စည်းရိုးခတ်ခံရသလို
တစ်ခုခုဟာ ခုခံနေတယ်
လူသူအရောက်အပေါက်နည်းတဲ့နေရာလို
သဘာဝနဲ့ အနီးစပ်ဆုံး အကိုင်းတစ်ကိုင်းမှာ
တနင်္ဂနွေဆိုတာကို ချိတ်ထားမယ် ။
တနင်္ဂနွေကို
မဖိတ်ခေါ်ပဲ ရောက်လာမယ့် ဧည့်သည်လို
မပြင်မဆင်ပဲ ဧည့်ခံမယ်
တနင်္ဂနွေဟာ တနင်္ဂနွေပဲဖြစ်ရမယ်။
တနင်္ဂနွေမှာ
ကမူးရူးတိုးဖြစ်နေတဲ့ သတိရစိတ်တွေကို
နှစ်ချို့ဝိုင်တွေထဲနှစ် သတ်မယ်
ခပ်ဝေးဝေးရောက်အောင် ပစ်ထုတ်မယ်
တနင်္ဂနွေဟာ တနင်္ဂနွေပဲ ဖြစ်တယ် ။
တနင်္ဂနွေကို အစိမ်းရောင်တွေပဲ လိမ်းပေးမယ်
တနင်္ဂနွေကို ဖိနပ်မစီးပဲ လမ်းလျှောက်ခိုင်းမယ်
တနင်္ဂနွေကို အထီးကျန်တွေခြင်းတွေနဲ့ အဖော်လုပ်ခိုင်းမယ်
ဒါဆိုရင်ပဲ တနင်္ဂနွေဆိုတာကို ကျေနပ်လိုက်မယ် ။ ။
Posted by တင့်ထူးရွှေ at 10:50 17 comments
Labels: ကဗျာ
အဆင်ပြေရဲ့လား
နင်ငါ့ကိုမမေးဘူး
ဘန်ကီမွန်းထက် နင်ကပိုအလုပ်ရှုပ်တယ်
လာလဲသုတ်သုတ်
ပြန်လဲသုတ်သုတ်
အလုပ်ထဲမှာ အချိန်ကုန်နေရရင်
ကျန်တာတွေ အားလုံးမေ့လို့ရပါတယ်လို့ပြောတယ်
နေ့လဲမဟုတ် ညလဲမဟုတ်
လှောင်ပိတ်နေတဲ့အခန်းထဲမှာ
ငါတစ်ယောက်ထဲပါ
နင်မလာသေးဘူးလား
နင်ပြန်တော့မှာလား
ငါ့မှာ ဒါလေးတွေကလွဲပြီး
ဘာနဲ့များ ငါလမ်းကိုတည့်မတ်ပေးရမလဲ ။
Posted by တင့်ထူးရွှေ at 00:19 24 comments
Labels: ကဗျာ
ည
အရောင်တွေ
ပြိုးပြိုးပျက်ပျက်
အပျော်တွေ ဖိတ်လျှံကျ
ဝံပုလွေများရဲ့ တောရိုင်းထ ဂီတ ။
Posted by တင့်ထူးရွှေ at 11:24 13 comments
Labels: ကဗျာ
ကြမ်းခင်းပေါ်မှာ အိပ်စက်ခဲ့ရလို့
ကျွန်တော့်အိပ်မက်တွေ ကြမ်းရှမနေခဲ့
မွေ့ယာပေါ်အိပ်စက်ခဲ့ရလဲ
ကျွန်တော့်အိပ်မက်တွေဟာ
အိစက်ညက်ညော မလာခဲ့ပြန်ဘူး ၊
အရင်ဘ၀ကလက်ကျန်
ဒီဘ၀အတွက်
ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့
သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ်
သူ့ကို ရှာတွေ့တဲ့အခါ
ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း
သူကပဲအခါခါကိုငြင်းနေတယ်
ဒါဆိုရင် တစ်နေရာရာမှာ တစ်ခုခုဟာ
အသေအချာကို လွဲချော်နေခဲ့ပြီ ၊
ငယ်ငယ်က ရခဲ့ဖူးတဲ့
အမှားခပ်များများလိုပဲ
သေတ္တာတစ်လုံးထဲ ထည့်သိမ်းမိ
သတိရလို့ ထုတ်ကြည့်တဲ့အခါ
အရောင်တွေဘာတွေလွင့်လို့၊
အဆိပ်အတောက်ဖြစ်ခဲ့တဲ့
အတိတ်ကရက်စွဲတွေကလဲ
ဒိုင်ယာရီစာအုပ်လေးထဲ
အလျှားလိုက်သေလို့၊
တစ်ပိုင်တစ်နိုင် မွေးမြုထားတဲ့
ကျွန်တော့်စိတ်ကူးတွေ ကြီးထွားလာခဲ့သော်
ကျွန်တော့်ပတ်ဝန်းကျင်သည်လဲ
ထို့အတူ လှပ လာပါလိမ့်မည် ။ ။
Posted by တင့်ထူးရွှေ at 11:21 11 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 11:11 7 comments
Labels: tag
Posted by တင့်ထူးရွှေ at 15:55 17 comments
Labels: ကဗျာ
တစ်ရက်ထဲမှ ၂၄ နာရီကိုနုတ်ပါ
ဟင်းသီးဟင်းရွက် အသား၊ ငါး ရွေးသလို
ဘ၀ထဲမှ ရွေးပါ
ဒီလိုဆိုတော့လဲ
အဆမတန် မျက်လုံးတွေ ပြူးကုန်ကြမလား
ဟာ ခနဲ ဟာ ကုန်ကြမလား
ဒလဟော စီးဆင်းမှုကို ရပ်တန့်သွားနိုင်အောင်
ကြက်ခြေတွေပဲခတ်ကြမလား
လောကထဲ မှ လူတစ်ယောက်ကိုလဲ
သေခြင်းတရားကပဲ နုတ်ယူသွားဦးမှာပဲလေ။
မီးကြွင်းမီးကျန်ဆိုရင်
နောက်ဆုံး ဆေးလိပ်မီးကအစ
အလျှဉ်းသင့်သလိုညှိမ်းပါ
ပလက်စတစ်လောင်း
မှန်ဘောင်သွင်းထားရအောင်လဲ
ခမ်းခမ်းနားနား ကျွန်တော်တွင် ဘာမှမရှိပါ ။
အိုးမဲ့အိမ်မဲ့လေလွင့်နေတဲ့စိတ်ရိုင်းကို
စွန့်လွတ်မှုတွေနဲ့ အစားထိုးကြည့်
ဖြည့်စွက်စရာများ အများကြီးကျန်ရှိနေပါသဖြင့်
ကိုယ်တိုင်သာ ဖြည့်စွက်ကြပါရန်
သေချာပြီဆိုတဲ့ နေ့မှ
ကျွန်တော့်ဆီ ဖုန်းခေါ်ပါ (သို့)
မက်ဆေ့ခ်ျ ပို့ပါ
သင့်ရဲ့ လက်ဆတ်တဲ့ အပြုံးတစ်ပွင့်မှာ
တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ ပေကျံနေပါစေ ။
မျက်ရည်တွေ မရှိတော့တဲ့ နေ့အထိ
ကျွန်တော် အသက်ရှိနေချင်သည် ။ ။
Posted by တင့်ထူးရွှေ at 16:18 18 comments
Labels: ကဗျာ
တွန်းမှန်းမသိ ဆွဲမှန်းမသိ
လက်တွေက ကြမ်းရှ
စိတ်အပင်ရဲ့ ထိုးထောင်မှုကို
ခုတ်သိမ်းခံရတဲ့အခါ
ရှင်သန်ခြင်းတို့ သေတယ်။
စိတ်အစာငတ်မွတ်ခြင်းမှာ
ခန္ဓာတစ်ခုလုံး နုံးနယ်ချိနဲ့
မီးခိုးတွေပဲ အူနေအောင်ထွက်တယ်။
လမ်းတွေကလဲ တစိမ်းတရံစာလိုပဲ
အမြှီးအမောက် ပြန်တည့်နေရတာကိုက
နေ့ နဲ့ ည။
ရစ်ခြုံသိုင်းဖက်ထားတဲ့ လောကဓံအပေါ်
နည်းအမျိုးမျိုးနဲ့ခါချ ကြည့်
လုံးထွေးသတ်ပုတ်ကြည့်
လိုအပ်တဲ့ ဓါတ်စာဆိုတာလဲ
ပုံမှန်မှီဝဲနိုင်မှ ။
ဒီတစ်နွေ
ပြီး နောက်တစ်နွေ
မျှော်လင့်ချက်တန်းလန်းနဲ့
ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမယ့်ဇာတာ။ ။
Posted by တင့်ထူးရွှေ at 00:59 15 comments
Labels: ကဗျာ
ပဲ့နေတဲ့နေရာလေးကိုမှ
နဲနဲချင်းစိဖဲ့လိုက်သလိုမျိုး
ဒီလိုနဲ့ တစ်ပြင်လုံး ပဲ့ထွက်သွားလိုက်တာ..
ပြန်လာမယ်ဆိုတဲ့စကားကို
အဝေးကြီးကနေပြောတယ်
ဘယ်အရာတွေထဲက ထွက်ကျလာတဲ့အသံလဲ
ဟောဒီနားနဲ့ကို ဆက်ဆက်ကြားမိပါတယ်
တစ်ဦးတစ်ယောက်ချင်းစီအတွက်
ရူးနှမ်းခွင့်နဲ့ အသားကျနေတဲ့နေရာမှာ
မင်းလဲ ပျော်သလိုသာနေပါ
ဘယ်အရာတွေမှ ရပ်နေလို့မရတဲ့ကမ္ဘာမှာ
မင်းရောကိုပါ လိုက်ပါရွေလျှားနေကြတာပဲ
တစ်နေ့နေ့ တစ်ချိန်ချိန်တော့
တိုက်မိ ဆောင့်မိကောင်းပါရဲ့ကွယ်။
တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့
ရေဆုံးရေဖျား
မေးလေးထောက်ထောက် ကြည့်ရတာ အမော
ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ်
လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့
မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ်
နှေးကွေးလေးလံလွန်းလှရဲ့ ။
အဆုံးထိရောက်မှ အစကိုပြန်ကောက်ရတဲ့
ကိုယ့်ကမ္ဘာမှာ
ဘယ်မြစ်မှ သောင်မထွန်းခဲ့ပါဘူး
အမြဲချော်ထွက်နေတဲ့လမ်းကနေ
ခပ်အေးအေးပဲ တေးဆိုနေချင်တယ် ။
မုန့်ဆီကြော် ဘယ်ဆီနေမှန်းမသိတဲ့အဖြစ်ဟာ
စိတ်မှန်းနဲ့ ရူးနှမ်းမှုတစ်ခုဆိုရင်
မုန့်ဆီကြော် မကြိုက်တဲ့ကျွန်တော့်အတွက်
စကားလုံး လှလှ နိတိကျကျ
သွေဖီခွင့်ပြုပါ ။
လမ်းပေါ်မှာတွေ့လို့
ကောက်ယူမွေးစားလိုက်ရတဲ့ အဖြစ်မျိုးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အတွက် အဓိပ္ပါယ်တစ်ခုခုရှိနေမယ်ဆိုရင်
တစ်လနဲ့ကိုးသီတင်း
ကောင်းကင်ကြီးက ၀ှက်ထားတဲ့ ကိုယ့်ကြယ်လေးနဲ့
ဒီညမှာပြည့်ပြည့်၀၀
စကားတွေတ၀ပြောချင်တယ် ။ ။
Posted by တင့်ထူးရွှေ at 21:21 18 comments
Labels: ကဗျာ
ဒီနေရာကိုရောက်တော့
တောနံ့ တောင်နံ့တွေ ပြန်ရတယ်။
မြို့ကြီးပြကြီးရဲ့ အဆင်းတန်ဆာတစ်ခု
ထမ်းပိုးထားရတဲ့အရာတွေခဏတာဖြေလျှော့တဲ့နေရာ
အနဲဆုံးတော့ လတ်ဆက်တဲ့လေ အလကားရတယ်။
မြစ်ကမ်းနဘေးမှာ
နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ
အတွေးဟာ တိပ်ခွေတစ်ခွေလို
ကျော်ချင်တဲ့နေရာကိုကျော်
ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ်
လေသလပ်ခံခဲ့တဲ့ညနေ။
မြစ်ရဲ့ကျောကုန်းပေါ်
မျောပါလာတဲ့ အမှိုက်များနဲ့ကျွန်တော်
ကျွန်တော့်ဘေးမှာထိုင်နေတဲ့ နောက်ထပ်အမှိုက်တစ်စ
ရစ်ခွေဆန်တက်သွားတဲ့ မြစ်ကြောင်းအတိုင်း
ချိတ်ချင်တဲ့ကိုင်းနဲ့ချိတ်
ညှိချင်တဲ့ နေရာမှာညှိလို့
ရေကြီးသုတ်ပြာနဲ့ အရုဏ်တက်ရမယ့် မနက်မှမဟုတ်ပဲ။
ပူနွေးလာတဲ့ကမ္ဘာကြီးနဲ့
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး
အိုဇုန်းလွှာ ပေါက်ခဲ့တဲ့အကြောင်း
အိမ်တစ်အိမ်မှာ အကြီးကောင်က ထင်းခုတ်လိုက်လို့
မျိုးတုံးသွားတဲ့သစ်ပင်
ညည ငါအိပ်လို့မရတာကအစ
ကြက်ခြေနီသုတ်ဘယ်လိုကောင်းကြောင်းညွန်း
နာနတ်သီးကို ငါလဲကောင်းကောင်းမသိဘူး
မင်းကလက်တန်းကောင်းတယ်ဆိုပြီး
ငါတို့ ညှိခဲ့ကြတယ်
ချိတ်ခဲ့ကြတယ်။
ကဲပြန်ကြဦးစို့ ဘိုညိမ်းရေ
ငါတို့အပြန်လိုက်ပို့မယ့်မိုးကလဲ
တာစူနေပြီ
မြေပုံတွေဘေးအုတ်ဂူတွေနား ဖြတ်လျှောက်ခဲ့ရင်း
မျက်စောင်းတွေလဲ လှမ်းထိုးခဲ့ကြဦးစို့
နောက်နှစ်နွေလဲ
ဒီပန်းသီးပင်တွေပေါတဲ့
ပန်းခြံထဲမှာ ခေါင်းလောင်းလာထိုးကြသေးတာပေါ့ကွာ ။ ။
Posted by တင့်ထူးရွှေ at 17:46 23 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 17:27 5 comments
Labels: tag
ဟိုးအဝေး ဘုရားကျောင်းဆီက
ဆုတောင်းသံ သဲ့သဲ့ကြားတယ်
နှင်းတွေကျတဲ့ ရက်စွဲကစလို့
ငါ့အတွက် မိုးခိုစရာ မလိုအပ်တော့ဘူး
လျှပ်စီးတစ်ချက်
မိုးခြိမ်းသံ သက်သက်
အဲဒီတန်ဆာပလာတွေနဲ့
မုတ်သုံရဲ့ တဖက်မှာ
မျှော်လင့်ချက် ရှည်ရှည်တပ်ပြီး
အိပ်မက်ဟောင်းတွေကိုဆယ်ယူဖို့
လိုအပ်သလောက် အနွေးဓါတ် ထည့်ခဲ့ပါ
ငြိမ်းချမ်းတဲ့ ဆုတောင်းသံကြား
ရာသီစက်ဝိုင်းတစ်ပတ်
ငါ့အသက်နဲ့ ထပ်ပြီး
ကောင်းကင်၏ အစွန်အဖျားဆီ ။ ။
၁၆.၀၉.၂၀၀၇
PS >> မဖတ်ရသေးတဲ့ သူငယ်ချင်းတွေက အသစ်လိုပဲ ဘဘောထားပြီး ဖတ်ပေးပါဦး ။
Posted by တင့်ထူးရွှေ at 20:08 10 comments
ကျွန်တော့ရဲ့ ကဗျာဘလော့ဂ် လေးကို လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျာ ၊ဒီနေ့ကျွန်တော် ဟောဒီဘလော့ဂ် လေးနဲ့ ကဗျာရေးခဲ့တာ ၁ နှစ်ပြည့်တဲ့နေ့ပါ၊ ဒီအတွက် အမှတ်တရ အနေနဲ့ ယခုပို့စ်လေးကို ရေးလိုက်ပါတယ်၊ ကျွန်တော် စာမရေးတတ်ပါဘူး ခင်ဗျာ၊ စာမရေးတတ်ဘူးဆိုတာထက် စာဖတ်သူကို ဆွဲဆောင်မှုရှိလောက်အောင် ရေးမပြတတ်ပါဘူး၊ ကျွန်တော်ဝါသနာပါတဲ့ ပေမမီ ဒေါက်မမီ ကဗျာလေးတွေကိုပဲ တစ်ယောက်ထဲ ရူးသွပ်စွာ ရေးဖွဲ့ရင်းနဲ့ ဟော့ဒီဘလော့ဂ်လေးကို အသက်သွင်းခဲ့ပါတယ်၊ ပထမဆုံး စီဘောက်မှာ လာနှုတ်ဆက်ခဲ့တာက ကိုကြီးစိုးထက်ပါ ၊အဦးဆုံးကွန့်မန့်ပေးခဲ့တာက ကျွန်တော့် သူငယ်ချင်း ကိုမျှားပြာ ပါ(ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကြောင့်အဲဒီကွန်မန့်လေး ပျက်သွားခဲ့ရတယ်) ၊ ဒီဘလော့ဂ်လေးရဲ့ ပထမဆုံးတန်းပလိပ်ကို ပြင်ဆင်ပေးခဲ့သူကတော့ ကျွန်တော့်နောင်တော်ကြီး ကိုဖိုးဇင်ပါ၊ မှတ်မှတ်ရရ ကျွန်တော် ပထမဆုံးဖတ်ခဲ့ဖူးတဲ့ မြန်မာဘလောဂ့် ကတော့ ကိုစိုးဇေယျ ရဲ့ဘလော့ဂ် ဖြစ်ပါတယ်၊ အင်တာနက် နည်းပညာတွေ တဟုန်တိုး တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဘလော့စာမျက်နှာတွေ တိုးပွားလာတာဟာဖြင့် ကျွန်တော်အတွက် အလွန်အင်တမန်မှ လေ့လာဆည်းပူးစရာများတဲ့ စာကြည့်တိုက်တစ်ခုအဖြစ် အလားသဏ္ဍာန်တူနေပါတယ်၊ မိမိသိလိုတဲ့ ဗဟုသုတ အကြောင်းအရာ အပြင် မိမိဝါသနာပါတဲ့ ကဗျာဖတ်ခြင်း၊ ကဗျာရေးခြင်းကိုလဲ တစ်ပြိုင်နက် လုပ်ဆောင်နိုင်တဲ့ အတွက် ကျွန်တော်ဒီပတ်ဝန်းကျင်လေးမှာ ပျော်မွေ့နေပါတယ်။
အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော့်ဘလော့လေးကို ပိတ်ထားခဲ့ဖူးပါတယ် တစ်ခါတစ်လေ ဘလော့ ဆက်မရေးချင်တော့ လောက်အောင်ကိုလဲ ခံစားဖူးပါတယ်၊ ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော်တို့ ပြောနေကြအတိုင်းပဲ ဗလာစာရွက်ပေါ်မှာ မှင်ကုန်ခံပြီး ရေးတာထက် စာရင်တော့ ကျွန်တော်တို့ကဗျာတွေ အရောင်ပိုထွက်လာတာအမှန်ပါပဲ၊ ဟောဒီဘလော့ဂ် စာမျက်နှာလေးတစ်ခုကြောင့်ပဲ မိတ်ဆွေအပေါင်းအသင်းများလဲ တိုးပွားခဲ့ပါတယ် သံယောဇဉ်ဆိုတဲ့ ဖြတ်ရခက်တဲ့ ကြိုးလေးတစ်ချောင်းအပေါ်မှာ
ဘယ်တော့မှန်းမသိပေမယ့် တစ်နေ့နေ့တော့ ကျွန်တော်ဒီဘလော့ဂ်လေးနဲ့ သေချာပေါက်ခွဲသွားရမှာပါ ၊သူနဲ့အတူရှိနေနိုင်သေးသရွေ့တော့ ကျွန်တော်ချစ်တဲ့ ကဗျာများကို ကြိုးစားပြီးရေးဖွဲ့နေဦးမှာပါ၊ အမြဲလာအားပေးတဲ့ ကျွန်တော့်သူငယ်ချင်းများအားလုံး ကွန့်မန်တွေ အမြဲလာရေးပေးတတ်တဲ့ ကျွန်တော့်အစ်မတွေရော လာရောက်လည်ပတ်သွားကြတဲ့ ညီအစ်ကိုမောင်နှမ ဘလော့ဂါမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်၊ အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ ..။
Posted by တင့်ထူးရွှေ at 12:06 17 comments
Labels: ကျေးဇူးတင်ကြောင်း
Posted by တင့်ထူးရွှေ at 22:08 10 comments
Labels: ကဗျာ
မျှောချလိုက်ရတော့မယ့်လှေငယ်လေးထဲမှာ
Posted by တင့်ထူးရွှေ at 00:12 14 comments
Labels: ကဗျာ
နုတ်မရတဲ့ စကားတစ်ခွန်းနဲ့
ယာဉ်ကြောမှားခဲ့တဲ့ သံယောဇဉ်
အချစ်မှာ ပရောပရီ နေခဲ့ကြတယ် ။
ဘေးကျပ်နံကျပ်
အိုင်ထွန်းနေတဲ့ စိုးရိမ်စိတ်ကို
ခပ်ထုတ်ကြည့်
ဘယ်လောက်နဲ့ ဘယ်လောက်ကြား
အကွာအဝေးမှာ
အချစ်ဟာ လမ်းပြမပါပဲ
ရောက်အောင်လာနိုင်ခဲ့ ။
အဆင်မပြေမှုအားလုံးကို
တောင်းအလွတ်တစ်လုံးထဲစုထည့်
ခပ်ဝေးဝေးသာလွှင့်ပစ်လိုက်တော့
နွယ်ပင်လို တွယ်တက်လာတဲ့ သံယောဇဉ်မှာ
ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး
တုတ်တုတ်မှမလှုပ် ။ ။
Posted by တင့်ထူးရွှေ at 19:44 11 comments
Labels: ကဗျာ
ဆယ်လို့ခပ်လို့ရပြီးသမျှ မင်းဘ၀ထဲမှာ
လူသားတစ်ဦး တိုးလာပြီဆိုတဲ့အသိ
ပါးစပ်တစ်ပေါက်တိုးလာရင်
ပါးစပ်တစ်ပေါက် အလျှောက်
အရင်လို မင်း လေလွင့်နေလို့ မရတော့ဘူးအစ်ကို။
ဒီလိုခေတ်ကြီးထဲ မှာ အိမ်ထောင်မှုတစ်ခု
လွယ်လွယ်ပြုလို့ မရတာတော့ မင်း ကောင်းကောင်းသိတယ်
မင်းအရင် လွယ်လွယ်ရ လွယ်လွယ်သုံးခဲ့တုံးကတော့
အမေက မင်းကိုအချစ်ဆုံးလေ
အခုတော့ မင်းမလဲ ငဲ့ကြည့်စရာရှိလာပြီဆိုတော့
မင်းအိမ်ထောင်အတွက် မင်းအရင်သုံးပေါ့။
ငါတို့ညီအစ်ကိုထမင်းတစ်ပန်းကန်ထဲ အတူစားခဲ့တာ
အကျီ င်္ ဘောင်းဘီ ဆင်တူဝတ်ခဲ့တာ
နာမည်ဆင်တူ မှည့်ခဲ့တာကအစ အတူတူပေမယ့်
လျှောက်ခဲ့ရတဲ့လမ်းတွေ မတူခဲ့ပြန်ဘူး အစ်ကို။
အ၀တ်အစားဆိုလဲ ငါ့အကျပဲဝတ်
မင်းအတွက်ကတော့
အကျီ င်္အဖြူတစ်ထည်ရှိရင် ဖြစ်တယ်ဆိုတဲ့အထိ
ပညာတစ်ပိုင်းတစ်စနဲ့ မိသားစုအရေးတွေးရ
မင်းဘ၀ ဘယ်လောက် ပူလောင်ခဲ့ရတယ်ဆိုတာ
ငါတို့မိသားစုဇတ်လမ်းမှာ အနှေးပြကွက်လို
တစ်ကွက်ချင်းစီ
အစ်ကိုကြီးတော့ အဖအရာ
အဖေ မရှိပဲ ကြီးပြင်းခဲ့ရတဲ့ငါတို့ ညီအစ်ကိုဘ၀မှာ
မင်းဟာ ငါ့အတွက်တော့ တကယ့်အဖ အရာပါပဲ အစ်ကို
ငါကဗျာတွေ ကိုချစ်တတ်သလို
မင်းလဲ ကဗျာတွေကို မြတ်နိုးတယ်
ငါ့ကဗျာစာအုပ်ထဲက ကဗျာတွေ
မဂ္ဂဇင်းပို့မယ် တကဲကဲလုပ်နေတဲ့ အထိ
မင်းလဲ ငါ့အတွက် ကဗျာနဲ့ပါတ်သက်လာရင်
လောဘသိပ်ကြီးတတ်တယ်ဆိုတာ ငါသိတာပေါ့ အစ်ကို။
မင်းဘ၀က မဆန်းခဲ့ပေမယ့်
မင်းပြောတဲ့ စကားတွေက ငါ့အတွက်
အဆန်းတကြယ်နိုင်လှတယ်အစ်ကို
"မင်းလဲမင်းဘ၀ မင်းတည်ဆောက်
ငါလဲ ငါ့ဘ၀ ငါတည်ဆောက်မယ်
မင်းလိမ္မာရင် မင်းအတွက်
ငါမလိမ္မာတာ ငါ့အပြစ်
ဘာမှ ငါ့အတွက် စိတ်မကောင်းမဖြစ်နဲ့
မင်းအဆင်ပြေနေရင် အမေကိုထောက်ပံ့
အဆင်မပြေရင် ငါ့ကိုအကူအညီတောင်း'' တဲ့ ။
ငါ့အတွက် အိပ်မက်တွေ လတ်လတ်ဆတ်ဆတ် ရှိခဲ့သလောက်
မင်းအိပ်မက်တွေ အညှိုးနွမ်းခံပြီး ပခုံးနဲ့ ထမ်းတင်ပေးခဲ့တာ
ဦးစားပေး အနစ်နာခံပြီး ငါ့အတွက်
ကံကြမ္မာကောင်းတွေဖန်တီးပေးခဲ့တာတွေ
ငါတို့ ညီအစ်ကိုကြားမှာ ငါ့အတွက် အမြဲ အလွတ်ရနေမှာပါ အစ်ကို ။ ။
Posted by တင့်ထူးရွှေ at 23:16 27 comments
Labels: ကဗျာ
ထုတ်လှမ်းထားမိတဲ့ သံသယတွေ
ရုတ်သိမ်းလိုက်တဲ့အခါ
ညောင်းညာနေတာတွေ
အားလုံးပျောက်သွားသလို
အတွေးက
ဆိပ်ကမ်းကို နှစ်ခါပြန်မကပ်
အိမ်ရှေ့ပေါက်က တက်လာပြီး
နောက်ဖေးပေါက်က ပြန်ဆင်းသွားသလို
ဒီမှာတင် ကိစ္စပြီးတယ်
ခံစားချက် တူညီသလောက်
ရင်ခုန်သံခြင်း ပေါင်းကူးကြည့်တော့
ဒီလောက်တောင်ပဲလားတဲ့
ကျွန်တော်က
ဒီထက်တောင်ပိုသေး ။ ။
Posted by တင့်ထူးရွှေ at 16:12 13 comments
Labels: ကဗျာ
ချိုင့်ဝှမ်းထဲက ငါ့အတွေးတိုင်းကို
နင့်အရိပ်တွေနဲ့ပဲ အုပ်မိုးထားခဲ့
သွေးထွက်သံယိုများမယ်မှန်းသိတဲ့ ကစားမှုမျိုးကို
ဘယ်လိုအတွေးနဲ့ လက်တည့်စမ်းလိုက်သလဲ
ညဟာ တဖြည်းဖြည်း
အလင်းရောင်နဲ့ဝေးဝေးလာခဲ့
လာလမ်းတွေ ဖြောင့်ခဲ့တယ် ။
ဒီတစ်ခါ မှန်လိုက်တဲ့ ခဲက
ကန်ရေပြင်တစ်ခုလုံး ၀ဲဂယက်ထသွားတယ်
ဒါဟာ ငါ့ပယောဂ သက်သက်မဟုတ်တာကိုတော့
နင့်လိပ်ပြာသန့်ပေးပါ
နောက်ဆုံးကြယ်သီးတစ်လုံးဖြုတ်အပြီးမှာ
ငါ့ရင်ဘတ်တစ်ခုလုံး
အေးစက်မာကျောနေခဲ့ပြီလား ။
အက်ရာအက်ကြောင်း မထင်မိစေဖို့
နင့်လက်နဲ့ဖြစ်ဖြစ်
ငါဖတ်ဖို့ နောက်တစ်မျက်နှာ လှန်လိုက်ပါတော့
အပျက်ပျက်နဲ့ ဒီလိုနှာခေါင်းသွေးထွက်မယ့်အရေး
ဘယ်သူက ဘယ်သူကို ချိန်ရွယ်မိမှာလဲ ။
ဒီမှာ နင်လဲကျခဲ့တုံးက ဘယ်သူအရင်ဆုံးထူမခဲ့သလဲ
အချစ်ကိုလျှော်ကြေးတစ်ခုလို
လိုလိုလားလားပေးဆပ်ခဲ့တဲ့ငါ့အတွက်
ဘယ်လို ဘေးထွက်တွေနဲ့ စတေးပစ်လိုက်ရမလဲ ။
ဖြစ်နိုင်ရင်
ဒီဘ၀မှာတင် နင့်အပေါ်တင်နေတဲ့
ငါ့ရဲ့အချစ်တွေ အကြေပေးလိုက်ပါရစေတော့ ။ ။
Posted by တင့်ထူးရွှေ at 00:34 13 comments
မီးညွန့်တစ်အားကောင်းနေတော့
တစ်ပုံးလဲ မရ နှစ်ပုံးလဲ မရ
ဖြစ်ပုံများ
မီးများမီးနိုင်ပဲ …
တစ်နေ့တစ်နေ့
ဝှက်စာတွေ ထိုင်ဖော်ရတာကပျင်းရိဖွယ်
စာမတတ်တော့လဲ
မျက်စိသူငယ် နားသူငယ် ။ ။
Posted by တင့်ထူးရွှေ at 21:25 12 comments
Labels: ကဗျာ
ကျွန်တော့်အကြောင်းဆိုရင်တော့
ပြီးစလွယ်ပဲမေ့ပစ်လိုက်ပါ
ကြုံကြိုက်လို့ ကိုယ်ချင်းစာမိရာက
အမြဲသတိရနေမှာလား
သင်္ခါရ ရထားထွက်တော့မှာမို့
ကျွန်တော့်တစ်နေရာစာ ဘယ်သူလိုက်သွားမလဲ ???
ရှေ့ဘူတာမှာ သံသရာလမ်းခွဲခရီးသည်တွေ ။
ကြော်ငြာအားကောင်းတဲ့ နာရီတွေမှာ
အချိန်အပိုတွေ အခမဲ့ပေးထားတယ်တဲ့
လိပ်အခွံနဲ့လုပ်ထားတဲ့ ကျွန်တော့်ကျော
တစ်ဘ၀စာ အာမခံတယ် ဘယ်ဓါးမှ မတိုးဘူး
လိုချင်တယ်ဆိုရင်တော့ စွန့်စားရှာဖွေပါ
လိပ်စာကပ်မထားဘူး
လက်ကမ်းစာတွေ မဝေဘူး ။
အမှိုက်ပုံထဲမှာလဲ ရှိတတ်တယ်
ချောဆီသုတ်ထားတဲ့ တိုင်ထိပ်မှာလဲ ရှိတတ်တယ်
ဆိုက္ကားဆရာတစ်ယောက်ရဲ့ ခြေသလုံးဟာမိသားစုတစ်ခုလုံး
စားဝတ်နေရေးတွေ ကြွက်တက် နေတယ် ။
ထမင်းရည်ပူစီး နင်းမိလိုက်တဲ့ ထုပ်စီးတိုးသူလို
ဘ၀ကိုအစကပြန်ကစားရကြေးဆိုရင်
ရေသေမှာပဲ အစုန်မျှောလိုက်ချင်တယ်
မီးထတောက်တဲ့ ရေ ဆိုသေချာပေါက်အစစ်
ပစ်စလက်ခတ် ထားတတ်တဲ့ ကျွန်တော့်အတွေးက
ပုပ်အဲ့အဲ့ အနံ့အသက်ရပြီဆိုရင်
ကျွန်တော့်စာကြောင်းအားလုံး မှင်နီခြစ်ခဲ့လိုက်ပါ ။ ။
Posted by တင့်ထူးရွှေ at 13:57 12 comments
Labels: ကဗျာ
လက်ဖက်ခြောက်ခပ် နှပ်ထားတဲ့
ခပ်ကျကျ လက်ဖက်ရည်တစ်ခွက်လို
ညတွေကိုမော့သောက်
အလွမ်းတွေ ပျို့အန်လာပုံများ
လူမသိ သူမသိ
ကဗျာတောင်းကြီးထဲ
တစ်စစီကောက်ထည့် …
အစိပ်စိပ်အမွာမွာကွဲ ဖရဲသီး
ရင်ကြားစေ့လိမ္မော်သီး ။
အလောင်းဖျောက်ဖျက်ခံလိုက်ရတဲ့
ဝိညာဉ်တစ်ခုရဲ့ ကွယ်ရာမဲ့တေးလို
စိတ်တစ်ခုရဲ့ ကြိမ်နှုန်းဟာ အတိတ်ကို တဖျပ်ဖျပ်ထခတ်
ဝမ်းနည်းမှုတွေနဲ့ ငါ့တစ်မြို့လုံး အလံတစ်ဝက်တင်လို့
ဘိုးတံပျောက်နေတဲ့ ငါ့တယောလေး
ကိုးကွယ်မှုမှာ ဘာသာမဲ့ခဲ့တယ် ။
Posted by တင့်ထူးရွှေ at 13:55 4 comments
Labels: ကဗျာ
တစ်နေရာစာ ခြေချခွင့်ရတဲ့ လူ့အဖြစ်အပေါ်
Posted by တင့်ထူးရွှေ at 13:52 6 comments
Labels: ကဗျာ
နောက်တစ်ခါ မမူးတော့ပါဘူး
သမီးလေးမျက်နှာ ပြေးမြင်တယ်
သူလဲပဲ အရွယ်ရောက်နေပြီ
ရှက်ရှာမှာပေါ့
နောက်တစ်ခါ မသောက်တော့ပါဘူး
ငါ့အတွက် အရက်တစ်လုံးဖိုးက
ညစာဟင်း တစ်ခွက်ဆိုလဲ
ငါတို့ထမင်းဝိုင်းလေး စိုပြေမှာပဲ
နောက်တစ်ခါ မရမ်းတော့ပါဘူး
မျက်နှာမထားတတ်တဲ့
အိမ်သူခမျာ ပူပန်သောက
မျက်ရည်ကျရတော့ စိတ်မကောင်းဘူး
နောက်တစ်ခါ အဖော်မရှာတော့ပါဘူး
အတင်းတိုက်တိုင်း သောက်တတ်တဲ့
အားနာမှု့က ငါ့လစ်မစ်ထက် ပိုမူးစေတယ်
နောက်တစ်ခါ မသောက်တော့ပါဘူး
မူးလာရင် သွေးဆိုးတတ်တဲ့ အကျင့်ကို
ဂုဏ်သိက္ခာတစ်ထပ်နဲ့ အလဲအလှယ် လုပ်ခဲ့ပြီးတဲ့နောက် ။ ။
Posted by တင့်ထူးရွှေ at 13:50 6 comments
Labels: ကဗျာ
ကျွန်တော်ခြစ်လိုက်တဲ့ မီးစက
Posted by တင့်ထူးရွှေ at 13:48 6 comments
Labels: ကဗျာ
စိတ်ကို ဂျက်ချထားလိုက်တယ်
ဘယ်မလဲ ထွက်ပေါက်
အရောက်နောက်ကျခြင်းဟာ
အသက်အရွယ်နဲ့မဆိုင်ဘူး
တန်ဖိုးရှိတဲ့အရာတွေက
စက္ကူရွှက်တွေ ဖြစ်ဖြစ်နေတော့ …။
ကြာကြာခံဖို့ ထုပ်ပိုးထားရ
အသင့်စားဖို့အတွက်လဲ ထုပ်ပိုးထားရ
အလွယ်တကူ တူးဖော်ခွင့်မရတဲ့အခါ
ဘာနဲ့ပဲထုပ်ထုပ်
ဘယ်တော့မှ ပွင့်မလာသေးဘူး ။
အဲဒီသစ်ပင်ကြီး ဘယ်လောက်အိုအို
သူ့ရင်ဘတ်ပေါ်မှာ
ငါတို့ ထွင်းခဲ့ဖူးတဲ့
အသဲပုံ လေးကတော့
သူ့ဘ၀အတွက်သေရာပါပဲ ။
၂ နာရီခွဲပဲစောစော
၃ နာရီခွဲပဲ နောက်ကျကျ
နင့်နာရီနဲ့ ငါ့နာရီ
တစ်ထပ်တည်းကျတဲ့အချိန်ဟာ
ငါတို့အတွက် ဆုံမှတ်ပေါ့ ။ ။
Posted by တင့်ထူးရွှေ at 22:35 12 comments
Labels: ကဗျာ
အမြဲ ပစ်မှတ်လွဲချော်တတ်တဲ့ကျွန်တော်
တစ်ခါတစ်ခါ ကိုယ့်စိတ်ကို ဖမ်းဆွဲထားရတာကိုက
ကစားပွဲ တစ်ခုလို
သတိရလိုက်တယ်
ဒါဟာ သွေးလေခြောက်ခြားတာ
''ကောင်လေး ကောင်လေး''
ခဏ ခဏ မခေါ်ပါနဲ့
ကျွန်တော်သံသရာတွေကို ဆွဲဆန့်နေလို့
''အိပ်မရရင်လဲ ထထိုင်နေလိုက်''
လမ်းထိပ်ကင်းတဲက သံချောင်းခေါက်သံ
သုံးချက်လား လေးချက်လားအတိအကျမသိ
စိတ်တစ်ခုလုံးမှာလဲ အကြားအလပ်မရှိ ။
လရောင်ကို ချဉ်ခြင်းတပ်လို့မရတဲ့ဘဝမှာ
ညဟာ ညမပီသဘူး
တစ်စချင်း ရှင်းထုတ်ပစ်တာတောင်
မက်စောက်တယ်
အခုအချိန်ထိကို ဘယ်လိုအရသာနဲ့မှ
ခံတွင်းမတွေ့သေးတာ
ခံတွင်းပျက်တာကြာလှပေါ့ ။
ကြည်လင်သန့်ရှင်းတဲ့ရေအေးအေးလေးတစ်ခွက်လောက်
အဲဒီအရသာကို ကျွန်တော်တက်မက်နေလို့
လူတစ်ယောက်ကို ချည်နှောင်လိုက်ဖို့
ကြိုးမလိုဘူး
စကားလေး တစ်ခွန်း
လှုပ်လေ မြှုပ်လေ
အသက်ကယ်ဆေးဆိုလို့
ပယ်နယ်တီတောင် မကန်လိုက်ရဘူး
ဒီတစ်ခါလဲ ရှုံးတယ် ။ ။
Posted by တင့်ထူးရွှေ at 22:23 8 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 20:09 19 comments
Labels: ကဗျာ
ငါ့ခေါင်းထဲက အမှတ်သညာကို
နံရံနဲ့တိုက်ထုတ်တိုင်းလဲ
ထွက်ကျမလာတော့ဘူး
နှလုံးသားမှာ သွေးခဲနေတဲ့
ဒီနာမည်ကို
ဘာလို့ ခြစ်ထုတ်ပြစ်ရမှာလဲ
အဲဒီအိပ်မက်ဟာ
ညမွေးပန်းကြောင့်ဆိုရင်
အိပ်စက်ခြင်းကို အပြစ်တင်မယ် ။ ။
Posted by တင့်ထူးရွှေ at 17:12 9 comments
Labels: ကဗျာ